ဘင်္ဂလားဒေရှ့်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် စခန်းကို မြန်မာ ကိုယ်စားလှယ် အဖွဲ့ ဒီကနေ့ သွားရောက်ပြီး ဌာနေပြန်ရေး လုပ်ငန်းစဉ်ကို ရှင်းလင်းပါတယ်။ ဒုက္ခသည်တွေကတော့ သူတို့ကို ရိုဟင်ဂျာ အဖြစ် အသိအမှတ်ပြုရေးနဲ့ နိုင်ငံသား ဖြစ်ရေး အပါအဝင် စိုးရိမ်ချက်တွေကို ဆွေးနွေးခဲ့ပါတယ်။ တချိန်တည်းမှာဘဲ ဌာနေပြန်ရေး အတွက် ဒုက္ခသည်တွေကြားမှာ အကြီးအကျယ် စိုးရိမ်ချက် ရှိနေတယ်လို့လည်း ကုလသမဂ္ဂ အကြီးအကဲ တဦးက သတိပေးလိုက်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့က ဘင်္ဂလားဒေရှ့်က ဒုက္ခသည် စခန်းတွေကို သွားရောက်ပြီး ဌာနေပြန်ရေး လုပ်ငန်းစဉ်ကို ရှင်းလင်းခဲ့ပါတယ်။ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက ပထမ အသုတ် အနေနဲ့ ဒုက္ခသည် ၅ ထောင်ကျော်တို့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဌာနေပြန်ရေး စတင်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံကြား သဘောတူလိုက်ပြီး နောက်တနေ့မှာဘဲ ဒုက္ခသည် စခန်းကို သွားရောက်တာ ဖြစ်ပါတယ်။ ဌာနေပြန်လာမယ့် ဒုက္ခသည်တွေ အတွက် လုံခြုံရေး၊ နေထိုင်စားသောက်ရေး အပါအဝင် မြန်မာ အစိုးရရဲ့ အစီအစဉ်တွေကို ရှင်းလင်းခဲ့တာပါ။ ဒုက္ခသည်တွေဘက်ကတော့ ရိုဟင်ဂျာ အဖြစ် အသိအမှတ်ပြုမလားဆိုတာကို မေးမြန်းခဲ့ကြတယ်လို့ ကူတုပလောင် ဒုက္ခသည် စခန်းက ဦးမောင်မောင်က အခုလို ပြောပါတယ်။
“ အဓိက မြန်မာ အစိုးရက ခေါ်မယ်ဆိုရင် ဘာအဆင့်နဲ့ ခေါ်မှာလဲ။ ကျနော်တို့ကို ရိုဟင်ဂျာ အသိအမှတ်ပြုမှာလား။ ဒါမှမဟုတ်ရင် ကျနော်တို့ကို ဘင်္ဂလီလို့ ခေါ်ကြမှာလား။ ဒီဟာကို အဓိက မြန်မာ အစိုးရက ကြေညာပေးဖို့ လိုပါတယ်ဆိုပြီး ကျနော်တို့ဆီက တင်ပြတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနဆီက လောလောဆယ်က တုံ့ပြန်မှုတွေ မရှိဘူး။ ဒါပေမယ့် သူတို့က ပြောသွားတာက ကျနော်တို့က အဲဒီကိစ္စ နိုင်ငံတော်ကို စာပို့တာလည်း ရှိတယ် ဒီကနေ။ နိုင်ငံခြားရေး ဝန်ကြီးဌာနကိုလည်း ကျနော်တို့က ကိုယ်တိုင် တင်တယ် အဲဒီစာကို။ အဲဒီစာထဲမှာလည်း ပါတယ် ဒီဟာ။နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ တခြား ဝန်ကြီးများနဲ့ အစိုးရနဲ့ ဆွေးနွေးပြီးတော့ ဘင်္ဂလားဒေရှ့် နိုင်ငံ အစိုးရကို အကြောင်းပြန်ကြားမယ်လို့ ပြောတယ်။ ”
ဒါ့အပြင် ရိုဟင်ဂျာ ဒုက္ခသည် စခန်းက ကိုယ်စားလှယ်တွေက ရခိုင်ပြည်နယ်ထဲက လက်ရှိ ဒုက္ခသည် စခန်းတွေကို ဖျက်သိမ်းပြီး စခန်းတွင်းက ဒုက္ခသည်တွေ နေရပ်ရင်းကို ပြန်နိုင်မယ့် အခြေအနေကိုလည်း စောင့်ကြည့်လိုတယ်လို့ တင်ပြခဲ့တဲ့ အကြောင်း ကူတုပလောင် ဒုက္ခသည် စခန်းက ဦးမောင်မောင်က ပြောပါတယ်။
“ တခြား စိုးရိမ်စရာက ကျနော်တို့ အဲဒီမှာ ရှိတဲ့ ဒီ IDP စခန်း၊ ဒီ စစ်တွေမှာ ရှိတယ်၊ ပေါက်တောမှာ ရှိတယ်။ ကျောက်တော်မှာ ရှိတယ်။ မြေပုံမှာ ရှိတယ်။ အဲဒီ ဒုက္ခသည် စခန်းတွေကို ပထမပိုင်းမှာ ဖျက်စီးပြီးတော့ သူတို့ မူလနေရာကို ချပေးမယ်ဆိုရင် ကျနော်တို့ကလည်း ကိုယ်တိုင် အဲဒီဟာ မြင်ပြီးတော့ ကျနော်တို့ကို ခေါ်စရာ မလိုဘူး။ ကျနော်တို့ ကိုယ်တိုင် ကိုယ်ကျ တခါတည်း ဝင်သွားမှာ။ ဝန်ကြီးတို့ ဒီမှာလာပြီး နိုင်ငံတကာ ဖိအားကိုလည်း ခံစရာ မလိုဘူး။ ဘင်္ဂလားဒေရှ့် အစိုးရနဲ့လည်း ပူးပေါင်းစရာ ဒီမှာ အဲလို အကြပ်ကိုင်စရာ မလိုဘူး။ ကျနေ်ာတို့ကိုယ်တိုင် မြန်မာ အစိုးရနဲ့ ညှိနှိုင်းပြီးတော့ ကျနော်တို့ ကိုယ်တိုင် အဲဒီဟာကို လုပ်ပေးမယ်ဆိုရင် ကျနော်တို့က ကိုယ့်သဘောနဲ့ကိုယ် သွားမှာပါ။ အဲလိုမျိုးကို ကျနော်တို့ဘက်က တင်ပြတယ်။ ”
မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံပါဘူး။ ဒါ့အပြင် နိုင်ငံသား ဖြစ်ရေး အတွက်လည်း အခုအချိန် အထိတော့ ဥပဒေ အတိုင်းသာ ဆောင်ရွက်ရမယ်လို့ ပြောဆိုထားဆဲ ဖြစ်ပါတယ်။ ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ နှစ်နိုင်ငံကြား ဒုက္ခသည်တွေ ဌာနေပြန်ရေး ပထမ အသုတ် စဖို့ မနေ့ အင်္ဂါနေ့က သဘောတူခဲ့ကြပေမယ့် ဒုက္ခသည်တွေကြားမှာတော့ အကြီးအကျယ် စိုးရိမ်ချက်တွေ ရှိနေတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး David Beasley က သတိပေးပါတယ်။
“ ဒုက္ခသည် စခန်းတွင်းမှာ လူတွေနဲ့ တွေ့ဆုံ မေးမြန်းခဲ့ရသလောက်ဆိုရင်တော့ အများအပြားက ဘေးကင်းလုံခြုံမှု ရှိရင် ပြန်ချင်နေကြတယ်လို့ ကျနော် ပြောနိုင်ပါတယ်။ ဒါပေမယ့် အဲဒါ ဖြစ်လာမလားဆိုတာကတော့ ကျနော်လည်း မသိပါဘူး။ သူတို့နေရာမှာ ဝင်ခံစားကြည့်တော့ ကျနော့် အနေနဲ့လည်း ဌာနေပြန်ရေး အပေါ်မှာ အကြီးအကျယ် စိုးရိမ်ချက် တချို့ ရှိပါတယ်။စခန်းတွင်းက လူတွေဆီကလည်း အကြီးအကျယ် စိုးရိမ်ချက်တွေကို ကြားခဲ့ရပါတယ်။ ဘယ်အခြေအနေမျိုးဘဲ ဖြစ်ဖြစ် မပြန်ချင်ဘူးဆိုတဲ့ သူလည်း ရှိပါတယ်။ ”
မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံကြား သဘောတူညီချက် အရတော့ လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေက လူပေါင်း ၅ ထောင်ကျော် စပြီး ဌာနေပြန်ကြဖို့ ရှိနေပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာ ဒုက္ခသည် ခေါင်းဆောင်တွေ ကတော့ နိုင်ငံသား ဖြစ်ခွင့် အပါအဝင် တောင်းဆိုချက်တွေကို မြန်မာဘက်က မလိုက်လျောရင် ဌာနေမပြန်ဘူးလို့ ပြောဆိုနေကြပါတယ်။
Your browser doesn’t support HTML5