ရေကြီးဒဏ်ခံရအပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်မှု

  • ဝင်းမင်း

အင်းလေးဒေသမှာ လေပြင်းတိုက်ခတ်အပြီး မြင်ကွင်း (နိုဝင်ဘာ ၅၊ ၂၀၂၄)

မြန်မာနိုင်ငံထဲ မိုးကြီးရေကြီးမူဒဏ် ပြင်းပြင်းထန်ထန် ကြုံခဲ့ရချိန်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်သက်ရောက်မှုတွေလည်း ခံစားရနိုင်တယ်လို့ စိတ်ကျန်းမာရေး ပညာရှင်တွေက ထောက်ပြပြောဆိုပါတယ်။

ပြင်းထန်တဲ့ အခုလို သဘာဝဘေးဒဏ် (Natural Disasters) ခံရအပြီး အသက်ဆုံးရှုံးမှုအပါအဝင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် စိတ်ပိုင်းကိုလည်း ရိုက်ခတ်လာတာပါ။ မြန်မာနိုင်ငံထဲ ၂၀၀၈ ခုနှစ်က ဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်းလို သေဆုံးမှု များပြားလွန်းတာအပြင်၊ ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့တဲ့ မိုခါမုန်တိုင်း ခါးစီးခံခဲ့ရတာနဲ့ မကြာသေးမီက ဖြစ်ခဲ့တဲ့ ရာဂီမုန်တိုင်း အရှိန်ကြောင့် မိုးကြီးရေလျှံတာ၊ မြေပြိုမူတချို့နဲ့အတူ နိုင်ငံအနှံ့က လူတွေ ရာချီသေဆုံးရတာ၊ သန်းချီ ရေဘေးဒဏ်ခံရတာ၊ ပိုင်ဆိုင်မူတွေ (အိုးအိမ်၊ လယ်မြေ၊ ကျွွဲနွား) များစွာ ပျက်စီးဆုံးရှုံးရတာ၊ တချို့ တစ်ရွာလုံးနီးပါး ရေအောက် ရွှံ့နွံအောက်ပျောက်ခဲ့ရတာ၊ တချို့ မိသားစုဝင်များစွာ သေဆုံးခဲ့ရတာတွေကြောင့် စိတ်ပိုင်းထိခိုက်မှုတွေကို ဖြစ်စေတာပါ။

ဒါပေမဲ့ အခုလို ပြင်းထန်တဲ့ သဘာဝဘေးဒဏ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံရတာကို လူအများစုက ကျော်လွှားနိုင်ပေမဲ့ တချို့အနည်းစုကတော့ အနည်းနဲ့အများ ခံစားရတတ်ပါတယ်။ ကမ္ဘာ့စစ်တမ်းတွေအရ အများစုဖြစ်တဲ့ ၉၀% လောက်က စိတ်ပိုင်းဆိုင်ရာ ကိုယ်ခံအား (Resilience) ကောင်းပြီး၊ အခုလို ဘေးဒုက္ခဒဏ်တွေကနေ ဖြစ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို တဖြည်းဖြည်း ရင်ဆိုင်ဖြေရှင်းတာ (Cope) လုပ်နိုင်ကာ၊ ပြန်နလန်ထနိုင်ပြီး ပြန်ကောင်းသွားတာ (Bounce Back) ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒီအထဲ ၁၀% လောက်ကတော့ စိတ်ဖိစီးမှု၊ စိတ်ဒဏ်ရာရရောဂါ၊ စိတ်ကျရောဂါ (Depression) နဲ့ စိတ်သောကရောဂါတွေ ခံစားလာရနိုင်ပြီး ကုသမှုခံယူဖို့ လိုတတ်ပါတယ်။

အခုလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်တဲ့ စိတ်ဒုက္ခနဲ့ စိတ်ဆင်းရဲမှု (Psychological Distress) ကို ပုံမှန်နဲ့ ပြင်းထန်တဲ့အဆင့်အဖြစ် ၂ ပိုင်း ခွဲနိုင်ပါတယ်။ ပုံမှန်အဆင့် စိတ်ဒုက္ခ (Emotional Distress) ထဲမှာတော့၊ လူတိုင်းဖြစ်နိုင်တဲ့ စိတ်ပူတာ (Anxiety)၊ ဝမ်းနည်းတာ (Sadness)၊ ကြောက်လန့်တာ (Fear) ကနေ၊ စိတ်ရှုပ်ထွေးသွားတာ (Confused)၊ အကူအညီမဲ့သလို ခံစားရတာ (Helpless) နဲ့ မျှော်လင့်ချက်ကင်းမဲ့ပြီး ဘာမှမလုပ်ချင်တော့တာ (Hopeless) တွေ ဖြစ်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကိုယ်ခံအားနည်းသူတွေမှာတော့ ဒီထက်ပိုပြင်းထန်တဲ့ စိတ်ဒုက္ခရောက်မှုအဆင့် (Serious Distress) ဆက်ဖြစ်ကာ၊ အိပ်မရတာများလာတာ၊ ကိုယ့်ကိုယ်ကို သတ်သေချင်တာ (တချို့ သတ်သေဖို့ ကြိုးစားတာ၊ တချို့လည်း သတ်သေသွားတာ)၊ မိသားစုဝင် အနည်းနဲ့အများ ဆုံးရုံးခဲ့ရပြီး ပူဆွေးသောက (Grief) ရေရှည်ဖြစ်လာတာတွေ ခံစားလာရတာမို့၊ ကုသမူ ခံယူဖို့ လိုလာပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ဩစတျေးလျနိုင်ငံ၊ Queensland ပြည်နယ်ဆေးရုံက စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး ဒေါက်တာသက်ဌေး ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။