ဒီသီတင်းပတ်တွေထဲ မုတ်သုံလေအားကောင်းပြီး မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းနေတဲ့အတွက် မြန်မာနိုင်ငံတဝှမ်း အထူးသဖြင့် တနင်္သာရီတိုင်း ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်အပါအဝင် တိုင်းဒေသကြီးတချို့မှာ ရေလွှမ်းမိုးမှုတွေဖြစ်လို့ ဒေသခံပြည်သူ တော်တော်များများ ရေဘေးသင့်နေကြရပါတယ်။ အခုလို မိုးများရေကြီးချိန် မြစ်ရေတွေကလည်း စိုးရိမ်ရေမှတ် ကျော်လွန်တဲ့အထိ မြင့်တက်လာတဲ့အတွက် မြစ်ကမ်းနဘေးနေပြည်သူတွေ မြေပြိုကျမှုနဲ့ ရေဘေးအန္တရာယ် အထူးသတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှှုဦးစီးဌာနက အထူးသတိပေးပြောဆိုလိုက်ပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံတဝှမ်း မုတ်သုံလေအားကောင်းနေတဲ့အတွက် ရှေ့သီတင်းပတ်ထဲ မိုးဆက်တိုက်ရွာသွန်းနိုင်ခြေရှိသလို မြစ်ရေတွေကလည်း စိုးရိမ်ရေမှတ် ကျော်လွန်တဲ့အထိ မြစ်ရေလျှံမှုဖြစ်နေလို့ ရေဘေး အထူးသတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေး ပြောဆိုလိုက်ပါတယ်။ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ အားကောင်းဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်ရဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံတဝှမ်း ရှေ့ဆက်ဖြစ်ပေါ်မယ့် မိုးလေဝသ နောက်ဆုံးအခြေအနေကို မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။
“မုန်တိုင်းငယ်ကတော့ မနေ့ညက အိန္ဒိယကို ဝင်သွားပြီပေါ့နော်။ ဒီမုန်တိုင်းငယ် အိန္ဒိယကို ဝင်သွားတဲ့အချိန်ကျတော့ ကျနော်တို့ ကမ်းရိုးတမ်း မှာ ၁ ရက် ၂ ရက်အားကောင်းပြီးတော့ နောက်ပိုင်းမှာ မုတ်သုံလေက အားလျော့လာမယ့် အနေအထားမှာရှိပါတယ်။ မနက်ဖြန်ဆိုရင်တော့ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒီ ပြည်နယ်တိုင်းဒေသကြီး ၄ ခု မှာတော့ နေရာကွက်ပြီးတော့ မိုးကြီးနိုင်သေးတယ်။ ကျန်တဲ့တိုင်းဒေသကြီးတွေမှာတော့ နေရာစိပ်စိပ်ကနေ နေရာတော်တော်များများကတော့ မိုးများမယ့်အနေအထားတော့ရှိတယ်။”
မိုးဆက်တိုက် သည်းထန်စွာရွာသွန်းနေမှုကြောင့် အထူးသဖြင့် ဧရာဝတီမြစ်၊စစ်တောင်းမြစ်၊ ရွှေကျင်မြစ် ၊ပဲခူး၊ ငဝန်မြစ်တွေရဲ့ စိုးရိမ်ရေမှတ် အထက်ရောက်ရှိနေတဲ့ မြစ်ရေစိုးရိမ်ရေမှတ်အခြေအနေနဲ့အတူူ မြစ်ကမ်းပါးဘေး နေထိုင်သူတွေအနေနဲ့ မြေပြိုကျမှုအန္တရာယ်တွေကို သတိထားရှောင်ရှားကြဖို့နဲ့ မိုးများရေကြီးနေတဲ့အချိန် သဘာဝဘေးအန္တရာယ် မိုးလေဝသ အထူးသတိပေးကြေညာချက်တွေကို မျက်ခြေမပြတ် နားစွင့်ထားပြီး လိုက်နာကြဖို့ကိုလည်း မိုးဇလညွှန်ကြားရေးမှူးချုပ်က သတိပေးပါတယ်။
“သံလွှင်မြစ်ရေ က စိုးရိမ်အမှတ်ထက်ကို ၂ ပေခွဲလောက် ကျော်နေတယ်။ နောက် ၄၊၅၊၆ ရက်လောက်မှာဆိုရင်တော့ စိုးရိမ်အမှတ်အောက်ကို ပြန်ကျနိုင်မယ့်အနေအထားတော့ ရှိပါတယ်။ စစ်တောင်းမြစ်ရေဆိုရင်လည်း ရေအတက်အကျနည်းနေတယ် အကျဘက်ကို နည်းနည်းပြန်ပြီး ဦးတည်လာနိုင်တဲ့အနေအထားရှိတယ်။ အဲဒီလိုမျိုးပဲ ကျနော်တို့ ရွှေကျင်မြစ် မှာလည်း စိုးရိမ်အမှတ်ထက်ကို ၃ ပေလောက်ကျော်နေတယ်။ နောက် ၂ ရက်အတွင်းမှာတော့ ၁ ပေခွဲလောက် ကျနိုင်တယ်ပေါေ့နာ်။ ဒါပေမယ့် သူက စိုးရိမ်အမတ်ထက်ကို ၁ ပေခွဲလောက်တော့ ရှိနေဦးမှာပဲပေါ့နော်။ ကျန်တဲ့ မအူပင်တို့ ပုသိမ်တို့ကျတော့ ဒီရေအတက်အကျရှိနေတယ်။ ရေတက်လာတဲ့အချိန်မှာတော့ စိုးရိမ်အမှတ်ကိုရောက်သွားတယ် ပြီးတော့ ဒီရေ ကျသွားရင် စိုးရိမ်အမှတ် အောက်ကိုရောက်သွားတဲ့အနေအထားမျိုးရှိပါတယ်။
မေး။ ။ ဆရာအဲဒီတော့ လက်တလောမှာ မြစ်ရေတချို့လည်း စိုးရိမ်အမှတ်အထက် ရောက်တာရှိတယ်။ နောက်ရေကြီးရေလျံလည်းဖြစ်နေတဲ့အခါကျတော့ ပြည်သူလူထုကို မိုးလေဝသ ဇလဗေဒ ဦးစီးဌာန အနေနဲ့ ဘာများသတိပေးစကား၊ ပညာပေးစကားပြောချင်တာရှိပါသလဲ။
ဖြေ။ ။ အဓိကတော့ ဒီမြစ်ရေတွေ စိုးရိမ်အမှတ်ကို ကျော်လွန်ရောက်ရှိသွားပြီ အတွက်ကြောင့် သက်ဆိုင်ရာ မြို့၊ အိမ်တွေမှာ ရေဝင်ရောက်မှုတွေ ရှိလာပြီဆိုရင်တော့ ဘေးလွတ်တဲ့နေရာတွေမှာ ခေတ္တခဏရွှေ့ပြောင်းဖို့လိုတယ်။ သက်ဆိုင်ရာ သဘာဝဘေး ဆောင်ရွက်တဲ့အဖွဲ့တွေရဲ့ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့လိုတယ်။ နောက်တခုကတော့ မြစ်ရေတွေ ကြီးလာတာနဲ့အတူ ဒီမြစ်ရေထဲမှာ ပိုးမွားအကောင်တွေပါလာတာမျိုးတွေရှိတယ်။ မိုးတွင်းကာလမှာတော့ သတိပြုနေထိုင်သင့်ပါတယ်။”
လတ်တလောမှာတော့ ရေဘေးသင့် တိုင်းနဲ့ပြည်နယ်အချို့က မိုးများရေကြီးပြီး နေအိမ်တွေပါ မျောပါ လူနေအိမ်တွေပါ ရေနှစ်မြုပ်နေတဲ့ အရေးပေါ်အခြေအနေမှာတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ယာယီရေဘေးကူညီကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပေးထားသလို ရေဘေးလွတ်ရာကုန်းမြင့်နေရာတွေ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ဘုရားရှိခိုးကျောင်းတွေမှာ ရေဘေးသင့်ပြည်သူတွေအတွက် ကူညီကယ်ဆယ် နေရာချထားပေးနေပါတယ်။
အဲ့သလို လူအများစု စုဝေးနေထိုင်ရာ ရေဘေးစခန်းတွေမှာ ခိုလှုံနေရတဲ့ ရေဘေးသင့်ပြည်သူတွေ အနေနဲ့ မသန့်ရှင်းတဲ့ရေကြောင့် ဖြစ်လာမယ့် ကူးစက်ရောဂါတွေမဖြစ်ပွားရအောင် အထူးသတိထားကြဖို့နဲ့ ရှေ့သီတင်းပတ်ထဲ ဆက်ဖြစ်လာနိုင်တဲ့ မိုးလေဝသအခြေအနေကိုတော့မိုးလေဝသပညာရှင် ဦးထွန်းလွင်က အခုလို သတိပေးပါတယ်။
“ဒါက စက်တင်ဘာ လကုန်အထိ မိုးကောင်းမှာလေ။ နောက်ပိုင်းထပ်ပြီးတော့ မိုးရွာဦးမှာ ၊ နောက်ထပ်ရေကြီးတာတွေ ရှိဦးမှာပဲ။ နံပတ် ၁ ကတော့ သတင်းကို သေချာနားထောင်ပေါ့၊ နံပတ်၁ အရေးကြီးဆုံးကတော့။ နံပတ် ၂ ကတော့ ဒီ ရေကြီးတာ မပြီးသေးဘူး နောက်ထပ် လာဦးမယ်ဆိုတာ သိထားဖို့လိုပါတယ်။ နောက်တခါ နံပတ် ၃ ကတော့ ကိုယ်နေတဲ့နေရာက ဘယ်လိုမျိုးလဲပေါ့ ဥပမာ - ရှောင်ရှားဖို့လိုတဲ့နေရာမျိုးဆိုရင် ရှောင်ကို ရှောင်ရမယ်လေ။ အဲဒီထဲမှာ နေရင်တော့ အန္တရာယ်ရှိတာပေါ့။ သို့သော် တချို့ကတော့ နည်းနည်းခေါင်းမာပြီးတော့ မရွှေ့တာတို့ အဲလိုမျိုးလူတွေကတော့ နည်းနည်းအန္တရာယ်ရှိတာပေါ့နော်။ အဓိကတော့ ရေကြီးရင် ပြဿနာက သောက်သုံးရေ ကို ဂရုစိုက်ဖို့နဲ့ သန့်ရှင်းတဲ့ရေပေါ့။ နောက်တခါ ဝမ်းပျက်ဝမ်းလျော သတိထားရမယ်။ နည်းနည်း ဂရုစိုက်ပြီးတော့ နေရမယ်ပေါ့။”
ရေဘေးသင့်ပြည်သူတွေအနေနဲ့ မသန့်ရှင်းတဲ့ရေကြောင့် ဖြစ်လာနိုင်တဲ့ ကူးစက်ရောဂါတွေကို ကြိုတင်ကာကွယ်ကြဖို့နဲ့ ကျန်းမာရေး အသိပညာပေး သတိပေးချက်တွေကို အထူးလိုက်နာကြဖို့ကိုလည်း ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနနဲ့ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေဘက်က လိုက်လံဆော်သြနေကြချိန်လည်းဖြစ်ပါတယ်။
အခုလို နိုင်ငံတဝှမ်း ရေဘေးအန္တရာယ်သင့်ဒေသတွေမှာ အရေးပေါ်ကူညီကယ်ဆယ်ရေးနဲ့ သဘာဝဘေးကြုံလာရချိန် အရေးပေါ် ဆောင်ရွက်နိုင်ဖို့တွေကို သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေကြပေမဲ့လို့ ရေဘေးသင့်ဒေသတွေမှာတော့ ကူညီကယ်ဆယ်ရေးတွေ ၊ စားနပ်ရိက္ခာ သောက်သုံးရေတွေ အရေးပေါ်လိုအပ်နေဆဲအခြေအနေဖြစ်ပြီး အစိုးရတာဝန်ရှိသူတွေအနေနဲ့ ဒီ့ထက်ပိုပြီး စနစ်တကျဆောင်ရွက်ပေးသင်တယ်လို့လည်း ရေဘေးဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။
Your browser doesn’t support HTML5