မြန်မာနိုင်ငံမှာ Facebook ကိုသုံးပြီး အမုန်းစကားတွေ ဖြန့်နေတဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေက သတိပေးလိုက်ကြပါတယ်။ အစွန်းရောက် သဘောထားရှိသူတွေက လူနည်းစုတွေအပေါ် မုန်းတီးအောင် လှုံ့ဆော်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေတာဟာ သတင်းအချက်အလက် ရရှိခွင့် အားနည်းချက်ကြောင့်လို့လည်း မြန်မာ သတင်းသမားတွေက မြင်ကြပါတယ်။ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။
မြန်မာပြည်တွင်းမှာ လူမှုကွန်ယက် Facebook ကို သုံးပြီး ရိုဟင်ဂျာတွေ၊ လူနည်းစုတွေ အပေါ်ကို အမုန်းတရားတွေ လှုံ့ဆော်နေကြတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက မှတ်ချက်ပေး ပြောဆိုလိုက်ပါတယ်။
"Facebook ကို လူထုကြားမှာ ချိတ်ဆက်ဖို့ သုံးတယ်ဆိုပေမယ့် ဗုဒ္ဓဘာသာဝင် အစွန်းရောက် မျိုးချစ်တွေမှာ သူတို့ ကိုယ်ပိုင် Facebook အကောင့်တွေ ရှိကြပြီး ရိုဟင်ဂျာတွေ၊ တခြား တိုင်းရင်းသား လူနည်းစုတွေ အပေါ်မှာ မုန်းတီးမှုတွေ၊ အကြမ်းဖက်မှုတွေကို လှုံ့ဆော်နေကြတာပါ။ Facebook ကို သုံးဖို့ မူလရည်ရွယ်ချက်ထက် အခုအခါမှာ ကြောက်ရွံ့စရာ ဖြစ်လာနေပါတယ်။"
မနေ့ တနလာၤနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက အခုလို ပြောခဲ့တာပါ။ ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့ရဲ့ အကြီးအကဲ Marzuki Darusman ကလည်း မြန်မာနိုင်ငံတွင်း အမုန်းစကားတွေ ပြန့်ပွားနေမှုမှာ Facebook ဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ပြောဆိုခဲ့တာပါ။
Facebook ကို သုံးပြီး အမုန်းစကားတွေ ဖြန့်ဝေနေတယ်ဆိုတဲ့ အပေါ် Pen Myanmar ရဲ့ အတွင်းရေးမှူး ဦးဟန်ဇော်ကလည်း သဘောတူပါတယ်။ Facebook ပေါ်မှာ အကောင့်အတုတွေ ဖွင့်ပြီး သတင်းမှားတွေကို ဝါဒဖြန့်နေသူတွေက အုပ်စုလိုက် ရှိနေတာလို့ သူက ပြောပါတယ်။
"လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ ဒီလိုအမုန်းစကားတွေ ဆိုတဲ့ စကားရပ်တွေပြောဆိုတာတွေ တွေ့ရတယ်ဆိုတာကတော့ ဟုတ်ပါတယ်။ အုပ်စုတခုပေါ့နော် အဖွဲ့တခုကနေပြီးတော့ ဦးတည်ပြီးတော့ လုပ်နေတဲ့ဟာတွေ အကောင့်အတုတွေ အဲလိုမျိုးတွေ ဖွင့်ပြီးတော့ လုပ်နေတဲ့ဟာမျိုးတွေ ကျနေ်ာတို့ တွေ့ရတယ်။ ဒီလို Facebook မှာ တွေ့ရတယ်ဆိုတာကတော့ မှန်ပါတယ်။"
တယ်လီဖုန်း အသုံးပြုခွင့် အင်တာနက် အသုံးပြုခွင့် ကျယ်ကျယ်ပြန့်ပြန့် ရခဲ့တာ နှစ်ပိုင်းဘဲ ရှိသေးတဲ့ မြန်မာ လူထုကြားမှာ Facebook ပေါ်က အကြောင်းအရာတွေကို အမှန်အမှား မခွဲခြားနိုင်တဲ့ အခြေအနေကို အခွင့်ကောင်း ယူကြတာလို့လည်း ဦးဟန်ဇော်က ထောက်ပြပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကတော့ လူမှုကွန်ယက် Facebook ဟာ အစိုးရ အာဏာပိုင်တွေရဲ့ အစိတ်အပိုင်းတခု အနေနဲ့ ဖြစ်နေတယ်လို့လည်း ထောက်ပြသွားပါတယ်။
"မြန်မာနိုင်ငံမှာတော့ Facebook ကနေ တဆင့် အားလုံး လုပ်နေတာပါ။ လူတွေက Facebook ကနေ တဆင့် ဆက်သွယ်ကြတယ်။ Facebook ဟာ မြန်မာ အစိုးရရဲ့ အစိတ်အပိုင်း တခုလည်း ဖြစ်ပါတယ်။ အစိုးရရဲ့ သတင်းအချက်အလက် စင်တာ၊ ပြည်သူကို ပြောချင်တဲ့ သတင်းစကားကိုလည်း Facebook ကနေ တဆင့် တင်ပြတာပါ။ ဒါကြောင့် မြန်မာ ပြည်သူလူထုကြားမှာရော အစိုးရ ဝန်ထမ်းတွေ အတွက်ရော Facebook က အင်မတန်မှ အရေးကြီးတဲ့ အစိတ်အပိုင်းကြီး ဖြစ်နေပါတယ်။"
ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ထောက်ပြသွားတဲ့ အတိုင်းဘဲ မြန်မာ အစိုးရ၊ နောက် တပ်မတော် အပါအဝင် အုပ်ချုပ်ရေး အာဏာပိုင်တွေ အနေနဲ့ Facebook ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတာ ဖြစ်ပြီး အစိုးရရဲ့ တရားဝင် သတင်းအချက်အလက်တွေ၊ အစိုးရရဲ့ ရှုမြင်ချက် သဘောထားတွေကို Facebook ပေါ်ကနေ ရယူနေကြရတာ ဖြစ်ပါတယ်။ Facebook ပေါ်မှာ အကောင့် အတုတွေ စိတ်ကြိုက်ဖွင့်ပြီး လူထုကြားမှာ အမုန်းတရားတွေ၊ အကြမ်းဖက်မှုတွေ ဖြန့်ဝေနေနိုင်တဲ့ အခြေအနေ ပိုပြီး ဆိုးရွားနေရတဲ့ အကြောင်းရင်းက မြန်မာ လူထုကြား သတင်းအချက်အလက် ရပိုင်ခွင့် အားနည်းချက်ကြောင့်လည်း ဖြစ်တယ်လို့ Pen Myanmar ရဲ့ အတွင်းရေးမှူး ဦးဟန်ဇော်က ထောက်ပြပါတယ်။
"ဒီလိုဖြစ်လာတဲ့အခါမှာ တခုတွေ့ရတဲ့ဟာက ဘာလဲဆိုတော့ Rights To Information မရှိတာရယ်၊ Access to Information ကောင်းကောင်းမရှိတာရယ်ပေါ့နော် ဒီ Information တခုကို မှန်သလားမှားသလားဆိုတာကို တကယ့် source မှာ သွားမကြည့်နိုင်တဲ့ အနေအထားရှိတယ်။ ဒါက တကယ်ပဲ အစစ်လားအတုလားဆိုတာကို မခွဲခြားနိုင်တဲ့ဟာလည်းပါတယ်။"
ကမ္ဘာတလွှား အလွယ်တကူ ချိတ်ဆက် ဆက်သွယ်နိုင်ရေး ရည်ရွယ်တဲ့ လူမှုကွန်ယက် Facebook ပေါ်မှာ အမုန်းတရား ဖြန့်ဝေမှုမျိုး၊ သွေးထွက်သံယို အကြမ်းဖက်မှုတွေ သတင်းမှားတွေ အပါအဝင် လူမှုအသိုင်းအဝိုင်းကြား မသင့်လျော်ဘူးလို့ Facebook က ဆုံးဖြတ်ရင်တော့ ဒါတွေကို ဖြုတ်ချ အကောင့်တွေကို ပိတ်သိမ်းတာမျိုးတွေ လုပ်ဆောင်နေတာပါ။ ဒါပေမယ့် ကျူးလွန်မှုတွေကို Facebook ကို Report လုပ်မှ Facebook က စဉ်းစား သုံးသပ်တာပါ။ ဒီလိုချိုးဖောက်မှုတွေ ကျူးလွန်မှုနဲ့ဘဲ ဘုန်းတော်ကြီး ဦးဝီရသူရဲ့ Facebook အကောင့်ကို Facebook က ပိတ်သိမ်းခဲ့ပါတယ်။
ကုလသမဂ္ဂ အရာရှိတွေရဲ့ Facebook အသုံးပြုမှုနဲ့ ပတ်သက်လို့ ပြောဆိုမှုနဲ့ ပတ်သက်လို့ Facebook ပြောခွင့်ရသူကတော့ အမုန်းတရားတွေ ဖြန့်ဝေနေတာတွေကို တားဆီးနိုင်ဖို့ ကျွမ်းကျင်သူတွေ အကူအညီနဲ့ အတတ်နိုင်ဆုံး ကြိုးစားနေတဲ့အကြောင်း AFP သတင်းဌာနကို ပြောဆိုခဲ့တာပါ။ မြန်မာအစိုးရ ပြောခွင့်ရသူ ဦးဇော်ဌေးကတော့ “R” ဆိုတဲ့ အသုံးအနှုန်းနဲ့ ရိုဟင်ဂျာတွေကို အတိုကောက် ရည်ညွှန်းပြီး၊ “R” lobbyist “R” activist “R” supporters တွေဟာလည်း ကမ္ဘာတဝန်း သတင်းမှားတွေ ဖြန့်ချီရာမှာ Facebook အပါအဝင် အင်တာနက် လူမှုကွန်ယက်တွေကို အသုံးပြုနေကြောင်း ဒီကနေ့ပဲ ပြောဆိုခဲ့ပါတယ်။
Your browser doesn’t support HTML5