မြန်မာနိုင်ငံတွင်း ဌာနေတိုင်းရင်းသား လူမျိုးတွေ ဖြစ်ကြတဲ့ ချင်း၊ ကရင်နီ၊ မွန်နဲ့ နာဂလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေ တဖြည်းဖြည်း တိမ်ကော ပျောက်ကွယ်သွားမှာ စိုးရိမ်ရတယ်လို့ UNPO လို့ခေါ်တဲ့ ဌာနေ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ကာကွယ်တဲ့ နိုင်ငံတကာ အဖွဲ့တဖွဲ့က လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးထံ တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒီ ဌာနေလူမျိုးတွေဟာ ပြည်တွင်းမှာ သူတို့ရဲ့ ရိုးရာစာပေ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းနိုင်ဖို့ ခက်ခဲတဲ့အပြင် လူမျိုး အတော်များများဟာ တတိယ ပြည်ပနိုင်ငံတွေကို ထွက်ခွာနေတာကြောင့်လည်း တစုတစည်းတည်း မရှိနိုင်ကြတော့ဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
လာမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးအတွင်း ဆွေးနွေးနိုင်ဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးထံကို တင်သွင်းတဲ့ အစီရင်ခံစာထဲမှာ အခြား ကမ္ဘာ့နိုင်ငံအချို့က ဌာနေ တိုင်းရင်းလူမျိုး အရေးကိစ္စတွေအပြင် မြန်မာနိုင်ငံတွင်း ချင်း၊ ကရင်နီ၊ မွန်နဲ့ နာဂလူမျိုးတွေရဲ့ ရိုးရာဓလေ့ ပျောက်ပျက်သွားနိုင်တာကို စိုးရိမ်တကြီး ထည့်သွင်း ရေးသားထားတာပါ။
မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ဌာနေ တိုင်းရင်းသားတွေ တည်ရှိမှုကို လက်ခံထားပေမဲ့ ဒီတိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ ရိုးရာစာပေ၊ ယဉ်ကျေးမှု ထိန်းသိမ်းရေး ကိစ္စတွေကို ခိုင်ခိုင်မာမာ ပြဋ္ဌာန်းပေးထားတာမျိုး မရှိဘူးလို့ UNPO က ဝေဖန်ပါတယ်။
ဌာနေ တိုင်းရင်းသားတွေဟာ မြန်မာနိုင်ငံတွင်းမှာ သူတို့ရဲ့ ရိုးရာ အစဉ်အလာတွေ ပိတ်ပင်ခံလာရသလို နိုင်ငံရေး၊ စီးပွားရေး အကြောင်းအမျိုးမျိုးကြောင့်လည်း ပြည်ပ ထွက်ခွာလာရမှုတွေ ရှိနေပါတယ်။ အခုလို ပြန့်ကျဲသွားတဲ့ အခြေအနေကြောင့်လည်း သူတို့ရဲ့ ရိုးရာဓလေ့တွေ လုံးလုံး ပျောက်သွားရမယ့် အန္တရာယ် ရင်ဆိုင်နေရပြီလို့ အမေရိကန် ပြည်ထောင်စုရောက် ကရင်နီ လူမှုအဖွဲ့အစည်း တခုမှာ တာဝန်ယူနေတဲ့ ဆရာ တေးလော်က ပြောပါတယ်။
“ရိုးရာ ယဉ်ကျေးမှုက နေထိုင်တဲ့ တောရွာဒေသမှာပဲ ဆက်လက် ထိန်းသိမ်းထားနိုင်တာ တွေ့ရှိရတယ်။ မြို့ပိုင်းမှာ ကြည့်မယ်ဆိုရင် တဖြည်းဖြည်း ပပျောက်သွားပြီ။ ကိုယ်ပိုင်စကားတွေကို တဖြည်းဖြည်း မပြောဆိုလာတော့ဘဲနဲ့ အဓိက ဗမာစကားတွေကို ပြောလာကြပြီ။ ကျနော်တို့ ကရင်နီလို့ အသိများတဲ့ ကယားပြည်နယ်မှာ ကြည့်မယ်ဆိုရင် ဘာသာစာပေက common စာပေက မရှိသေးဘူး။ ကက်သလစ် ယုံကြည်တဲ့သူက ကက်သလစ်စာပေ၊ ကယားမှာဆိုလည်း ကယားစာပေက ၂ မျိုးလောက်ရှိတယ်။
“ကြည့်လိုက်မယ်ဆိုရင် ကျနော်တို့ရဲ့ ပုံစံက မရှိခြင်းအားဖြင့်လည်း ရိုးရာ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေ ထိန်းသိမ်းထားနိုင်ဖို့ရာ အရမ်းခက်ခဲတာ တွေ့ရှိရတယ်။ အထူးသဖြင့် နိုင်ငံရပ်ခြား၊ တတိယနိုင်ငံမှာ လာရောက် အခြေချတဲ့ သူတွေမှာ အခြေအနေက ပိုဆိုးတာကို တွေ့ရှိရတယ်။ နိစ္စဓူ၀ နေထိုင်နိုင်ဖို့ လုပ်ငန်းတွေကို ရုန်းကန်ရတယ်၊ စုစုစည်းစည်း ပြန်နေထိုင်နိုင်ဖို့ကလည်း မလွယ်ဘူးပေါ့နော်။ တဖြည်းဖြည်းနဲ့ Generation နောက်တသုတ် တက်လာမယ်ဆိုရင် ကျနော်တို့ရဲ့ ရိုးရာယဉ်ကျေးမှု မပြောနဲ့၊ ကျနော်တို့ရဲ့ မိခင်ဘာသာစကားကိုတောင် မေ့ပျောက်သွားမယ့် အခြေအနေမျိုးမှာ ရှိတယ်။”
အခု မြန်မာနိုင်ငံထဲမှာ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက ဖွဲ့စည်းပုံ ဆွဲခဲ့တယ်၊ ၂၀၁၀ မှာတော့ ရွေးကောက်ပွဲ လုပ်ခဲ့တယ်၊ တချို့ တိုင်းရင်းသား ပါတီတွေလည်း ဝင်ပြိုင်ပါတယ်။ အဲဒီတော့ ဖွဲ့စည်းပုံနဲ့ တိုင်းရင်းသား လွှတ်တော်တွေ ဘာတွေလည်း ပေါ်လာပြီ ဆိုရင်ရော ဘယ်လောက်အထိ ကရင်နီနယ်မြေမှာရှိတဲ့ တိုင်းရင်းသား အမွေအနှစ်တွေ၊ ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်မယ်လို့ရော ယူဆလဲခင်ဗျ။
“၂၀၀၈ က ဆွဲထားတဲ့ အခြေခံဥပဒေတွေက ကျနော်တို့ တိုင်းရင်းသား လူနည်းစုအတွက် အာမခံချက် ပေးနိုင်မှာ မဟုတ်ဘူး။ ကျနော်တို့ လူနည်းစုအတွက် အာမခံချက် မပေးနိုင်တဲ့ အတွက်ကြောင့် လူနည်းစုတွေရဲ့ ဘာသာစကား၊ ရိုးရာ ယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းတဲ့ နေရာမှာ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး၊ အားပေးနိုင်မှာ မဟုတ်ဘူး။”
UNPO ရဲ့ အစီရင်ခံစာ အကြံပြုချက်ထဲမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသား လူနည်းစုတွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ပြီး နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ မြန်မာအစိုးရကို အဆိုပြုထားပါတယ်။
တဘက်မှာ တိုင်းရင်းသားတွေအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်ဆိုင်းပြီး နောင် ဒါမျိုးမဖြစ်နိုင်အောင် ခိုင်ခံ့တဲ့ စောင့်ကြည့်စနစ်တွေ၊ အဖွဲ့အစည်းတွေ ထားရှိဖို့လည်း အကြံပြုပါတယ်။ နိုင်ငံတကာကိုတော့ မြန်မာနိုင်ငံအတွင်း ဖြစ်ခဲ့တဲ့ စစ်ရာဇာဝတ်မှုတွေနဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းဖို့ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင်ဖွဲ့ရေး ကိစ္စ တိုက်တွန်းထားပါတယ်။