ဒေသတွင်း စီးပွားရေး တိုးတက်မှု မြန်မာ ပူးပေါင်းပါဝင်ဖို့ ကတိပြု

အိမ်နီးချင်း ၅ နိုင်ငံကြားမှာ မြန်မာနိုင်ငံအနေနဲ့ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနဲ့ စိုက်ပျိုးရေး ထွက်ကုန်တွေ ပိုမိုတင်ပို့နိုင်ရေး စတဲ့ကဏ္ဍတွေကို အလေးထား ဆောင်ရွက်သွားဖို့ရှိတယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ နေပြည်တော်မှာ နှစ်ရက်တာ ကျင်းပနေတဲ့ ဒေသတွင်း ဖွံ့ဖြိုးမှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတွေဖြစ်တဲ့ CLMV နဲ့ ACMECS ညီလာခံတွေ အပြီးမှာလည်း အဲဒီလိုပြောသွားတာပါ။ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (၄) နိုင်ငံပါဝင်တဲ့ (၇) ကြိမ်မြောက် CLMV ထိပ်သီးဆွေးနွေးပွဲကို ဇွန်လ(၂၂)ရက် တနင်္လာနေ့က နေပြည်တော်မှာ ကျင်းပခဲ့တာဖြစ်ပြီး အာဆီယံအဖွဲ့အတွင်း တခြားနိုင်ငံတွေနဲ့ ဒီ (၄) နိုင်ငံကြား ဖွ့ံ့ဖြိုးမှုကွာဟနေတာကို လျှော့ချနိုင်ဖို့ ဘယ်လိုလုပ်ဆောင်မလဲ ဆိုတဲ့အကြောင်းတွေ ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲရဲ့ နောက်ဆက်တွဲအဖြစ် CLMV (၄) နိုင်ငံနဲ့ ပထဝီ အနေအထားအရ ဆက်စပ်နေတဲ့ ထိုင်းနိုင်ငံ ထပ်မံပါဝင်တဲ့ ACMECS (ခေါ်) ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ လုပ်ငန်းအစီအစဉ်ရဲ့ (၆) ကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲကို နေပြည်တော်မှာ ဒီကနေ့ ကျင်းပခဲ့ပါw,f။ ဆွေးနွေးပွဲ အပြီး ACMECS က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် က ဒါနဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။
“အဓိက ကတော့ဗျာ CLMV နဲ့ ဒီ ဧရာဝတီ-ကျောက်ဖရား-မဲခေါင်ရဲ့ ရည်ရွယ်ချက်ကတော စီးပွားရေး ကဏ္ဍပေါ့။ CLMV က အာဆီယံ နိုင်ငံတွေထဲမှာ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ နိုင်ငံတွေဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့က အမှီလိုက်ဖို့အတွက် ၄ နိုင်ငံပေါင်း ပြီးတော့ ပူးပေါင်း ဆောင်ရွက်တယ် ပြီးရင် ဧရာဝတီ-ကျောက်ဖရားနဲ့ ချိတ်တယ်ဆိုတာက ဒီကျနော်တု့ိ ၅ နိုင်ငံလုံးက ပထဝီ အနေအထားအရ ဆက်စပ်နေတာကိုး။ ဒါကြောင့်မို့ ပူးပေါင်းဆောင်ရွက်မှု အဓိကကတော့ စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်တယ်၊ အလေးထားပြီး ပြောတာကတော့ ဒီ ၅ နိုင်ငံကြားထဲမှာ ဆက်သွယ်ရေးလမ်းကြောင်း - အထူးသဖြင့် ကားလမ်း၊ ရထားလမ်း ဆက်သွယ်ရေး လမ်းကြောင်းတွေ တိုးမြှင့်ဖို့ ခရီးသွားလုပ်ငန်းတွေ တိုးမြှင့်ဖို့ ၊ နောက်တခါ ဒီအဖွဲ့ထဲမှာမှ ရှေ့မှာနည်းနည်းပြေးနေတဲ့ ထိုင်းနိုင်ငံတို့ ဗီယက်နမ်တို့က ကျန်တဲ့နိုင်ငံတွေနဲ့ သူတို့ရဲ့ အတွေ့အကြုံတွေ မျှပြီးတော့ဖလှယ်ဖို့ ၊ နောက်တခါ သင်တန်းတွေ ပိုပြီးတော့ပေးဖို့ ဒီလိုကိစ္စမျိုးတွေကို အဓိကထား ဆွေးနွေး တာပေါ့။”

နိုင်ငံပေါင်း ၅ နိုင်ငံပါဝင်တဲ့ ACMECS အဖွဲ့ကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ကုန်သွယ်ရေး-ရင်းနှီးမြှုပ်နှံမှုနဲ့ နယ်စပ်စီးပွားရေးဇုံတွေမှာ စီးပွားရေး အဆောက်အအုံတွေ တိုးမြှင့်ဆောက်လုပ်ရေး ပါဝင်သလို၊ နယ်စပ်ဖြတ်ကျော်ပြီး လျှပ်စစ်ဓါတ်အားပေးလိုင်းတွေ တိုးမြှင့်တည်ဆောက် ရေးတွေမှာ ဘယ်လိုလက်တွဲ ဆောင်ရွက်သွားကြမလဲဆိုတာလည်း ပါဝင်ပါတယ်။ ဒါ့အပြင်လမ်းပန်းဆက်သွယ်မှု ပိုကောင်းလာအောင် တိုးချဲ့ဆောင်ရွက်ဖို့ ၊ ကမ္ဘာလှည့် ခရီးသွားကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်သွားဖို့နဲ့ စိုက်ပျိုးရေး ကဏ္ဍတွေမှာ လယ်ယာထွက်ကုန်တွေ အပြန်အလှန် တင်ပို့သွားရေး၊ လူသားအရင်းအမြစ် အားကောင်းလာအောင် လုပ်ဆောင်ရေး၊ ကူးစက်ရောဂါ တားဆီးရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွေမှာ ပူးပေါင်းဆောင်ရွက်သွားရေးတွေ ပါဝင်တာ တွေ့ရပါတယ်။

မြန်မာနိုင်ငံ အတွက်တော့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ စိုက်ပျိုးရေး ထွက်ကုန်တွေ တင်ပို့နိုင်ရေးမှာ ပိုပြီးလုပ်ဆောင်နိုင်တာရှိကြောင်း ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
“ပထဝီ အနေအထားအရ ဗီယက်နမ်ရယ် လာအိုရယ် ကမ္ဘောဒီးယားရယ် ထိုင်းရယ် မြန်မာရယ်က ဆက်စပ်နေတယ်။ အခုချိန်မှာ ဆိုရင် ဥပမာ- ကျနော်တို့နဲ့ ထိုင်းနိုင်ငံကြားမှာဆိုရင် ချစ်ကြည်ရေး တံတားရှိတယ်။ လာအိုနဲ့ ချစ်ကြည်ရေး တံတားရှိတယ်။ နောက် ဗီယက်နမ် နဲ့ လာအိုကြားမှာ ဆက်သွယ်မှု လမ်းကြောင်းတွေရှိတယ်။ အဲဒီတော့ အခုကျနော်တို့ လုပ်နေတာက အဲဒီလမ်းကြောင်းတွေကနေပြီးတော့မှ ကုန်သွယ်မှုတွေကို ပိုပြီးတော့ များများစားစား လုပ်နိုင်ဖို့၊ နောက်တခါ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း တိုးတက်ဖို့ဆိုရင် Single ဗီဇာပေါ့နော် တနိုင်ငံမှာ ဗီဇာရရင် ကျန်တဲ့နိုင်ငံတွေ အားလုံးသွားနိုင်ဖို့ နောက်တခါ အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေက အဲ့ဒီနယ်စပ်ဂိတ်တွေမှာ တပြေးညီဖြစ်ဖို့ ၊ ဒီလိုဟာမျိုးတွေကို ကျနော်တို့လုပ်နေတာ။ နောက်တခုကတော့ ကျနော်တို့ ၄ နိုင်ငံက စိုက်ပျိုးရေး အဓိကနိုင်ငံတွေ ဖြစ်နေတယ်။ ထိုင်းကလည်း စိုက်ပျိုးရေး အဓိကဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ရဲ့ စိုက်ပျိုးရေး ပို့ကုန်တွေကို ဈေးကွက် ချဲ့ထွင်နိုင်ဖို့ ဒီလိုဟာမျိုးတွေကို ပေါင်းပြီးတော့ လုပ်နေတာပါ။ ဒေသတွင်းမှာ အာဆီယံက လုပ်နေတဲ့ စီးပွားရေး စင်္ကြန်တွေရှိတယ်ပေါ့နော် အဲဒီဟာတွေနဲ့ ချိတ်ဆက်ပြီးတော့လုပ်ဖို့ ဒီလိုမျိုး စဉ်းစားကြတာပေါ့နော်။”

ဧရာဝတီ-ကျောက်ဖရား-မဲခေါင် ဒေသတွင်းဖွံ့ဖြိုးမှု ACMECS ထိပ်သီးဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ်တုန်းက ပုဂံမြို့မှာ ပထမအကြိမ်အဖြစ် ကျင်းပခဲ့ပြီး ပုဂံကြေညာစာတမ်းတစောင် ထွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၄ နိုင်ငံပါတဲ့ CLMV နိုင်ငံတွေကြား ဖွ့ံ့ဖြိုးရေးကွာဟမှု လျှော့ချနိုင်ဖို့ ကြိုးစားနေတာကြောင့် မြန်မာနိုင်ငံ အနေနဲ့ ဘယ်အတိုင်းအတာထိ ဆောင်ရွက်နိုင်ခဲ့သလဲ ဆိုတဲ့အချက်အပေါ် ဝန်ကြီး ဦးရဲထွဋ်က အခုလို ရှင်းပြပါတယ်။
“ကိန်းဂဏန်း data အတိအကျကတော့ အမျိုးသားစီမံကိန်းဌာနမှာပဲ ရှိမှာပေါ့နော်။ ကျနော်က ယေဘုယျကို ပြောနိုင်တာကတော့ ကျနော်တို့ CLMV ရော၊ ဧရာဝတီ-ကျောက်ဖရားရောမှာ ကျနော်တို့ပါဝင် ဆောင်ရွက်တဲ့ အတွက်ကြောင့်မို့လို့ အာဆီယံ တခုတည်းသော စီးပွားရေး အသိုက်အဝန်း AEC အတွက် ပြင်ဆင်စရာရှိတာတွေ ကျနော်တို့ ပြင်ဆင်တဲ့နေရာမှာ အများကြီး အထောက်အကူပြုတယ်။ နောက်တခါ အထူးသဖြင့် ကုန်စည်ပြပွဲလို ဟာမျိုးဆိုရင် ကျနော်တို့ နိုင်ငံတွေ ကြားထဲမှာ အပြန်အလှန် အများကြီး လုပ်နိုင်ပြီးတော့ ဈေးကွက်တွေ ရှာနိုင်ခဲ့တယ်လို့တော့ ပြောနိုင်ပါတယ် ”

ACMECS အဖွဲ့မှာ ပါဝင်တဲ့ ထိုင်းနိုင်ငံကတော့ အခြား ၄ နိုင်ငံနဲ့ ဆက်ဆံရာမှာ ထိုင်းနိုင်ငံရဲ့ လုပ်ထုံးလုပ်နည်း စည်းမျည်းတွေကို လိုက်လျှောညီထွေမှု ရှိအောင်နဲ့ ကွာဟချက်တွေ နည်းသွားအောင် လုပ်ဆောင်နိုင်တာတွေ ရှိတယ်လို့ ထိုင်းစစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ချမ်အိုချာက နေပြည်တော်ဆွေးနွေးပွဲမှာ ပြောသွားပါတယ်။ ဒါဟာ အာဆီယံ စီးပွားရေး အသိုက်အဝန်း တည်ထောင်နိုင်ဖို့ ကြိုးပမ်းနေတာကို အထောက် အကူဖြစ်စေတယ်လို့ သူကပြောပါတယ်။