လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ အနေနဲ့ သိမ်းဆည်း မြေတွေကို ပြန်လည်ပေးအပ်ရာမှာ အချိန်မဆွဲဘဲ ဖြေရှင်းကြဖို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က တိုက်တွန်းလိုက်ပါတယ်။ မြေယာပြန်လည်ပေးအပ်ရေး နှောင့်နှေးနေရတာတွေဟာ လုပ်ငန်းစဉ်တွေမှာ အားနည်းချက်တွေရှိနေသလို တိုင်းဒေသကြီးအစိုးရတွေကို လုပ်ပိုင်ခွင့်ပေးမယ်ဆိုရင် ပိုမိုမြန်ဆန်လာမယ်လို့ သုံးသပ်တာတွေလည်းရှိပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခြင်းခံရမှုများ ပြန်လည် စီစစ်ရေး ဗဟိုကော်မတီကို သိမ်းဆည်းမြေတွေ ပြန်လည်စိစစ်ပေးအပ်တာ အချိန်မဆွဲဘဲ ဖြေရှင်းကြဖို့ မနေ့က ပြုလုပ်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကတိုက်တွန်းခဲ့တာပါ။
ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်တဲ့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီအနေနဲ့ သိမ်းဆည်း လည်ယာမြေတွေကို ပြန်လည် ပေးအပ်ရာမှာ နှောင့်နှေးနေတဲ့ အပေါ် ဝေဖန်သုံးသပ်ကြတာတွေ ရှိပါတယ်။
ဒီလိုနှောင့်နှေးကြန့်ကြာတာ တွေရှိနေပြီး ဗဟိုဦးစီးချုပ်ကိုင်မှုတွေများနေတဲ့အတွက် နှောင့်နှေး နေတာလို့ ဆိုကြပါတယ်။နှောင့်နှေးတာတွေကို တိုင်းဒေသကြီး အစိုးရကို လုပ်ပိုင်ခွင့်အာဏာပေးမယ်ဆိုရင် ပြေလည်နိုင်တယ်လို့ မုတ်သုန်ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ သောင်းထွန်းက အခုလို သုံးသပ်ပါတယ်။
"ပရိုစီဂျာကြီး တခုလုံးမှာကိုက ဗဟိုဦးစီးမှု များတာပေါ့နော်။ ဒါကတခုပေါ့ နောက်တခု ဒါက တပိုင်းပေါ့။ မြေစစ်က ဆုံးဖြတ်ချက် တော်တော်များများက ဗဟိုကျမယ် ဆိုတော့အဆင့်ဆင့်ကြာတာပေါ့နော်။ တိုင်းဒေသကြီး အစိုးရတွေကို ပိုပြီးတော့ လုပ်ပိုင်ခွင့်တွေ ကို လွှဲပေးသင့်တယ်ပေါ့နော်။ အဲ့လိုမျိုး ကျွန်တော်တို့ ဗဟိုဦးစီးချုပ်ကိုင်မှုတွေ ကို ဖြေလျော့ဖို့ လိုတယ်လို့ မြင်ပါတယ်။ ဗဟိုမြေစစ်အနေနဲ့ သူလုပ်နိုင်တာတွေလုပ်နေတာပေါ့နော်။ လုပ်တဲ့လုပ်ငန်းစဉ် တခုလုံးကို ကြည့်လိုက်တဲ့ အခါ ကျတော့ ဒီတကယ်တမ်း အကောင်အထည်ဖော်ရမယ့် အပိုင်းတွေမှာ အောက်ခြေမှာပေါ့နော် အောက်ခြေ အဆင့်ဆင့်တွေမှာလည်း နှောင့်နှေးမှုတွေရှိနေတယ်။ ဒါကြောင့်မို့လို့ နှောင့်နှေးနေတယ်ဆိုရင် ဘယ်အချက် တွေမှာ နှောင့်နှေးနေလည်း ဘာကြောင့်နှောင့်နှေးနေလည်း ဘယ်ကိစ္စတွေမှာတော့ ဘယ်လိုအကျိုးစီးပွား သက်ဆိုင်မှုတွေရှိနေသလည်း အဂတိလိုက်စားမှုတွေရှိနေလည်း အဲ့ဒါတွေကို ထိထိရောက်ရောက် အရေးယူဖို့ လိုတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။"
ဒါ့အပြင် သိမ်းဆည်းလယ်ယာမြေတွေကို ပြန်လည်ပေးအပ်ရေး လုပ်ငန်းစဉ်တွေမှာလည်း အားနည်း ချက် တွေရှိနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ကော်မတီက ဦးကျော်ဇေယျာလွင်က အခုလိုပြောပါတယ်။
" ကျွန်တော်တို့ပြန်လည်စွန့်လွှတ်တဲ့ လယ်ယာမြေကို ဒီမူလပိုင်ရှင်ဆီကို ပြန်ပြီးတော့ ရောက်အောင် ပြန်ပြီးတော့ လက်ဝယ်ကိုရောက်အောင် လုပ်ရတဲ့ လုပ်ငန်းစဉ်ရှိတယ်။ အဲ့လုပ်ငန်းစဉ်တွေမှာ အားနည်း ချက်တွေအများကြီးရှိတယ်။ အဲ့ဒါက ဘယ်လိုဖြစ်နေ လည်းဆိုတော့ ကျွန်တော်တို့ ဥပမာပေးမယ်ဗျာ ဧရာရွှေဝါ ကနေပြီးတော့ ပြန်ပြီး စွန့်လွှတ်ခဲ့တဲ့ မြေတွေရှိတယ်။ အဲ့ဒါက ပြီးခဲ့တဲ့အစိုးရလက်ထက်က စွန့်လွှတ်ခဲ့တဲ့ မြေတွေရှိတယ်။ အဲ့ဒါတွေက မူလပိုင်ရှင်တွေဆီကိုမရောက်ဘဲနဲ့ ဌာနဆိုင်ရာနဲ့ ရင်းနှီးတဲ့သူတွေဆီမှာ ဆိုလိုချင် တာက မူလပိုင်ရှင် မဟုတ်တဲ့သူတွေဆီမှာ ရောက်နေတဲ့ အမှုတွေ အများကြီးရှိတယ်။ အဲ့ဒါတွေကိုတောင် ထိထိ ရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးနိုင်ခြင်းမရှိသေးတာကို တွေ့ရတယ်။ ဒီသူတို့သူတို့ချပေးလိုက်တဲ့အမှုကို မူဝါဒတွေ ဥပဒေတွေနဲ့ စိစစ်ပြီးတော့ တိုက်ရတယ်။ တိုက်ရပြီးတော့ ဆုံးဖြတ် လိုက်ပြီဆိုရင် အဲ့ဆုံးဖြတ်ချက်ကို ဗဟိုကို သူတို့တွေပို့တယ်။ ကျွန်တော်တို့အောက်ကို ပြန်ပြီးလမ်းညွှန်တယ် သို့သော် အောက်မှာ အကောင် အထည် ပေါ်တာတွေမရှိဘူး။ အဲ့အကောင်အထည်မပေါ်မှုကို အနောက်ကိနေ Follow Up လုပ်တာမျိုးတွေ အားနည်းချက်တွေ တိုင်းတွေအဆင့်မှာ အများကြီးရှိတယ်။"
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်တဲ့ ဗဟိုကော်မတီဟာ ၂၀၁၆ ခုနှစ်က မေလက စတင်ဖွဲ့စည်းခဲ့ပြီး မူဝါဒလုပ်ငန်းစဉ် ၅၂ ချက်နဲ့ ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ သမ္မတ အဖြစ် ကတိသစ္စာ ပြုတုန်းကလည်း ဥပဒေမဲ့ သိမ်းဆည်း လယ်ယာမြေတွေကို ပြန်လည်ပေးအပ်ဖို့ လျော်ကြေး နစ်နာကြေးတွေ ပေးအပ်ဖို့ကို ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ဗဟိုကော်မတီရဲ့ ထုတ်ပြန်တဲ့ စာရင်းစာဇယားအရ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့ဟာ လယ်ယာမြေ သိမ်းဆည်းမှု ပြန်လည်ပေးအပ်ရေးတို့အတွက် တိုင်ကြားတာ အများဆုံးဖြစ် တယ်လို့ ဖော်ပြထားပါတယ်။
Your browser doesn’t support HTML5