ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ မြန်မာနိုင်ငံအနေနဲ့ အဆင်သင့်ဖြစ်နေပြီး တဖြည်းဖြည်းချင်း ပြန်လက်ခံသွားမယ်လို့ မြန်မာပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ဘင်္ဂလားဒေ့ရှ်သမ္မတကို ပြောတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေဟာ သုံးရက်ကြာခရီးစဉ်နဲ့ ဘင်္ဂလားဒေ့ရှ်မှာရောက်နေ တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်သမ္မတ Md Abdul Hamid နဲ့ ကြာသပတေးနေ့က ဒါကားမြို့တော်မှာ တွေ့ဆုံတယ်လို့ သမ္မတရဲ့ပြောခွင့်ရ Joynal Abedin က သတင်းမီဒီယာတွေ ကိုပြောပါတယ်။
ဒုက္ခသည်တွေကို ပြန်လက်ခံရေးလုပ်ငန်းစဉ် စတင်ဖိုပ မြန်မာနိုင်ငံအနေနဲ့ အဆင်သင့်ဖြစ်နေပြီး နှစ်နိုင်ငံအကြား ပြီးခဲ့တဲ့လ သဘောတူညီချက်နဲ့အညီ စခန်းတခုကိုလည်း တည်ဆောက်ထားပြီးပြီလို့ ဒုဗိုလ်ချုပ်ကြီးကျော်ဆွေကပြောကြောင်း ပြောခွင့်ရ Joynal ကပြောပါတယ်။
ဒါ့အပြင် ကိုဖီ အာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေကိုလည်း မြန်မာအစိုးရအနေနဲ့ တဖြည်းဖြည်းချင်း အကောင်အထည်ဖော် သွားမယ်လို့ မြန်မာပြည်ထဲရေးဝန်ကြီးကပြောကြောင်း ဘင်္ဂလားဒေ့ရှ်သမ္မတရဲ့ ပြောခွင့်ရက ပြန်ပြောပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အိုးအိမ်စွန့်ထွက်ပြေးလာကြတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ပြဿနာကြီးတခုဖြစ်တယ်ဆိုတာ သမ္မတ Hamid က မြန်မာပြည်ထဲရေးဝန်ကြီးနဲ့ တွေ့ဆုံချိန်အတွင်း ပြန်ပြောခဲ့တယ်လို့ ပြောခွင့်ရ Joynal ကပြောပါတယ်။ ဒုက္ခ သည်တွေ ဘေးရန်ကင်းကင်းနဲ့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး မြန်မာအစိုးရအနေနဲ့ လုပ်ဆောင်ဖို့လည်း သမ္မတ Hamid က တိုက်တွန်းခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာတွေအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ အဆင်ပြေစေမယ့် အခြေအနေတခု ဖန်တီးပေးပြီးတော့ သူတို့ရဲ့ယုံကြည်မှုကို ပြန်ရ အောင်လုပ်ဖို့ မြန်မာအစိုးရအနေနဲ့ အလေးထားသင့်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်သမ္မတက ပြောပါတယ်။
Your browser doesn’t support HTML5