မြစ်ရေကြီးမှုကြောင့် မြန်မာနိုင်ငံတဝန်း ဒေသခံတွေ ဒုက္ခရောက်

ပဲခူးမြစ်ရေလျှံမှုကြောင့် ပဲခူးမြို့တွင်း လမ်းတနေရာ ရေကြီးနေစဉ်။ ဇူလိုင် ၂၃၊ ၂၀၁၁။

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်မှာ မုတ်သုံလေ အားကောင်းပြီး မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ မိုးအဆက်မပြတ် ဆိုသလို ရွာသွန်းနေတာကြောင့် မြစ်ရေ ချောင်းရေ လျှံပြီး မြို့အတော်များများနဲ့ ကျေးရွာတွေ ရေလွှမ်းမိုးနေပါတယ်။ အထူးသဖြင့် ပဲခူးမြို့မှာ ရေကြီးနေတာကြောင့် ရေဘေးဒုက္ခသည် ၁၀,၀၀၀ လောက်က မြို့ပေါ်က ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ လာရောက် ခိုလှုံနေကြပါတယ်။ နေရာဒေသ အတော်များများမှာ ဒီလို ရေလွှမ်းမိုးတာကြောင့် စပါးခင်း ပျက်စီးနေပြီး တောင်သူတွေဟာ ထပ်မံစိုက်ပျိုးဖို့လည်း အခက်တွေ့နေကြရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီရက်ပိုင်းတွေ အတွင်းမှာ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ငဝန်မြစ်နဲ့ ပဲခူးမြစ်ရေတွေဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီး ရေလွှမ်းမိုးခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ရပ်ကွက်နဲ့ ကျေးရွာ အတော်များများ ရေကြီးခဲ့တာကြောင့် ပဲခူးမြို့ပေါ်မှာ ဒုက္ခသည် ၁၀,၀၀၀ နီးပါးလောက် လာရောက် ခိုလှုံနေရတယ်လို့ ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ဆရာတော် ဦးကိတ္တိက မိန့်ကြားပါတယ်။

“ကျေးရွာတွေ အားကြီးပေါ့၊ ပဲခူးအထွက်ဆိုရင် ကနီးရယ်၊ အဝိုင်းရယ်၊ ကျောက်ကလေးရယ် အဲဒီဘက်မှာတော့ လယ်တွေပါ အကုန်မြုပ်ကုန်ပြီ။ ဒုက္ခသည် အားလုံးပေါင်း ၁၀,၀၀၀ လောက် ပြည့်တော့မယ်။ နေရာတွေကတော့ ပဲခူး ရွှေမော်ဓောရဲ့ အနောက်ဘက်မုခ်က ဗိမာန်တို့၊ မွန်ပိဋကတ်တို့၊ ကျောက်ကြီးဘက်ကျတော့ စာသင်ကျောင်းတို့၊ ဘုန်းကြီးကျောင်းတို့၊ ခေါင်းဆေးကျွန်းကျတော့လည်း ဘုန်းကြီးကျောင်းတို့၊ ဘုရားတွေ၊ အဲဒီလိုနေရာတွေမှာ ထားထားပါတယ်။”

ပဲခူးမြို့မှာ ပြီးခဲ့တဲ့လ နောက်ဆုံးအပတ်ကလည်း ရေတကြိမ် ကြီးခဲ့ပြီး အခုတကြိမ်ကတော့ အရင်တကြိမ်ထက် ရေလွှမ်းမိုးတဲ့နေရာ ပိုများတယ်လို့လည်း ပြောပါတယ်။ လောလောဆယ်မှာတော့ ရေဘေးဒုက္ခသည်တွေကို အာဏာပိုင်တွေက နေရာချထားပေးပြီး ရပ်ရွာလူထုက အဓိက ဝိုင်းဝန်းကူညီ ထောက်ပံ့နေရတယ်လို့ ဆရာတော်က ဆက်မိန့်ပါတယ်။

“အာဏာပိုင်တွေဘက်ကတော့ သူတို့က နေရာချထားရေးဆိုပြီး လိုက်တော့ ကြည့်တာပဲ။ လိုက်ကြည့်ပြီးတော့ ရယက ဥက္ကဋ္ဌတွေ၊ အုပ်ချုပ်ရေးမှူးတွေဆီက ထမင်းထုပ် တောင်းပြီးတော့ သူတို့က ဝေတာပဲ။ မြို့နယ်က စေတနာရှင်တွေလည်း လှူတာ များပါတယ်။ ထမင်းထုပ်တွေပို့တယ်၊ ဆန်တွေပို့တယ်။ ဌာနဆိုင်ရာတွေရော၊ လူကြီးတွေရော အကုန်လုံး ဒီဒုက္ခသည်တွေကို လာကြည့်သင့်တယ်။ တော်တော်ကို ဒုက္ခရောက်တဲ့ အတွက်ကြောင့်မို့။ ဝိုင်းဝန်းကူညီကြမယ် ဆိုရင်တော့ ဘုန်းကြီးက ဝမ်းသာတာပေါ့။”

အခြား ပဲခူးမြို့ခံ တယောက်ကတော့ ဒီလို အကြိမ်ကြိမ် ရေလွှမ်းတာကြောင့် ပဲခူးမြို့နယ် အတွင်းက လယ်သမားတွေဟာ လယ်စိုက်မရအောင် ဖြစ်နေတယ်လို့ ပြောပါတယ်။

“လယ်တွေက ရေကြီးတဲ့အခါကျတော့ မျိုးစပါးတွေလည်း ပျက်စီးတာပေါ့။ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ လယ်သမားတွေက ပထမတကြိမ် မျိုးစပါး ထောင်လိုက်တယ်၊ ရေကြီးလို့ မျောပါသွားတယ်၊ ပျက်စီးသွားတယ်။ နောက်တကြိမ် မျိုးစပါးထောင်လိုက်၊ ပျက်စီးသွားလိုက်၊ ခဏခဏ အဲဒီလိုမျိုး ရေကြီးတာတွေနဲ့ ကြုံပြီးတော့ အခု ပဲခူးမြို့နယ် တခုတည်းမက နယ်တိုင်းမှာ ဖြစ်နေတယ်။”

အခုအခါ ပဲခူးမြို့က ရုံး၊ ကျောင်းနဲ့ ဘူတာရုံတွေကို ပိတ်ထားရပြီး ရန်ကုန်၊ မန္တလေး ကားလမ်းမှာလည်း ရေကျော်နေတာကြောင့် မော်တော်ယာဉ် အသေးတွေ ဖြတ်သန်းသွားလာဖို့ ခက်နေတယ်လို့ အခြား ဒေသခံတွေက ပြောပါတယ်။

ပဲခူးတိုင်း မဒေါက်မြို့နယ်ဘက်မှာလည်း စစ်တောင်းမြစ်ရေ ကြီးတာကြောင့် ဒုက္ခသည် ၂၀၀ ကျော်ဟာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရတယ်လို့ ညောင်လေးပင်က ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ တဦးက ပြောပါတယ်။

“ရေတက်တာ အခုဆိုရင် ၄ ရက်မြောက် ရှိသွားပြီ။ ရေကတော့ အခု စိုးရိမ်ရေမှတ် အပေါ်ကို တက်နေပြီးတော့ ဒုက္ခသည် ၂၅၀၊ ၃၀၀ ပတ်ဝန်းကျင်လောက်ကို တံခွန်တိုင် ဘုန်းကြီးကျောင်းမှာ ဒုက္ခသည်စခန်း ဖွင့်ပြီးတော့ ကျွေးထားရတယ်။ မနေ့တုန်းက မြို့ပေါ်ရပ်ကွက်ကနေပြီးတော့ သွားတယ်၊ ဒီနေ့ စေတနာ လူမှုကူညီရေးအသင်းက သွားတယ်။ ထမင်းထုပ်နဲ့ ဆရာဝန်တွေက ဆေးဝါးကုသမှု ကူညီပေးတယ်။”

ရွှေကျင်မြို့မှာလည်း ရေလွှမ်းနေပေမဲ့ ဒုက္ခသည်စခန်းဖွင့်ပြီး ကူညီတာတော့ မကြားရသေးဘူးလို့ သူက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ကလေးမြို့မှာတော့ မြစ်သာမြစ် ရေကြီးတာကြောင့် ကလေးမြို့အနီးက ကျေးရွာတွေ ရေနစ်မြုပ်ကုန်ပြီး ရွာသူရွာသားတွေဟာ ကလေးမြို့ပေါ်မှာ လာရောက် ခိုလှုံနေကြရသလို ကလေးနဲ့ ကလေး၀ ကားလမ်းဟာလည်း ရေကြီး တောင်ပြိုတာကြောင့် အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။

“ရေက တောင်ငူတို့၊ ပျဉ်သာတို့ကတော့ ရွာလေးတွေ၊ မြစ်ကမ်းဘေးဆိုတော့ သူတို့ကတော့ မြုပ်ပြီ။ ရေဘေးဒုက္ခသည်တွေကတော့ အောင်မင်္ဂလာ ဇာတ်ရုံမှာလည်း ရှိတယ်၊ တချို့လည်း ဘုန်းကြီးကျောင်းတွေမှာ သွားနေကြတယ်။ တချို့လည်း လမ်းဘေးမှာပဲ တဲလေးတွေနဲ့ နေကြတာပေါ့၊ ဝက်ကလေးတွေရော၊ ကြက်ကလေးတွေရော၊ နွားကလေးတွေရော။ ကလေးဝကတော့ သွားလို့မရတော့ဘူးလေ။ ကလေးဝကြားမှာ တနေ့ကတည်းက မြေတွေ ပြိုနေတာလေ။ ကလေးဝနဲ့ကတော့ အဆက်အသွယ် ပြတ်သွားပြီ။”

အခြား ဒေသခံ တယောက်ကတော့ ကလေးမြို့ပေါ်မှာ ဒုက္ခသည် ၁,၀၀၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။

“ဒုက္ခသည် ခန့်မှန်းချေ ဒီဘက် အောင်မင်္ဂလာ ဇာတ်ရုံထဲမှာတော့ ၆၀၀ လောက်ရှိတယ်။ တခြားကျောင်းတွေမှာလည်း ၂၀၀၊ ၃၀၀ လောက်စီတော့ ရှိကြတယ်။ ဒုက္ခသည်တွေကိုတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက ထမင်းထုပ် ဖြန့်ပေးနေပါတယ်။”

စစ်ကိုင်းတိုင်း မော်လိုက်၊ ကလေးဝနဲ့ မုံရွာမြို့တွေမှာလည်း ဒီရက်ပိုင်းအတွင်း ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ် ကျော်လွန်နေပါတယ်။ မုံရွာမြို့က ရပ်ကွက်တွေ ရေဝင်တာ မရှိပေမဲ့ မုံရွာမြို့ တောင်ဘက်က ကျေးရွာတွေကတော့ ရေလွှမ်းမိုးနေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ဘက်မှာလည်း မနေ့က မိုးရေချိန် ၁၀.၇ လက္မ ရွာသွန်းခဲ့ပြီး ၂၅ နှစ်အတွင်းမှာ အများဆုံး ဖြစ်တယ်လို့ ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။