ဧရာဝတီတိုင်းတွင်း မြို့နယ်တချို့မှာ ရေကြီး၊ ရေလျှံနေပြီး တချို့နေရာတွေမှာ မြစ်ရေကြီးတာကို ကာကွယ်ထားတဲ့ ကျေးရွာတာတမံတွေ ကျိုးပေါက်တာမျိုးတွေ ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
အခုဇူလိုင်လအတွင်း ဧရာဝတီမြစ်ရဲ့အထက်ပိုင်း မြစ်ဝှမ်းဒေသတွေမှာ မိုးကြီးရေလျှံခဲ့ပြီး အောက်ပိုင်းဒေသတွေမှာ ဆက်ပြီးရွာသွန်းနေတာကြောင့် ဧရာဝတီမြစ်အပါအဝင် ချင်းတွင်း၊ ငဝန်၊ ဒုဋ္ဌဝတီနဲ့ တိုးမြစ်တွေမှာ စိုးရိမ်ရေမှတ်ကို ကျော်လာနေပါတယ်။ ဒါကြောင့် ဧရာဝတီမြစ်အောက်ပိုင်း မြစ်ဝကျွန်းပေါ်က ဒေသတွေက ကျေးရွာတချို့မှာ တာတမံကျိုးပဲ့ပြီး အရေးပေါ် ရွှေ့ပြောင်းနေရပါတယ်။
ဟင်္သာတ၊ ဇလွန်၊ ငါးသိုင်းချောင်း၊ သာပေါင်း စတဲ့ မြို့နယ်တွေမှာ စိုးရိမ်ရေမှတ်အထက်ကို ရောက်နေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ မြစ်အထက်ပိုင်းရေတွေက မြစ်အောက်ပိုင်းကို စီးဆင်းနေဆဲဖြစ်သလို ဧရာဝတီတိုင်း မြို့နယ်တချို့မှာ အခုလကုန်အထိ ရေလျှံနေနိုင်သေးကြောင်း မိုး/ဇလဌာနရဲ့ ညွှန်ကြားရေးမှူး ဦးလှထွန်းက ဗွီအိုအေကို ပြောပါတယ်။
"ဧရာဝတီကတော့ (မြစ်ရေကြီးတာ) အခုလောလောဆယ်တော့ ဇူလိုင်လကုန်လောက် အထိတော့ ရှိနေသေးတယ်၊ သို့သော်လည်း အထက်ပိုင်းဒေသတွေ မြစ်ကြီးနားတို့၊ ဗန်းမော်တို့၊ ကသာတို့၊ ဒါတွေကတော့ စကြီးနဲ့နေရာတွေပေါ့၊ စိုးရိမ်ရေမှတ်အောက်တော့ ပြန်ရောက်သွားပြီ။ မိုးလည်းများနေ အတက်အကျလည်း ရှိတဲ့အခါကျတော့ မြစ်အောက်ပိုင်း နေရာတွေ အပေါ်က ရေအတက်အကျအပေါ် (မူတည်ပြီး) ဧရာဝတီနဲ့ ဆက်စပ်နေတဲ့ မြို့တွေကတော့ (ရေ) ကြီးနိုင်ပါတယ်။"
ဧရာဝတီတိုင်း ဇလွန်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ပန်းတနော်နဲ့ ဟင်္သာတမြို့နယ်တွေမှာ ကျေးရွာတာတမံတွေ ကျိုးပေါက်ခဲ့ပြီး ကွမ်းနဲ့ စပါးစိုက်ခင်းတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဟင်္သာတမြို့နယ်ရဲ့ လက်ရှိအခြေအနေကို သစ္စာရှင် ကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ခံက အခုလိုပြောပါတယ်။
"ဟင်္သာတမှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်ပြီး ကမ်းပြိုသွားတာ ဖောင်ဆိပ်ကျေးရွာတို့ ဘာတို့မှာရှိတယ်။ ဘုန်းကြီးကျောင်းတို့ ဘာတို့လည်း ပါသွားတယ်။ တခါ မြန်အောင်ဘက်မှာလည်း ရေတက်လို့ အိမ်တွေ ခေါင်အထိမြုပ်လို့ အကုန်ပြောင်းရွှေ့ရတယ်ပေါ့။ ၂ ရက်အတွင်းကို ရေက တအားတက်သွားတာဆိုတော့လေ အဲဒါမို့ ပစ္စည်းတွေကတော့ မသယ်နိုင်ဘူးပေါ့။ လူတွေပဲ ဘုန်းကြီးကျောင်းတွေမှာ လောလောဆယ် ပြောင်းရွှေ့နေထိုင်ကြတယ်။"
ဇူလိုင်လ ၁၂ ရက်လောက်မှာ ဧရာဝတီမြစ်ရေကြီးမှုဟာ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကို ရောက်ခဲ့တာပါ။ မနေ့က ဇူလိုင် ၂၂ရက်မှာ မကွေးတိုင်း ဒေသတချို့မှာ ရေကျလာပေမဲ့ စိုးရိမ်ရေမှတ်မှာ ရှိနေတုန်း ဖြစ်ပါတယ်။ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မိုးညိုမြိုမှာတော့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာလို့ သီးနှံစိုက်ခင်း အမြောက်အများ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ မိုးညိုမြို့နယ်က ကျေးရွာ ၇၀ လောက်မှာ နှမ်း၊ ပြောင်း၊ ငရုပ်နဲ့ စပါးစိုက်ဧက ၁၅,၀၀၀ အထက် ပျက်စီးမှု ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပြခဲ့တာပါ။
Your browser doesn’t support HTML5