ကုလ လူ့အခွင့်အရေး မဟာမင်းကြီး မြန်မာ့ရွေးကောက်ပွဲ မျှတမှုရှိရေး တိုက်တွန်း

၁၅ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံကို ဒီကနေ့ ဂျီနီဗာမြို့မှာ စတင်ကျင်းပနေပါပြီ။ ဒီညီလာခံအတွင်းမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေကိုလည်း ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

ညီလာခံဖွင့်တဲ့ ဒီကနေ့မှာပဲ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး နာဗီ ပေလေး (Navi Pillay) က မြန်မာနိုင်ငံက လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူ့ရဲ့ စိုးရိမ်ပူပန်မှုကို အခုလို ပြောသွားပါတယ်။

“မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ သတိနဲ့ စောင့်ကြည့်ကြရပါလိမ့်မယ်။ ခြိမ်းခြောက်ခြင်း၊ တိုက်ခိုက်ခြင်းနဲ့ ဖယ်ကြဉ်ခြင်း ခံရသူတွေကို သေသေချာချာ အကာအကွယ် ပေးဖို့လည်း မဖြစ်မနေ လိုအပ်ပါတယ်။

“ရွေးကောက်ပွဲတွေ လွတ်လပ်ပြီး တရားမျှတနိုင်ဖို့ဆိုရင် လွတ်လပ်စွာ အမြင်ချင်း ဖလှယ်နိုင်တဲ့ အခြေအနေတွေ ရှိရမယ့်အပြင် သက်ဆိုင်သူတွေ အားလုံး ပြည့်ပြည့်၀၀ ပါဝင်နိုင်ရမယ်ဆိုတာ လုံးဝငြင်းလို့ မရပါဘူး။ ရွေးကောက်ပွဲဖြစ်စဉ် အပါအဝင် တခြား အရပ်ဘက် ကိစ္စတွေမှာ ရာဇဝတ်မှု ကျူးလွန်တယ်လို့ သံသယဖြစ်ရသူတွေ အနေနဲ့ တရားမျှတတဲ့ ရုံးတင်စစ်ဆေးမှုနဲ့ သင့်တော်တဲ့ ပြစ်ဒဏ်ကို ချခံစေရမှာ ဖြစ်တယ်ဆိုတာ ထပ်လောင်း ပြောချင်ပါတယ်။”

ဒီကနေ့ နိုင်ငံအလိုက် လူ့အခွင့်အရေး အခြေအနေတွေကို ဆွေးနွေးတင်ပြကြတဲ့ အထဲမှာတော့ ထူးထူးခြားခြား မော်လ်ဒိုက်နိုင်ငံကလည်း မြန်မာရွေးကောက်ပွဲ အခြေအနေအပေါ် စိုးရိမ်မှုကို ပြောသွားပါတယ်။ နိုင်ငံရေးမှာ အတိုက်အခံတွေကို ပါဝင်ပတ်သက်ခွင့် ပေးဖို့နဲ့ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မော်လ်ဒိုက်နိုင်ငံက တိုက်တွန်းသွားပါတယ်။

မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်၊ မမြောက် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ဖို့ ပြီးခဲ့တဲ့အခေါက် ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က အကြံပြုခဲ့ပါတယ်။ ဒီအပေါ်မှာ အခုအချိန်ထိ နိုင်ငံ ၆ နိုင်ငံက ထောက်ခံထားပြီး ဒီကိစ္စကို အခု လူ့အခွင့်အရေး ညီလာခံအတွင်း ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။