ဒီရက်ပိုင်းမှာ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်စတဲ့ ရေကြီး ရေလျှံခဲ့တဲ့ ဒေသတွေက ရေဘေးကယ်ဆယ်ရေးစခန်း (၆၅) ခု ပိတ်သိမ်း ခဲ့ပေမဲ့ ဒုက္ခသည်စခန်းတွေမှာ လူဦးရေတသိန်းကျော် ရှိနေဆဲလို့ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန တာဝန်ရှိသူတွေကပြော ပါတယ်။ ဒါပေမဲ့ တချို့ဒေသတွေမှာ မိုးရွာနေဆဲအခြေအနေကြောင့် ရေဘေးဒုက္ခသည်တွေ ရှိနေဆဲလို့လည်း ဆိုပါတယ်။ ဗွီအိုအေ ထိုင်း အခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က ဆက်သွယ်မေးမြန်းသတင်းပေးပို့ထားပါတယ်။
အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ပြည်နယ်နဲ့တိုင်းဒေသကြီး (၄) ခုမှာ ရေကြီးပြီး ရေဘေး ကယ်ဆယ်ရေး စခန်းတွေမှာ ခိုလှုံနေရတဲ့သူတွေဟာ ဒီရက်ပိုင်းအတွင်း ရေကျသွားလို့ ဒုက္ခသည် တချို့အိမ်ပြန်နိုင်ပြီး စခန်း (၆၅) ခုပိတ် သိမ်းလိုက်တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဒေါ်ထွေးကြည်က ပြောပါတယ်။
“တနင်္သာရီမှာဆိုရင် ပလောကစခန်း (၂) ခု၊ တနင်္သာရီမြို့နယ်က (၂) ခု။ မွန် ဆိုရင် ကျိုက်ထိုက စခန်း (၄) ခု။ ဘီးလင်းမှာ စခန်း (၂၄) ခု။ ကရင်မှာဆိုရင် လှိုင်းဘွဲ့စခန်းက (၁၁) ခု။ ဖါပွန်ကစခန်း (၁၀) ခု။ မြဝတီကစခန်း (၅) ခု။ ကြာအင်းဆပ်ကြီးက (၂) ခု။ ပဲခူးမှာဆိုဒိုက်ဦးကစခန်း (၄) ခု။ သနပ်ပင်ကစခန်း (၁) ခု။ အားလုံးပေါင်းစခန်း (၆၅) ခုက ပိတ်ပြီးပြီးပေါ့။ လက်ရှိရှိနေတာက စခန်း (၂၆၃) ပေါ့။ (၁၂၂,၅၂၂) အဲတာလူဦးရေ။ ယာယီပြောင်းရွှေ့နေတဲ့လူဦးရေ။”
ပဲခူးတိုင်းဒေသကြီးမှာတော့ ရေကျသွားတဲ့အခြေအနေကြောင့် ဒီကနေ့မှာ ရေဘေးရှောင်(၄)သောင်းကျော် အိမ် ပြန်သွားကြပါပြီ။ ပဲခူးတိုင်းရေဘေးအခြေအနေကိုတော့ စီမံဘဏ္ဍာဝန်ကြီးဦးညွန့်ရွှေက အခုလိုပြောပါတယ်။
“ရေကျပါတယ်။ လောလောဆယ်ဒုက္ခသည်တွေကတော့ ရှိသေးတယ်။ နောက်ဆုံး အခြေအနေ ကတော့ ဒုက္ခသည် စခန်းပေါ်မှာ လူဦးရေ (၆) သောင်းကျော်တော့ကျန်သေးတယ်။ ပထမ တသိန်းကျော်ကနေ (၆) သောင်းအထိကျန်တယ်။ သုံးပုံတပုံတော့ပြန်သွားတာပေါ့။ အိမ်ပြန် ရောက်သွားတာပေါ့။ ရွှေကျင်မှာနည်းနည်း ဆိုးတုန်းပဲ ရှိသေးတယ်။ ရွှေကျင်စခန်းတော့ မလျှော့နိုင်သေးဘူး။”
ညောင်လေးပင်မြို့နယ်အတွင်းက မဒေါက်မြို့မှာ ရေတွေကျလာပြီးဖြစ်ပေမဲ့ ရေဘေးဒုက္ခသည် (၁၅,၀၀၀) ရှိ နေဆဲ ဖြစ်ပါတယ်။ မြို့နယ်အတွင်းက မဒေါက်ဆည်ကြီး တာကျိုးကျသွားမှာ ဒေသခံတွေ စိုးရိမ်နေရတဲ့ အခြေ အနေကနေ ကျော်လွှားနိုင်ခဲ့ပြီလို့ ဒေသခံတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက အခုလို ပြောပါ တယ်။
“အဆိုးဆုံးကနေ တဖြည်းဖြည်း လျော့လာတဲ့အနေအထားပဲ ရှိပါတယ်။ ဒီမှာကတချက်စိုးရိမ်ရတာက စိမ့်တာတွေ ပေါက်တာတွေတော်တော်များများ လုပ်ပြီးသွားပြီ။ ဆည်မြောင်းဝန်ကြီးဌာနကလည်း လာတယ်။ လာပြီးတော့ စီမံ ဆောင်ရွက်တယ်။ ဒီနေ့လည်း ညောင်လေးပင်မှာ လယ်ဆည်ဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးလာဖို့လည်း ရှိတယ်။ ဒါတွေနဲ့ ပက်သက်လို့ကတော့ ဆည်မြောင်းဝန်ကြီးက အတတ်နိုင်ဆုံးစီမံပြီးတော့ ဆောင်ရွက်နေတယ်။ ရေကအကျဘက်ကိုဦးတည်နေတဲ့အတွက် သိပ်တော့ စိုးရိမ်စရာတော့မရှိပါဘူး။”
လက်ရှိဆည်တွေရဲ့အခြေအနေကို အမြဲတမ်းစောင့်ကြည့်နေတာဖြစ်ပြီး စိုးရိမ်စရာမလိုဘူးလို့ လယ်ယာ စိုက် ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုး တင့်ထွန်းက ပြောပါ တယ်။
ကရင်ပြည်နယ်အတွင်းမှာလည်း ရေကျသွားတဲ့အခြေအနေကြောင့် ရေဘေးရှောင် ဒုက္ခသည်တချို့ အိမ်ပြန် နေကြပြီလို့ ကရင်ပြည်နယ်သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်းက ပြောပါတယ်။
“ညတုန်းကစပြီး မိုးရွာတာတော်တော် ကျဲသွားတယ်။ ရေကတော်တော်ကျသွားတယ်။ ဒုက္ခသည် စခန်းက ရေဘေးရှောင်တွေက အိမ်ကိုပြန်လို့ရတဲ့ပုဂ္ဂိုလ်တွေ ဖါးအံပေါ်မှာတော့ လေးပုံပုံ တပုံလောက်ပြန်သွားတယ်။ တချို့တဝက်လောက်တော့ ရှိတယ်။”
ဒါပေမဲ့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးမှာ ဒီရက်မှာမိုးရွာသွန်းဆဲ အခြေအနေကြောင့် ရေဘေးသင့် ဒေသတွေမှာ ရေတွေတိုးမြင့်လာနေတဲ့ အခြေအနေရှိ နေပါတယ်။
မွန်ပြည်နယ် ရေကြီးမှုအဆိုးဝါးဆုံးဖြစ်ခဲ့တဲ့ဘီးလင်းမြို့နယ်မှာ ရေကျသွားပြီးဆိုပေမဲ့ သထုံမြို့နယ်မှာ လက်ရှိ မိုးရွာနေဆဲအခြေအနေကြောင့် နယ်ဘက်ဒေသကျေးရွာ (၃၀) မှာ ရေဘေး ဒုက္ခသည်တွေ (၁၂,၀၀၀) ကျော် ရှိနေဆဲလို့ သထုံမဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။
“အဲဒီရေမြုပ်ရေလွှမ်းသွားတဲ့ရွာတွေက အဆက်အသွယ်လုံးဝပြတ်တောက်သွားတာ။ သူတို့လည်း ဒီဘက်ကို လုံး၀ လာလို့မရဘူး။ ကယ်ဆယ်ရေးစခန်းလည်း ဖွင့်လို့မရဘူး။ နေ့တိုင်းမိုးတွေ တအား ရွာတဲ့အခါကျတော့ ရေတအားတက်နေပြီးတော့ ရေလုံးဝပြန်မကျဘူး။ သူတို့ကျေးရွာမှာပဲ သူတို့က။ အဲဒီကျေးရွာကနေ ဒီဘက်လာဖို့ကလည်း ရေပြင် ကျယ်ကြီး အကြီးကြီး။ အဲဒီမှာရှိနေတဲ့ကျေးရွာ (၃၀) မှာ လူဦးရေ (၁၂,၀၀၀) ကျော်လောက်ရှိတယ်။”
သထုံမြို့နယ်အတွင်း ရေလွှမ်းနေတဲ့ရွာပေါင်း ၃၀ မှာ အအေးမိ ဖျားနာအပါအဝင် ဝမ်းပျက်၊ ဝမ်းလျှော၊ ဝမ်းကိုက်ဖြစ်နေတဲ့သူ (၉၀၀) ကျော်ရှိလာပြီလို့လည်း ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။
“နာဖျားတဲ့ဦးရေ (၉၂၅) ယောက်ရှိတယ်။ နာဖျားနေတယ်လို့ ပြောလို့ရတာပေါ့နော်။ လက်ရှိ စာရင်း အရပေါ့။ အအေးမိ နှာစေး တုပ်ကွေးပေါ့။ နောက်တခုက ဝမ်းပျက်ဝမ်းလျောဖြစ်တာတော့ ဝမ်းကိုက် ဖြစ်တာတော့ အယောက် (၅၀) ပဲရှိပါတယ်။ ကျမတို့ သထုံခရိုင်ဆေးရုံအုပ်ကြီးကနေပြီးတော့ သူတို့ mobile သွားတယ်။ ဒါပေမဲ့ အဲဒီလက်လှမ်းမမီတဲ့ရွာတွေကျတော့ ကျမတို့ NLD ခရိုင်မှာ ဆရာဝန်တွေအဖွဲ့ကနေပြီးတော့ သူတို့ mobile ထွက်တယ်။ လှေတွေနဲ့ပဲ သွားလို့ရတယ်။”
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ဘက်မှာတော့ မိုးရွာသွန်းမှု၊ အတ္တရံမြစ်ရေ တိုးလာမှုကြောင့် ရေကြီး လာလို့ ကယ်ဆယ်ရေးစခန်းမှာ လူဦးရေ (၅၀၀) နီးပါးရှိနေပြီး အများစုက မိမိအစီအစဉ်နဲ့ ဘုန်းကြီးကျောင်းတွေမှာ ရေဘေးရှောင် နေတာများတယ်လို့ ကျိုက်မရောမဲဆန္ဒနယ်က ပြည်နယ် လွှတ်တော်ကိုယ်စား လှယ် မင်းအောင်မွန်က ပြောပါတယ်။
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့မှာတော့ ရေတွေတိုးလာနေတဲ့ အခြေအနေနဲ့ ရေဘေးရှောင် တွေရဲ့ နောက်ဆုံးအခြေအနေကို တိုင်းဒေသ လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက အခုလို ပြောပါတယ်။
“ရေတွေကတိုးနေတယ်ဗျ။ ဒီနေ့ကလည်း (၆) လက္မတိုးတယ်ဆိုတော့ (၂၂) ပေနဲ့ (၇) လက်မ ဒီနေ့။ စိုးရိမ်ရေမှတ် အကျော်ပဲ ရှိပါသေးတယ်။ ဒီရေဘေးကြောင့် ပြောင်းရွှေ့တဲ့လူဦးရေပေါင်း (၆,၀၀၉) ဦး ရှိပါတယ်။ ကျနော်တို့ ကယ်ဆယ်ရေးစခန်း (၈) ခုကိုရောက်နေတဲ့လူဦးရေက (၁,၀၁၃)ဦးဖြစ်ပါတယ်။”
ပြီးခဲ့တဲ့ဇူလိုင်လ (၂၆) ရက်နေ့ကစပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်း တနင်္သာရီတိုင်း ဒေသကြီးတွေမှာ မိုးရွာသွန်းမှု ရေကြီးရေလျှံမှုတွေဖြစ်ပွါးခဲ့ပါ တယ်။ ဒီရေကြီးရေလျှံမှုအတွင်း လူဦးရေ (၁၄၇,၀၀၀) ကျော် ရေဘေးသင့်ခဲ့ပြီး (၁၂)ဦးသေဆုံးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကနေ သတင်းထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5