မြန်မာ့ဆင် မျိုးမတုံးစေဖို့ ပညာပေးမှု လိုအပ်

အာရှ ဆင်အရေအတွက် ဒုတိယအများဆုံးရှိတဲ့ မြန်မာနိုင်ငံမှာ ဆင်မျိုးတုံးမယ့်အန္တရာယ်နဲ့ ကြုံနေရတာကြောင့် ထိန်းသိမ်းစောင့်ရှောက် ဖို့ အသိပညာပေးတဲ့ အနေနဲ့ နိုင်ငံတဝှမ်း ဆင်စခန်းတွေမှာ သြဂုတ်လ ၁၂ ရက်နေ့က ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ်ကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခဲ့ကြပါတယ်။

ဒီအကြောင်း အပြည့်အစုံကို ကိုထက်အောင်ခန့်က ပြောပြပေးမှာပါ။

ကမ္ဘာပေါ်မှာ အိန္ဒိယပြီးရင် အာရှဆင်အရေအတွက် ဒုတိယအများဆုံးရှိတဲ့ မြန်မာနိုင်ငံမှာ ကမ္ဘာ့ဆင်များနေ့ကို နိုင်ငံတဝန်းမှာရှိတဲ့ ဆင်စခန်းတွေမှာ ကျင်းပပြုလုပ်ကြပါတယ်။

ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ် ကျင်းပတာနဲ့ ပတ်သက်လို့ ငလိုက်စခန်းသာ ဆင်စခန်းရဲ့တာဝန်ခံ ဦးမင်းသက်ဆွေက

"မျိုးတုန်းပျောက်ကွယ်တော့မယ့် ဆင်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အားလုံးကို အသိပညာပေး ကျင်းပတာခင်ဗျ။ အဓိကက ဆင်များနေ့ ကျင်းပတာက ဆင်တွေကို လူတိုင်းက ချစ်ခင်မြတ်နိုးဖို့ ဗဟုသုတပေးရတဲ့အတွက် ကျွန်တော်တို့က အများကြီး ပျော်ပါတယ်။"

၂၀၁၁ ခုနှစ်က ကောက်ယူထားတဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ တောဆင်ရိုင်းကောင်ရေ ၁,၀၀၀ ကနေ ၁,၅၀၀ ကြား ရှိပါတယ်။ ဒါပေမယ့် ၂၀၁၀ ကနေ ၂၀၁၉ ခုနှစ်အထိ ၉ နှစ်အတွင်း တောဆင်ရိုင်း ၁၂၂ ကောင် အသတ်ခံခဲ့ရပါတယ်။ ဆင်တွေ အများဆုံး အသတ်ခံနေရတာဟာ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းမှာတော့ ဆင်ထိန်းသိမ်းကာကွယ်ရေးတွေလုပ်တဲ့ အကျိုးဆက်ကြောင့် တောဆင်ရိုင်း သတ်ဖြတ်မှုမရှိတာ ၁ နှစ် ကျော်ရှိပြီဖြစ်ပါတယ်။ တောဆင်ရိုင်းတွေ သြတ်ဖတ်ခံရတာကို ကာကွယ်ထိန်းသိမ်းတဲ့ အပိုင်းနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဒေသ ကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုးက

"ရန်ကုန်တိုင်းစစ်ဌာနချုပ်ကလည်း တပ်အင်အား အကူညီပေးပါတယ်။ ဒီအဖွဲ့တွေနဲ့လည်း ကျွန်တော်တို့က တရားမဝင် ရှာဖွေ သိမ်းဆည်းရေးနဲ့ ဆင်မုဆိုးတွေရဲ့ ရန်ကနေပြီးတော့ တောဆင်ရိုင်းတွေကို ကာကွယ်ဖို့အတွက် တောထဲမှာ လှည့်လည်ပြီးတော့ ဒါတွေလည်း ဆောင်ရွက်တာတွေရှိပါတယ်။ ဒီလှုပ်ရှားမှုတွေ နောက်ပြီးတော့ ကျွန်တော်တို့ရန်ကုန်တိုင်းမှာ ဆင်မုဆိုးတွေကို ဖမ်းဆီးရမိတဲ့ဟာတွေက ကျွန်တော်တို့ တရားရုံးက ထောင် ၃ နှစ်စီ ချခဲ့တာတွေရှိပါတယ်။ ဒီဟာတွေရဲ့ အကျိုးသက်ရောက်မှု တွေလည်း ပါပါတယ်။"

မြန်မာနိုင်ငံမှာ တောဆင်ရိုင်းတွေ မျိုးတုံးပျောက်ကွယ်မသွားအောင် ထိန်းသိမ်းရေး လုပ်တဲ့နေရာမှာလည်း အခက်အခဲတွေရှိနေ ပါတယ်။ ဒါနဲ့ပတ်သက်လို့ WWF မြန်မာရဲ့ အကြီးတန်း ဆက်သွယ်ရေးတာဝန်ခံ ကိုရဲမင်းသွင်က

"ဆင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ရင် အခက်အခဲတွေက အဓိကက တောဆင်နဲ့ ကျေးရွာမှာနေတဲ့ လူတွေကြား ပဋိပက္ခပေါ့နော်။ အဲ့ဟာလေးတွေရှိနေတဲ့အခါကျတော့ တခါတလေကျ ဆင်တွေကို ထိန်းသိမ်းဖို့ ဒေသခံတွေကို စည်းရုံးရတဲ့အခါ အခက်အခဲလေး တွေရှိတာပေါ့။ ဥပမာ တောဆင်တွေ စိုက်ခင်းတွေထဲ ဝင်ဖျက်တာမျိုး ရွာတွေထဲဝင်လာလို့ အသေအပျောက်တွေ ဖြစ်တာမျိုး ရှိလာတဲ့ အခါကျတော့ ကျေးရွာလူတွေအနေနဲ့ ဒီဆင်ကို ထိန်းသိမ်းဖို့ စည်းရုံးရတာ နည်းနည်း ခက်တယ်ပေါ့နော်။ ဆင်နဲ့လူနဲ့ ပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်မှပဲ ဆင်ထိန်းသိမ်းတာ ပိုပြီးအဆင်ပြေတယ်ပေါ့။ အဲ့ဒီတော့ ဆင်ထိန်းသိမ်းရေးရော တောဆင်နဲ့ လူနဲ့ပဋိပက္ခတွေကို ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။"

၂၀၁၇ ခုနှစ်က ကောက်ယူထားတဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ တပတ်ကို ဆင် ၁ ကောင်နှုန်း အသတ်ခံနေရပါတယ်။ ဒီနှုန်းထားအတိုင်းသာ အသတ်ခံနေရမယ်ဆိုရင်တော့ အာရှဆင်အရေအတွက် ဒုတိယအများဆုံးဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဆင်တွေ မျိုးတုံးပျောက်ကွယ်မယ့် ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြန်မာ့ဆင် မျိုးမတုံးစေဖို့ ပညာပေးမှု လိုအပ်