ကုလစုံစမ်းရေးအဖွဲ့ တိုက်တွန်းချက်တွေရဲ့ ထိရောက်မှု အလားအလာ

သီးခြား လွတ်လပ်တဲ့ ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့က မြန်မာ စစ်တပ်နဲ့ ဆက်စပ်မှု ရှိတဲ့ စီးပွားရေး လုပ်ငန်းတွေ ဖြစ်တဲ့ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်နဲ့ မြန်မာ စီးပွားရေး ကော်ပိုရေးရှင်းတို့ရဲ့ လက်ရှိ စီးပွားရေး လုပ်ငန်းတွေနဲ့ အဆက်အသွယ် ဖြတ်တောက်ဖို့ နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။ တပ်မတော် စီးပွားရေး လုပ်ငန်းတွေက ရတဲ့ ဝင်ငွေနဲ့ လက်နက်တွေကြောင့် တပ်မတော် အနေနဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရနေတာလို့ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာ အဖွဲ့က ထောက်ပြလိုက်ပါတယ်။ အခုလို ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့ရဲ့ တိုက်တွန်းချက်တွေက လက်တွေ့ အကောင်အထည် ပေါ်လာနိုင်မလား ဆိုတာကို ကိုဝင်းမင်းက မေးမြန်း တင်ပြထားပါတယ်။

မြန်မာ့တပ်မတော်ရဲ့ စီးပွားရေး လုပ်ငန်းကြီးတွေဖြစ်တဲ့ မြန်မာနိုင်ငံ ဦးပိုင် စီးပွားရေး ကုမ္ပဏီ လီမစ်တက်နဲ့ မြန်မာ စီးပွားရေး ကော်ပိုရေးရှင်းတို့ရဲ့လက်အောက်ရှိ ကုမ္ပဏီ ပေါင်း ၁၄၀ ကျော်နဲ့ နီးစပ်တဲ့ ခရိုနီ ကုမ္ပဏီတွေက မြန်မာ စီးပွားရေးမှာ အကြီးအကျယ် ဝင်ငွေရထားတယ်လို့ ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့က အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။ မြန်မာ့တပ်မတော် အနေနဲ့ အခုလို စီးပွားရေးတပ်ဝင်ငွေ သာမရှိဘူးဆိုရင် အစိုးရက ပေးတဲ့ ဘတ်ဂျက်အပေါ်သာ မှီခိုရပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လွတ်လွတ်လပ်လပ်မလုပ်နိုင်ပဲ အရပ်သားအစိုးရကို ပြန်တင်ပြနာခံရမှာ ဖြစ်တယ်လို့ မနေ့က ထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

မြန်မာ့တပ်မတော်ရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အဖွဲ့ဝင်နိုင်ငံတွေကနေ ချက်ချင်းအရေးယူပိတ်ဆို့တာတွေ လုပ်ပေးဖို့ ဒီအစီရင်ခံစာကနေ ထောက်ပြလိုက်တာကြောင့် နိုင်ငံတကာ ကုမ္ပဏီတွေအပေါ် သက်ရောက်နိုင်မှုကို မေးရာမှာ Georgetown တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခမြန်မာ့အရေးကျွမ်းကျင်သူ David Steinberg က

“အနောက်နိုင်ငံ ကုမ္ပဏီတွေအပေါ် ဆိုရင်တော့ သက်ရောက်မူ တချို. ရှိနိုင်ပါတယ်။ အမေရိကန်ကုမ္ပဏီတွေအပေါ်တော့ ဖြစ်နိုင်ပါတာ သိပါတယ်။ EU ကုမ္ပဏီတွေအပေါ်လည်း ဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ ဂျပန်၊ တရုတ်၊ ကိုရီးယား နောက် ဟောင်ကောင်၊ စင်္ကာပူ စတဲ့နိုင်ငံတွေက ကုမ္ပဏီတွေအပေါ်ဆိုရင်တို့ သက်ရောက်မူ ရှိမှာ မဟုတ်ပါဘူး။”

ဒါပေမယ့် အမေရိကန်အခြေစိုက် Kachin Alliance အဖွဲ့က Gum San Nsang ကတော့ သက်ရောက်မှု ရှိနိုင်တယ်လို့ ဆိုပါတယ်။

“ အရင်တုန်းကတော့ Genocide ဆိုတဲ့ အသုံးအနှုန်း မြန်မာပြည်နဲ့ တွဲထားတာဆိုတာ မရှိခဲ့ပါဘူး။ အခုက လုံခြုံရေးကောင်စီက ဒါကို တစိုက်မတ်မတ်ပါဝင်နေတယ်၊ ဒါနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးနေတဲ့ ကဏ္ဍတွေက တော်တော်ကြာလာတယ် ။ ကြာလာပြီးတော့ ဥပမာခင်ဗျ အမေရိကန်ကို ဆိုရင် လွန်ခဲတဲ့နှစ်တုန်းက သောင်းဂဏန်းလောက် နှစ်စဉ်နှစ်တိုင်းကို မြန်မာပြည်က လူတွေ ရောက်ရှိနေတဲ့ ကဏ္ဍတွေရှိတယ်။ နောက် ဘင်္ဂလားဒေ့ရှ်မှာလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေ သိန်းနဲ့ သန်းနဲ့ချီ နီးပါးဖြစ်နေပြီ။ ဒါမျိုးတွေက အရင်တုန်းက ကျနော်တို့မှာ ရှိခဲ့တယ် ဒါပေမယ့် ဒီလောက် ဆိုးဆိုးဝါးဝါးကြီးမရှိခဲ့ဘူး။”

ကုလသမဂ္ဂ အစီရင်ခံစာထဲမှာပဲ မြောက်ကိုရီးယား၊ တရုတ် ၊ Russia၊ ဖိလစ်ပိုင်၊ ယူကရိန်း ၊ စင်္ကာပူနဲ့ အစ္စရေးနိုင်ငံက ကုမ္ပဏီတွေက မြန်မာ့တပ်မတော်ကို လက်နက်ရောင်းချနေကြောင်း ထုတ်ဖော်ထားတာကြောင့် ဒီလက်နက်တင်ပို့မှုတွေအပေါ် သက်ရောက်မှု ရှိနိုင်မှုကို မေးရာမှာ Gum San Nsang ကတော့

“ ရှိတယ်ခင်ဗျ အခုပြောမယ်ဆိုရင် ကမ္ဘာနဲ့ ဆက်ဆံမှုအနည်းဆုံး မြောက်ကိုရီးယားတောင်မှ အခုတခြားကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အာဖရိကတို့ တခြားနိုင်ငံတွေမှာ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးမှ တော်တော်ကြီးခံနေရတဲ့ အခြေအနေရှိပါတယ်။ စီးပွားရေးပတ်ဆို့မှုဆိုတာက တရုတ်နိုင်ငံက လက်ရှိအခြေအနေမှာ ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီးတော့မှ ပိတ်ဆို့မှုတချို့ တင်းကျပ်ခံနေရတာကို ဒီနေ့လိုမျိုးဆိုရင် သူတို့ လျော့ချတာတို့ ဒီလိုအဆင့်တောင်ရောက်သွားတယ်ဆိုတော့ သူတို့ဒါကို အလေးမထားဘူးလို့ ပြောဖို့ အရမ်းခက်ပါတယ်။ အဲဒီတော့ မြန်မာပြည် စစ်တပ်နဲ့ ပတ်သက်ပြီးတော့မှ Genocide ဆိုတဲ့ စာလုံးက အခုလက်ရှိ မြန်မာစစ်တပ်နဲ့ ပတ်သက်ပြီးတော့ ရိုဟင်ဂျာနဲ့ Genocide ဆိုတဲ့ စာလုံးကို သုံးနေတာတွေရှိတယ်။ ဒါကိုက ပြည်တွင်းနိုင်ငံရေးအရတောင်မှ ခပ်ဝေးဝေးရောက်လာမယ်လို့ မြင်နေရတာပေါ့။”

ဒါပေမယ့် ပါမောက္ခ David Steinberg ကတော့ ဒီလက်နက်ရောင်းချမှုတွေအပေါ်မှာ သက်ရောက်မှု မရှိဖို့ များတယ်လို့ ဆိုပါတယ်။

“သက်ရောက်မူ မရှိဖို့ များပါတယ်။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံတွေမှာ၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင်၊ ရိုဟင်ဂျာအရေးကလွဲလို့ ချက်ချင်းဦးစားပေးလုပ်ရမယ်လို့ မမြင်ကြသေးတာရယ်၊ နောက် ရိုဟင်ဂျာအရေးမှာတောင်၊ သမ္မတ Donald Trump ရိုဟင်ဂျာနဲ့ တွေ့ချိန်မှာ သူဘယ်နိုင်ငံက လာမှန်းမသိခဲ့တာတွေကြောင့်ပါ။ ဒီ လူမူအသိုင်းအဝိုင်းမှာ တကယ်ပြင်းပြင်ထန်ထန် ဖြစ်နေတာတွေကို၊ သေသေချချာ နားမလည်ကြပါဘူး။”

ဒါ့အပြင် ဒီအစီရင်ခံစာထဲမှာပဲ မြန်မာနိုင်ငံက စီးပွားရေး ကုမ္ပဏီကြီး ၂ ခုဖြစ်တဲ့ KBZ အုပ်စုနဲ့ Max Myanmar တို့ကို စစ်ဆေးအရေးယူထားတဲ့အပေါ် သက်ရောက်နိုင်မှုကို မေးတဲ့အခါမှာ ပါမောက္ခDavid Steinberg ကတော့ ဒီကုမ္ပဏီတွေအနေနဲ့ အရင်စစ်အစိုးရ လက်ထက်ကတည်းက အစိုးရနဲ့ နီးနီးစပ်စပ်လုပ်ခဲ့တာ ဖြစ်ပေမယ့် သက်ရောက်နိုင်မှုကို ခန့်မှန်းရခက်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Gum San ကတော့ ပြည်တွင်းကုမ္ပဏီတွေအပေါ် နိုင်ငံတကာ အရေးယူ သက်ရောက်မှု ရှိနိုင်တယ်လို့ ဆိုပါတယ် ။

ဒါပေမယ့် Max Myanmar စီးပွားရေး ကုမ္ပဏီကတော့ ဒီအစီရင်ခံစာထဲမှာ စွပ်စွဲထားသလို ဘင်္ဂလားဒေ့ရှ်နယ်စပ် တံတိုင်းကာရေးအတွက် ဝင်ရောက်ကူညီပေးခြင်းမရှိဘူးလို့ အစီရင်ခံစာထုတ် ပြောထားပါတယ်။ ပါမောက္ခDavid Steinberg ကတော့ မြန်မာ့တပ်မတော်အပြင် တခြား စစ်တပ် ကြီးစိုးခဲ့တဲ့ နိုင်ငံတွေက တပ်မတော်အများစုကလည်း စစ်တပ်ရေရှည် အာဏာရှိရေးအတွက် စီးပွားရေးလုပ်ငန်းတွေကို တမျိုးတဖုံချုပ်ကိုင်လေ့ရှိပြီး မြန်မာကတော့ ပိုချုပ်ကိုင်မှုများပြီး တခြားကုမ္ပဏီတွေအပေါ် တွဲလုပ်ဖို့အတွက် သိမ်းသွင်းဖိအားပေးနိုင်ဖို့ အနေအထားတွေကို လေ့လာဖို့လိုတယ်လို့ ဆိုပါတယ်။

Your browser doesn’t support HTML5

ကုလစုံစမ်းရေးအဖွဲ့ တိုက်တွန်းချက်တွေရဲ့ ထိရောက်မှု အလားအလာ