လယ်သမားတွေ ပစ်ပယ်ခံနေရပြီလား

တိုက်ကြီးမြို့နယ်တွင်းက လယ်ယာလုပ်ငန်းခွင်တခု။ (ဧပြီ ၄၊ ၂၀၀၈)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တောင်သူလယ်သမားတွေဟာ မိမိပိုင် စိုက်ပျိုးမြေတွေ အားလုံးကို စိုက်ပျိုးနိုင်ခြင်း မရှိတော့ဘဲ ပလပ်မြေ၊ မြေလွတ်တွေအဖြစ် ထားရှိနေကြရပါတယ်။ ဘာကြောင့် အဲဒီလို မိမိပိုင် စိုက်ပျိုးမြေတွေကို တောင်သူလယ်သမားတွေ လွှတ်ထား ပလပ်ထားရသလဲ ဆိုတာကို ကိုခင်မောင်စိုးမင်းက စုစည်းတင်ပြထားပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံ အများစုမှာ တိုင်းပြည်ရဲ့ အဓိကစီးပွားရေးဟာ စိုက်ပျိုးရေး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အလားတူ စိုက်ပျိုးရေးကသာ အစဉ်အဆက် တိုင်းပြည်ရဲ့ အဓိကစီးပွားရေး ဖြစ်ပါတယ်။ ဒါပေမယ့် တောင်သူလယ်သမားတွေဟာ ကိုယ်ပိုင်စိုက်ပျိုးမြေကွက်တွေကို စိုက်ပျိုးခြင်းမရှိတော့ဘဲ မြေလွတ်တွေ၊ ပလပ်မြေတွေအဖြစ် ထားပြီး မစိုက်ပျိုးဘဲ ထားကြတာဟာ အရင်နှစ်တွေကလည်း ရှိခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခုအခါမှာ အဆိုးဆုံး ဖြစ်လာခဲ့ကြပါတယ်။ ဘာကြောင့် အဲဒီလို စိုက်ပျိုးခြင်းမရှိတာလဲ ဆိုတာကို မကွေးတိုင်းအတွင်းက တောင်သူတဦးကို မေးကြည့်တော့ ဓာတ်မြေသြဇာဈေးတွေ အပါအဝင် အစစ ဈေးတက်နေကြတဲ့အတွက် အရှုံးပေါ်လို့ မစိုက်တော့ဘူးလို့ ပြောပါတယ်။

“ဒီနှစ်တော့ မြေသြဇာဈေးတွေ ကြီးတော့ တွက်ချေမှ မကိုက်တာ။ အရှုံးခံပြီးတော့ မလုပ်ဘူး၊ တကွင်းလုံးကို လွှတ်ပစ်တာ၊ အကုန်လွှတ်ထားတာ၊ မလုပ်ကြတော့ဘူး၊ လုပ်တဲ့လူကို မရှိတော့ဘူး။ ရတာနဲ့ ကုန်တာနဲ့ မကိုက်တော့ မလုပ်တော့ဘူး။”

အဲဒီလို တောင်သူလယ်သမားတွေက မိမိပိုင် စိုက်ပျိုးမြေတွေကို ပလပ်မြေ၊ မြေလွတ်အဖြစ် လွှတ်ထားလိုက်ကြရတဲ့ အကြောင်းအရင်းကို သက်ဆိုင်ရာ စိုက်ပျိုးရေးဌာနတွေက ကွင်းဆင်းလေ့လာတာ မရှိကြတော့ဘူးလို့လည်း သိရပါတယ်။ ဒါ့အပြင် စိုက်ပျိုးမြေက ဘယ်လောက်၊ ပလပ်မြေ မြေလွတ်တွေအနေနဲ့ လွှတ်ထားလိုက်တာက ဘယ်လောက်ဆိုပြီး စာရင်းဇယား ကောက်ထားတာလည်း မရှိတော့ဘူးလို့ သိရပါတယ်။ တောင်သူလယ်သမားတွေ မိမိပိုင်မြေကို စိုက်ပျိုးနိုင်ခြင်း မရှိတော့ဘဲ လွှတ်ထားလိုက်ရတဲ့ အကြောင်းအရင်းထဲမှာ အရင်ကလို စိုက်ပျိုးစရိတ်ချေးငွေ အမတော်ကြေးကို ထုတ်ချေးတာမျိုး မရှိတာကလည်း အဓိက အချက်တချက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး တောင်သူလယ်သမားအရေး ဆောင်ရွက်သူလည်းဖြစ် ကိုယ်တိုင်လည်း လယ်သမားတဦးဖြစ်တဲ့ ဦးမြင့်နိုင်က သူတို့ တောင်သူလယ်သမားတွေဘဝဟာ အမေ့ခံဘဝကနေ အပြစ်ပယ်ခံဘဝ ရောက်နေပြီလို့ ပြောပါတယ်။

“ကျနော့်မှာ ၁ဝ ဧကလောက်ရှိတာ အခု လုံးဝ ပလပ်မြေဖြစ်သွားတာ။ ဒေသတော်တော်များများမှာ ပလပ်တွေ တော်တော်များတာပေါ့။ စိုက်ပျိုးစရိတ်ကလည်း မတတ်နိုင်ကြဘူးလေ။ တဧကခွဲလောက်စိုက်၊ နှစ်ဧကလောက်စိုက်၊ ကျန်တဲ့တဧက လွှတ်ထားရတာပေါ့။ ဒီနှစ်က မစိုက်နိုင်တဲ့ အနေအထားမှာရှိတာပေါ့ ကုလားပဲစိုက်တောင်သူတွေ အနေနဲ့လည်းလေ။ ကုလားပဲစရိတ်က တဧကဆိုရင် ၅ သိန်းဆို လောက်တယ်။ အဲလောက်စရိတ်နဲ့တောင် ကျနော်တို့ တောင်သူတွေ မကြဲနိုင်ကြဘူး။ စိုက်ပျိုးရေးဌာနတွေ အနေနဲ့လည်း ဆောင်ရွက်ပေးတာ မရှိဘူး။ စိုက်ပျိုးစရိတ်ချေးငွေက ကူညီထောက်ပံမှုတွေ မရှိတော့ တောင်သူတွေလည်း မငတ်ရုံတမယ်ပါပဲ။ အာဏာသိမ်းပြီးတဲ့ နောက်မှာတော့ တောင်သူလယ်သမားတွေရဲ့ ဘဝက အမေ့ခံဘဝကနေ ပြစ်ပယ်ခံ ဖြစ်လာကြတယ်။”

အဲဒီလို စိုက်ပျိုးမြေတွေကို ပလပ်မြေ၊ မြေလွတ်တွေအဖြစ် တောင်သူလယ်သမားတွေ မိမိသဘောနဲ့ လွှတ်ထားပြီး စိုက်ပျိုးခြင်းမပြုတာဟာ တကယ်တော့ ချမှတ်ထားတဲ့ လယ်ယာမြေ ဥပဒေတွေနဲ့တော့ ကိုက်ညီခြင်းမရှိပါဘူး။ အဲဒီလို မိမိသဘောနဲ့ ပလပ်တာ၊ မြေလွတ်အဖြစ် လွှတ်ထားတာတွေဟာ ၂ နှစ်ထက်ပိုကြာရင် သက်ဆိုင်ရာ စိုက်ပျိုးရေးဌာနက သိမ်းယူခွင့်ရှိတယ်လို့ မကွေးတိုင်းအခြေစိုက် တောင်သူလယ်သမားအရေး သင်တန်းတွေပေးနေတဲ့ ဦးအောင်ကျော်ကျော်က ပြောပါတယ်။

“မြန်မာပြည် တနံတလျားကတော့ မြေလွတ်တွေက များနေတာလေ။ မစိုက်ကြတော့ဘူး။ အခုတော့ ပိုဆိုးတာပေါ့ဗျာ။ ဥပဒေမှာကတော့ တောင်သူလယ်သမားရဲ့ ကျန်းမာရေး၊ ငွေကြေးကြောင့် အကြောင်းကြောင်းကြောင့် မစိုက်ပျိုးနိုင်တာကို ၂ နှစ်အထိ ခွင့်ပြုပေမယ့် ၂ နှစ်ကျော်ရင် စည်းကမ်းပျက်မြေအဖြစ် အစိုးရက သိမ်းယူလို့ရတယ်။ အခုကတော့ နိုင်ငံတဝန်း မစိုက်တာဆိုတော့ လက်တွေမှာ သိမ်းတာတော့ မရှိသေးပါဘူး။ အစိုးရဌာနတွေရဲ့ စာရင်းဇယားတွေက ဘယ်တုန်းကမှ မမှန်ခဲ့ဘူးဗျ။”

စစ်အာဏာသိမ်းပြီး အခုအချိန်အခါ မြန်မာတနိုင်ငံလုံးမှာ အစစ ကုန်ဈေးနှုန်းတွေ တက်နေသလို တောင်သူလယ်သမားတွေရဲ့ အဓိက မြေဆီမြေသြဇာ အပါအဝင် စိုက်ပျိုးရေးသုံး ပစ္စည်းတွေရဲ့ ဈေးနှုန်းဟာလည်း ခေါင်ခိုက်အောင် မြင့်တက်နေပါတယ်။ အဲဒီအတွက် လွှတ်ထား၊ ပလပ်ထားတဲ့ စိုက်ပျိုးမြေတွေဟာ အခုအခါမှာတော့ အလိုအလျောက် နွားစာကျက်မြေ ဖြစ်ကုန်ကြပါတယ်။

အရင်က လယ်ယာမြေနဲ့ ပတ်သက်ပြီး လယ်၊ စီ ခေါ် လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ဆိုတာ ဗဟိုကနေ ကျေးလက်အထိ အဆင့်ဆင့်ဖွဲ့စည်းပြီး လုပ်ဆောင်တာတွေ ရှိခဲ့ပေမယ့် စစ်အာဏာသိမ်းပြီး နောက်ပိုင်း အလိုအလျောက် ပျက်ပြယ်ကုန်ပါတယ်။ စစ်အစိုးရ အဆက်ဆက်က စိုက်ပျိုးရေးကို အခြေခံပြီး တခြားစီးပွားရေး ကဏ္ဍတွေကိုပါ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ခေတ်မီနိုင်ငံတော်သစ် တည်ဆောက်ရေး ဆိုပြီး နိုင်ငံပိုင် မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနရဲ့ အင်တာနက်ဝက်ဘ်ဆိုက်မှာတော့ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ကျေးလက်မှာ နေထိုင်ကြကာ အဓိက လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြပြီး လူမှုစီးပွားဘဝတွေ နိမ့်ကျနေကြတယ်လို့ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

လယ်သမားတွေ ပစ်ပယ်ခံနေရပြီလား

--------------------------

(Unicode)

လယျသမားတှေ ပဈပယျခံနရေပွီလား









