သတင်းမီဒီယာတွေမှာ ပြန့်နေတဲ့ စစ်ကောင်စီ လက်နက်ကိုင်ဆောင်ခွင့်မူ

မြန်မာနိုင်ငံမှာ အရပ်သားတွေကို သေနတ်ကိုင်ဆောင်ခွင့် လိုင်စင်ထုတ်ပေးဖို့ပြုတဲ့ ဗွီအိုအေအနေနဲ့တော့ သီးခြားတည်ပြုလို့မရသေးတဲ့ စစ်ကောင်စီ ဥပဒေမူတခု ထွက်နေပြီး သတင်းမီဒီယာတွေမှာလည်း ဒါကို ဖော်ပြနေကြပါတယ်။

စာမျက်နှာ ၁၅ မျက်နှာပါတဲ့ "နိုင်ငံတော်အပေါ် သစ္စာစောင့်သိ"တဲ့ အရပ်သားတွေအတွက် လက်နက်ကိုင်ဆောင်ခွင့် လိုင်စင်ဥပဒေမူကြမ်း ထွက်လာတာနဲ့ ပတ်သက်လို့ မှန်ကန်မှုရှိမရှိ စစ်ကောင်စီ ပြောခွင့်ရကို ဗွီအိုအေက ဆက်သွယ်မေးမြန်းတာမှာတော့ ဒီကိစ္စ သူ့အနေနဲ့ သေချာမသိရှိထားသေးတဲ့ အကြောင်းသာ တုံ့ပြန်ပါတယ်။

စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက ပေါက်ကြားလာဖွယ်ရှိတဲ့ ဒီဥပဒေမူကြမ်း စာရွက်စာတမ်းထဲမှာ သေနတ်လိုင်စင်ရဖို့ လျှောက်ထားသူတွေအတွက် စံသတ်မှတ်ချက်တွေ ပါဝင်ပါတယ်။ အသက် ၁၈ နှစ်ပြည့်သူတွေ သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်ကို လျှောက်ထားနိုင်ပြီး နိုင်ငံတော်သစ္စာ စောင့်သိမှုဆိုတဲ့အချက် လိုအပ်တဲ့အပြင် လုံခြုံရေးအရ သေနတ်တလက် ကိုင်ဆိုင်ခွင့် လိုအပ်ကြောင်း သက်သေပြနိုင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကို ဖော်ပြထားပါတယ်။

ဒါအပြင့် တန်ပြန်နှိမ်နင်းရေးအဖွဲ့တွေ၊ ပြည်သူ့စစ်အဖွဲ့တွေနဲ့ စစ်တပ်ကနေ အငြိမ်းစားယူထားသူတွေအနေနဲ့ လိုင်စင်ခွင့်ပြုချက်ရထားသရွေ့ ပစ္စတို၊ ရိုက်ဖယ်နဲ့ စက်သေနတ်တွေကို ကိုင်ဆောင်ခွင့်ရှိကြောင်းလည်း အဲဒီ ဥပဒေမူကြမ်းမှာ ရေးသားထားပါတယ်။

လေ့လာသုံးသပ်သူတွေကတော့ အရပ်သားတွေကို သေနတ်ကိုင်ခွင့်ပြုတာဟာ စစ်ကောင်စီကို လိုလားတဲ့ အဖွဲ့တွေကို အခွင့်အာဏာပေးရာ ရောက်နိုင်ပြီး နိုင်ငံတဝန်း ဖြစ်ပေါ်နေတဲ့ စစ်တပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကြား နေ့စဉ်နီးပါး အပြန်အလှန် တိုက်ခိုက်မှုတွေကို ပိုပြီးအရှိန်မြင့်လာမွာ စိုးရိမ်ရတယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။

=== Unicode ====





