လက်ရှိပင်လယ်ပြင်မှာ ထွက်ပြေးနေကြတဲ့ လှေစီးပြေး ဒုက္ခသည်အချို့ဟာ ရခိုင်ပြည်နယ်က ဆိုရာမှာ အများစွပ်စွဲနေသလို ဖိနှိပ်မှုကြောင့်မဟုတ်ပဲ၊ စီးပွားရေး အခွင့်အလမ်းတွေကြောင့် လှေစီး ထွက်ခွာသူတွေဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။ လှေစီးဒုက္ခသည် အများစုက ဘင်္ဂလားဒေ့ရ်ှကဖြစ်ပြီး သူတို့ကိုတော့ နေရပ်ပြန်ပို့ဖို့ စီစဉ်သွားမယ်လို့ လည်း ပြောပါတယ်။ ရန်ကုန် နိုင်ငံခြားရေး ဝန်ကြီးရုံးမှာ မြန်မာနိုင်ငံခြားရေး ဝန်ကြီးက သံတမန်တွေကို ခေါ်ယူရှင်းလင်းတဲ့ ဒီပွဲကို သွားရောက်သတင်းယူထားတဲ့ VOA သတင်းထောက် မသိင်္ဂ ီလင်းက ပြောပြပေးမှာပါ။
ပင်လယ်ထဲမှာထွက်ပြေးနေကြတဲ့ လှေစီးပြေးဒုက္ခသည်တွေဟာ မြန်မာနိုင်ငံက ဖိနှိပ်ခံရမှုကြောင့်ထွက်ပြေးနေသူတွေ မဟုတ်ဘဲ စီးပွားရေး အခွင့်အလမ်းတွေကြောင့် ဒေသတွင်းနိုင်ငံတွေကို ပြောင်းရွှေ့နေကြသူတွေဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အခုလို ပြောဆိုလိုက်ပါတယ်။
"ဖမ်းမိတဲ့ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးနေရတယ်လို့ ပုံဖော်ခံနေရပါတယ်။ ဒါဟာ မမှန်ပါဘူး။ ပြီးခဲ့တဲ့နှစ်တွေ ထဲမှာ ဒီလူမှောင်ခိုလုပ်ငန်းတွေနဲ့ ပင်လယ်ပြင်မှာ သွားလာနေကြသူတွေ ကို မေးကြည့်လိုက်ရင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကလာတယ်လို့ပဲ ဖြေကြတယ်။ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် အက်ဒမန်ပင်လယ်ထဲက ဖမ်းမိတဲ့ ဒုက္ခသည်တွေကို စစ်ဆေးတဲ့အခါ ရခိုင်ပြည်နယ်က ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေမဟုတ်ဘူးဆိုတာ တွေ့ရပါတယ်။ ဒီဒုက္ခသည် အများစုဟာ အလုပ်အကိုင် အခွင့်အလမ်းကောင်း တဲ့ နိုင်ငံတွေကို ရွှေ့ပြောင်းနေကြတာဖြစ်ပါတယ်။"
ဒေသတွင်းနိုင်ငံတွေက အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ လုပ်အားခဈေးပေါပေါနဲ့ အလုပ်သမား ရယူလိုမှုတွေဟာ ဒီလှေစီးပြေးဒုက္ခသည်တွေ ရွှေ့ပြောင်းစေဖို့ အကြောင်းအရင်းတစ်ချက်လည်းဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဒီကနေ့ ဇွန်လ ၄ ရက်နေ့ ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးရုံးမှာကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲကို ဥရောပသမဂ္ဂသံအမတ်၊ ဗြိတိသျှသံအမတ်အပါအဝင် ဘင်္ဂလားဒေရှ့်သံအမတ်၊ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့ နိုင်ငံတကာ ကိုယ်စားလှယ်အသီးသီး တက်ရောက်ခဲ့ကြတာပါ။
ဒီသတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံအနေနဲ့ ဒီလှေစီးပြေးဒုက္ခသည်တွေ အရေးကို ဖြေရှင်းပေးဖို့ အစီအစဉ်ကို သိလိုကြပြီး ကုလသမဂ္ဂ ကိုယ်စားလှယ်တစ်ဦးကတော့ လူသားချင်း စာနာထောက်ထားခြင်း အားဖြင့် အကူအညီတွေ ပေးဖို့ တိုက်တွန်းပါတယ်။
ဒါနဲ့ ပတ်သက်လို့ ဝန်ကြီးဦးဝဏ္ဏ္ဏမောင်လွင်က မြန်မာနိုင်ငံအနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်ခုဖြစ်နေတာကြောင့် ဒီဒုက္ခသည်တွေကို ရေရှည် တာဝန် မယူနိုင်ကြောင်း နဲ့၊ နိုင်ငံသား အတည်ပြုစစ်ဆေးမှုတွေပြီးရင်တော့ သူတို့ ထွက်ခွာလာရာနိုင်ငံ ကိုပဲ ပြန်ပို့ပေးမှာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ဘင်္ဂလားဒေရှ့်သံအမတ် Mohammad Sufiur Rahman ကတော့ မြန်မာ့ရေပိုင်နက် က ထိန်းသိမ်းထားတဲ့ ဒုက္ခသည်တွေ အနက် ဘင်္ဂလားဒေရှ့်နိုင်ငံသားလို့ စစ်ဆေးအတည်ပြုပြီးသူတွေကိုတော့ မိမိတို့နိုင်ငံကို ပြန်လည်ခေါ်ယူဖို့ ဆောင်ရွက်နေတယ်လို့ အခုလိုပြောပါတယ်။
"ပထမဖမ်းမိတဲ့ထဲက အယောက် ၁၅၀ကတော့ ဘင်္ဂလားဒေရှ့်နိုင်ငံသားတွေဖြစ် တယ်လို့ စစ်ဆေးအတည်ပြုပြီး တာကြောင့် နိုင်ငံကို ပြန်လည်ခေါ်ယူသွားပါမယ်။ ကျန်တဲ့ အယောက် ၇၀၀ ကျော်ကတော့ စစ်ဆေးဆဲအဆင့်မှာပဲရှိပါသေးတယ်။ စစ်တွေမှာ ကျနော်တို့ စစ်ဆေးရေးအဖွဲ့တွေရှိတာကြောင့် စစ်ဆေးမှုတွေ ဆက်လုပ်ကိုင်ပြီး အတည်ပြုပြီးသူတွေကိုတော့ ဘင်္ဂလားဒေရှ့်နိုင်ငံကို ပြန်ခေါ်ဖို့ စီစဉ်သွားမှာပါ။"
မေလ ၂၁ ရက်နေ့က မြန်မာ့ပင်လယ်ပြင်မှာ ထိန်းသိမ်းခဲ့တဲ့ လှေစီးပြေးဒုက္ခသည် ၂၀၀ကို နိုင်ငံသား စစ်ဆေးပြီးဖြစ်တာကြောင့် လာမယ့် တနင်္ဂနွေ့နေ့ ဇွန်လ ၇ ရက်နေ့ကစပြီး ဘင်္ဂလားဒေရှ့်နိုင်ငံကို ပြန်ပို့မှာလည်းဖြစ်ပါတယ်။ မေလ ၂၉ ရက်နေ့က တွေ့ရှိခဲ့တဲ့ ဒုက္ခသည် ၇၀၀ကျော်ကိုတော့ တောင်ပြိုလက်ဝဲ နဲ့ ဘင်္ဂလားနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ နေရာချထားပြီး လောလောဆယ်တော့ စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။