ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်စလင် ရိုဟင်ဂျာတွေအပေါ် စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ညှင်းပမ်းနှိပ်စက်မှုတွေရှိနေတယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ စွပ်စွဲချက်တွေကို ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က တဆင့် စုံစမ်းစစ်ဆေးနေကြောင်းမြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း မြန်မာအစိုးရရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အယုံအကြည်မရှိကြောင်းနဲ့ လွတ်လပ်တဲ့ နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့မျိုးနဲ့ စုံစမ်းဖို့ မြန်မာအစိုးရကို တိုက်တွန်းနေတာဖြစ်ပါတယ်။
မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ (၉)ရက်နောက်ပိုင်း မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာများနဲ့ တွေ့ဆုံမေးမြန်းမှုများဆိုတဲ့ ခေါင်းစဉ်နဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာပါ စွပ်စွဲချက်တွေဟာ အလွန်ကို စိုးရိမ်ဖွယ်ရာရှိတယ်လို့ သူတို့ ယူဆမိကြောင်း ဖေဖေါ်ဝါရီလ (၈)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
အစီရင်ခံစာနဲ့ ပတ်သက်ပြီး များစွာစိုးရိမ်မကင်းဖြစ်မိကြောင်းနဲ့ ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကောင်မရှင်က တဆင့် စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ တကယ်လို့ ကျူးလွန်ခဲ့တဲ့ အထောက်အားအခိုင်အမာရှိပါက အစိုးရအနေနဲ့ လိုအပ်တဲ့ အရေးယူမှုတွေကို ပြုလုပ်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid al- Hussein နဲ့ တယ်လီဖုန်းပြောကြားချိန်မှာ ရှင်းရှင်းလင်းလင်းပြောဆိုခဲ့ကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ဒါပေမယ့်လည်း လုံခြုံရေးတပ်တွေဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ အထောက်အထားတွေ မတွေ့ရဘူးလို့ မြန်မာအစိုးရ စုံစမ်းရေးကော်မရှင်က မကြာခင်က ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်လို့ ဒီကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ယုံကြည်လို့မရကြောင်း လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Adama Dieng က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သူရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ဖေဖေါ်ဝါရီလ (၇)ရက်နေ့က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric က အခုလိုပြောသွားပါတယ်။
“ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်တွေဘက်က လူ့အခွင့်အရေးချိူးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ ပြင်းထန်တဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က အခုလိုချက်ချင်း အရေးယူဆောင်ရွက်တာကို သူ့အနေနဲ့ကြိုဆိုကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောပါတယ်။ ဒါပေမဲ့လည်း လုံခြုံရေးတပ်တွေဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ တရားဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ အထောက်အထားမျိုး သူတို့ မတွေ့ရှိခဲ့ကြောင်း မကြာသေးခင်က မြန်မာအစိုးရ စုံစမ်းရေးကော်မရှင်ရဲ့ ထုတ်ပြန်ချက်ဟာ OHCHRအစီရင်ခံစာမှာပါတဲ့ အချက်တွေနဲ့ အတော်ကွဲလွဲနေတဲ့အတွက် စိုးရိမ်မကင်းဖြစ်မိတယ်လို့ သူကပြောပါတယ်။”
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကတော့ လွတ်လပ်ပြီး၊ ဘက်လိုက်မှုကင်းတဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အဖွဲ့မျိုးနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ အဓိကတောင်းဆိုနေတာဖြစ်ပါတယ်။ မြန်မာအစိုးရဘက်ကလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် အကြံပေးကော်မရှင်ကို ဖွဲ့စည်းထားကြောင်းနဲ့ မကြာမီ ကြားဖြတ်အစီရင်ခံစာတစောင်ကို ထုတ်ပြန်ဖို့ရှိတယ်လို့ တုန့်ပြန်ထားပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး OHCHR ရဲ့ စုံစမ်းရေးအဖွဲ့တဖွဲ့ဟာ မကြာသေးခင်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကို သွားပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ (၉)ရက်နေ့ နောက်ပိုင်း မြန်မာပြည်ဖက်က ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက စုစုပေါင်း အယောက် ၂၂၀ ကို တွေ့ဆုံမေးမြန်းပြီးနောက် ဖေဖေါ်ဝါရီလ (၃)ရက်နေ့ ရက်စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲဒီအစီရင်ခံစာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ နယ်မြေ ရှင်းလင်းရေးအတွင်း ဒေသခံတွေကို ကာကွယ်ရမယ့်အစား နို့စို့ကလေး တဦးကိုသတ်ခဲ့တာမျိုး မိခင်အမျိုးသမီးကိုပါ ဝိုင်းပြီး အဓမ္မကျင့်ခဲ့ ကြောင်း ဖေါ်ပြထားပါတယ်။ ဒါအပြင် ကျည်ဆံနဲ့ ဓါး ဒဏ်ရာရခဲ့သူတွေ၊ သေနတ် ပြောင်းဒင် ဒါမှမဟုတ် ဝါးတုတ်နဲ့ ရိုက်ခံထားရသူတွေနဲ့လည်းတွေ့ဆုံခဲ့ပြီး အထောက်အထား တွေရှိနေတယ်လို့လည်း ဆိုပါတယ်။
ဒီအတောအတွင်းမှာပဲ မြန်မာနိုင်ငံမှာ နှိပ်စက်ညှဉ်းပမ်းခံရပြီး၊ အသတ်ခံနေကြရတဲ့ ရိုဟင်ဂျာ မွတ်စလင်လူနည်းစုတွေအတွက် ဝိုင်းဝန်း ဆုတောင်းပေးကြဖို့ ဗာတီကန်နန်းတော်မှာ စုဝေးရောက်ရှိနေသူတွေနဲ့အတူမနေ့က ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲအတွင်း ပုပ်ရဟန်း မင်းကြီးက မိန့်ကြားခဲ့ပါတယ်။
မြန်မာအစိုးရဘက်ကတော့ အခုလို စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး အစိုးရကော်မရှင်က ဆက်လက်စုံစမ်းသွားမှာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ တရားမဝင်လုပ်ရပ်တွေ ကျူးလွန်ဖောက်ဖျက်သူတွေကို အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
Your browser doesn’t support HTML5