မြန်မာလယ်သမားတွေကို အကူအညီပေးမယ့် ကန်အစီအစဉ်

မြန်မာလယ်သမားတွေကို အကူအညီပေးမယ့် ကန်အစီအစဉ်

မြန်မာလယ်သမား တစ်သိန်းကျော်အတွက် အမေရိကန်ဒေါ်လာ ၈ သန်းတန်ဖိုးရှိတဲ့ အသေးစားချေးငွေနဲ့ နည်းပညာကူညီပေးဖို့ အမေရိကန်အစိုးရရဲ့ နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း OPIC နဲ့ မြန်မာ့လယ်ယာကဏ္ဍကိုကူညီပေးနေတဲ့ Proximity Finance တို့သဘောတူ လတ်မှတ်ရေးထိုးလိုက်ပါတယ်။ လယ်ယာကဏ္ဍမှာ လိုအပ်နေတဲ့ သီးနှံစိုက်ပျိုးစရိတ်ရရှိရေး နည်းပညာဖွံ့ဖြိုးရေးအတွက် အခုလိုကူညီထောက်ပံ့ပေးတာလို့ OPIC ရဲ့အကြီးအကဲက ပြောပါတယ်။ ဧကနည်းလယ်သမားတွေအတွက် ထုတ်ချေးပေးမယ့် အမေရိကန်အကူအညီအကြောင်း ကိုစည်သူပြောပြပေးမှာပါ။

အမေရိကန်အစိုးရရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘဏ္ဍာရေးအကူအညီပေးရေးအဖွဲ့အစည်းဖြစ်တဲ့ နိုင်ငံရပ်ခြားရင်းနှီး မြှုပ်နံှမှုကော်ပိုရေးရှင်း (OPIC) အနေနဲ့ မြန်မာနိုင်ငံက ဝင်ငွေနည်းလယ်သမားတွေအတွက် လိုအပ်တဲ့ အသေးစားချေးငွေထောက်ပံ့ပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၈ သန်း ကူညီပေးတာဖြစ်ကြောင်း OPIC ရဲ့ အကြီးအကဲ အဲရစ်ဂျုန်းစ် ကပြောပါတယ်။

“အခုလို ကျွန်တော်တို့ OPIC နဲ့ Proximity Design နဲ့ပူးပေါင်းပြီး ကျေးလက်မှာရှိတဲ့ လယ်သမားတွေအတွက် အမေရိကန်ဒေါ်လာ (၈) သန်းထောက်ပံ့ပေးနိုင်တာ အတော်ပဲ စိတ်လှုပ်ရှားမိပါတယ်။ ဒါက တစ်ဦးချင်းအနေနဲ့ကော လယ်ယာစီးပွားအတွက်ပါ အရေးပါတဲ့ ငွေကြေးအထောက်အပံ့မျိုးဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”

အခုလိုအကူအညီပေးတာဟာ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ်အကူအညီပေးနေတဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း လတ်မှတ်ထိုးပွဲကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ် ကပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ပတ်သတ်လာရင် အမေရိကန်အစိုးရရဲ့ အဓိကရည်ရွယ်ချက်က နိုင်ငံကို ငြိမ်းချမ်းပြီး ကြွယ်ဝတိုးတက်အောင် အဖက်ဖက်ကကြိုးစားနေတဲ့သူတွေကို အတတ်နိုင်ဆုံးအကူအညီပေးသွားဖို့ပါ။ အားလုံးသိထားသလိုပဲ ဒီလိုလုပ်ဖို့က စိန်ခေါ်မှုတွေရှိသလို အခွင့်အလမ်းတွေလည်းရှိပါတယ်။ လူတွေရဲ့ဘဝတွေကို ထိထိရောက်ရောက်နဲ့ တကယ် အကျိုးပြုစေနိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက အသေးစားချေးငွေလုပ်ငန်းတွေကို လက်လှမ်းမှီနိုင်အောင် ထောက်ပံ့ပေးတာပါပဲ။”

အခုထောက်ပံ့မှုဟာ ဧကနည်းလယ်သမားတွေ၊ အထူးသဖြင့် ရင်းနှီးငွေနည်းပါးနေတဲ့ အမျိုးသမီးတောင်သူတွေကိုလည်း အဓိကရည်ရွယ်ပြီး ကူညီပေးသွားမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

အခုထောက်ပံ့တဲ့ ငွေကြေးတွေကို ဧရာဝတီတိုင်း၊ မန္တလေး စစ်ကိုင်း မကွေးနဲ့ ရှမ်းပြည်နယ်စတဲ့ ဒေသတွေက တောင်သူ ၁ သိန်းကျော်ကို အသေးစားငွေချေးလုပ်ငန်းနဲ့ နည်းပညာတွေ ထောက်ပံ့ပေးသွားမယ်လို့ Proximity Designs ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

Proximity Designs အနေနဲ့ ပုံမှန်အသေးစား ငွေချေးလုပ်ငန်းတွေနဲ့မတူပဲ စိုက်ပျိုးခင်းအခြေပြု ငွေချေးစနစ်ကို လုပ်ကိုင်နေတာကြောင့် ဝင်ငွေနည်းလယ်ယာလုပ်ကိုင်သူတွေအတွက် ချေးငွေကြောင့် ဝန်ထုပ်ဝန်ပိုးသက်သာစေမယ်လို့ Proximity Finance ရဲ့ ဘဏ္ဍာရေးအကြီးအကဲ မစိမ်းနွဲ့ဦး ကပြောပါတယ်။

“ဆိုတော့ တောင်သူဟာ အခုဒီလမှာ ငွေထုတ်ချေးလိုက်ပြီ စိုက်ပျိုးစရိတ်တွေအတွက် စိုက်ပျိုးလိုက်ပြီဆိုပါစို့ နောင်သုံလေးလနေတဲ့အခါမှာ သူတို့ရာသီသီးနှံပေါ်တဲ့အခါရှိမယ် အဲဒီအချိန်ကျတော့မှ သူတို့အနေနဲ့ ငွေပြန်ဝင်လာမယ့်အခါမျိုးရှိမယ်ပေါ့နော် ။ ကျွန်မတို့ကလည်း ချေးငွေပြန်ကောက်တဲ့အခါမှာ သူတို့ငွေပြန်ပေါ်နိုင်တဲ့အချိန်ကျတော့မှ သူတို့ဆီ ကနေပြန်ပြီးကောက်ခံတဲ့စနစ်မျိုးတွေ လုပ်ပေးပါတယ်။ အဲလိုလုပ်ပေးခြင်းအားဖြင့် တောင်သူတွေ အနေနဲ့ကြည့်မယ်ဆိုရင်လည်း ပြန်ပေးရတဲ့ငွေပမာဏတွေဟာလည်း သူတို့အတွက် ဝန်ထုပ်ဝန်ပိုးတွေမဖြစ်တော့ဘူး။ ကျွန်မတို့ပေးတဲ့ထုတ်ကုန်တွေကလည်း သူတို့ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိတာကိုတွေ့ရတယ်။ ဆိုတော့ သူတု့ိမှာလည်း အကျိုးကျေးဇူးတွေအများကြီးရှိတာကို တွေ့ရပါတယ်”

အခု OPIC ရဲ့ ထောက်ပံ့ပေးငွေ ဒေါ်လာ ၈ သန်းအပြင် မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ Skoll Foundation ကလည်း Proximity Design ရဲ့ အသေးစားငွေချေးအစီအစဉ်မှာ အမေရိကန်ဒေါ်လာ ၂ သန်းထည့်ဝင် ထောက်ပံ့ပေးတယ်လို့ မစိမ်းနွဲ့ဦးကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လုပ်သားအင်အား ၆၀ ရာခိုင်နှုန်းဟာ လယ်ယာကဏ္ဍမှာ ဝင်ရောက် လုပ်ကိုင် နေပြီးတော့ လယ်ယာကဏ္ဍထုတ်ကုန်တန်ဖိုးဟာ စုစုပေါင်းပြည်တွင်းထုတ်ကုန် GDP တန်ဖိုးရဲ့ ခန့်မှန်းခြေ ၃၀ ရာခိုင်နှုန်းရှိကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

မြန်မာလယ်သမားတွေကို အကူအညီပေးမယ့် ကန်အစီအစဉ်

Your browser doesn’t support HTML5

လယ်သမားတွေအတွက် အသေးစားချေးငွေ အကူအညီ