မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ လျှပ်စစ်မီတာခ နှုန်းထားတွေကို တိုးမြှင့်ကောက်ခံ သွားမယ့်အကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။ မီတာခတွေ တိုးမြှင့်ကောက်ခံမယ့် အစီအစဉ်အပေါ်မှာတော့ ကုန်ကျစရိတ် တိုးလာမှာ ဖြစ်တဲ့အတွက် စိုးရိမ်နေသူတွေရော၊ လျှပ်စစ်မီး ဖူလုံရေးကို ဦးစားပေးဖို့ လိုလားသူတွေရော ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုကောင်းစံဟိန်းက ပြောပြပေးမှာ ဖြစ်ပါတယ်။
လျှပ်စစ်မီး မရရှိသေးတဲ့ နေရာတွေကို မီးရရှိနိုင်ဖို့၊ ပိုမိုကောင်းမွန်တဲ့ မီးအားစနစ်တွေရရှိဖို့ ရည်ရွယ်ပြီး၊ မီတာခတွေ တိုးမြှင့်ကောက်ခံသွားမှာဖြစ်ကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန က ကြေညာခဲ့တာပါ။ ပြောင်းလဲသတ်မှတ်လိုက်တဲ့ နှုန်းထားအသစ်အရ မီတာခဟာ ယူနစ် ၃၀ အထိ ကို တစ်ယူနစ် ၃၅ ကျပ် ပေးရမှာဖြစ်ပြီး၊ ယူနစ်၂၀၀ အထက်ကိုတော့ ၁၂၅ကျပ် ကောက်ခံသွားမှာပါ။ ယူနစ် ၁၀၀ အထိ သုံးစွဲနေသူတွေအနေနဲ့ကတော့ လက်ရှိမှာ ကျပ် ၃၅၀၀ ပေးနေရာကနေ ၇၀ ရာခိုင်နှုန်းကျော်တိုးပြီး ၆၀၅၀ အထိ ပေးရမှာ ဖြစ်ပါတယ်။
ပြည်တွင်း လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးငွေထွန်းကတော့ လျှပ်စစ်မီတာနှုန်းထားတွေ ပြင်ဆင်ပြောင်းလဲပြီး တည်ငြိမ်တဲ့ လျှပ်စစ်မီးရရှိဖို့ လိုအပ်တယ်လို့ သုံးသပ်လိုက်ပါတယ်။
“တည်တည်ငြိမ်ငြိမ်နဲ့ ရမယ်ဆိုရင် ပိုကောင်းတာပေါ့နော်။ တကယ်ကိုလျှပ်စစ်မီးက အခုမြို့ပေါ်မှာပဲဖြစ်ဖြစ် ၊ တခြားဒေသတွေမှာပဲဖြစ်ဖြစ် ရလိုက်ရင် မီးအားနည်းနေတာတို့ ကျနေတာတို့ အဲဒါမျိုးကို ဖြေရှင်းပေးနိုင်မယ့်အခြေအနေမျိုးကလည်း မရှိဘူးလေ။ အဲ့ခါကျတော့ ကိုယ်တို့ လုပ်ငန်းရှင်တွက ကိုယ့်လုပ်ငန်းအတွက် တည်ငြိမ်အောင်လို့ ကိုယ့်ဘာကိုဘဲ လုပ်ရတယ်လေ။အဲ့အတွက် အခက်အခဲက ပိုကြီးတယ်။အဲ့တော့ မီတာခ တက်ပါ။ယူမယ်ဆိုလည်း ပိုယူပါ။တကယ်ဖြစ်ချင်တာကတော့ တကယ်တည်ငြိမ်တဲ့ လျှပ်စစ်ကို ရချင်တာပေါ့”
လျှပ်စစ်မီတာနှုန်း ပြောင်းလဲလိုက်ပြီး မီးပုံမှန်ရရှိနိုင်ဖို့၊မီးအားတွေကောင်းလာမယ်ဆိုရင် ကျေနပ်လက်ခံရမှာဖြစ်ပီး အခြေခံ မိသားစုတွေအတွက်တော့ ကြီးမားတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ အိမ်ရှင်မတစ်ဦးဖြစ်တဲ့ ဒေါ်သီတာက ပြောပါတယ်။
“နိုင်ငံတော်အနေနဲ့ ကလည်း ဒါမဖြစ်မနေမို့ တက်ရတယ်ဆိုပေမဲ့ မီးအားတွေ မှန်တယ် လုပ်ပေးတယ် ဆိုရင်တော့ ကျေနပ်ရမှာပေါ့။ နောက်တခုကလည်း ဒီလိုမျိုးတက်တဲ့အပေါ်မှာ ကျမတို့လို ဝင်ေ၀ ပုံမှန်ထည့်နိုင်တဲ့ လူအဖို့ကတော့ ကောင်းတယ် သိပ်ပြဿနာမရှိဘူး။ ကိုယ်တွေ အနေနဲ့ လျော့သုံးဖို့ပဲရှိတာပေါ့ ကိုယ်က ထိန်းထိန်းသိမ်းသိမ်းနဲ့ သုံးရမှာပေါ့။ အရင်လောက်များသွားပြီဆိုရင်။ ဒါပေမယ့် ဝင်ငွေကို စီမံခန့်ခွဲ သုံးနေရတဲ့ အိမ်ရှင်မတွေ အဖို့ကတော့ အခက်အခဲ ကြီးကြီးမားမားကို ရင်ဆိုင်လိုက်ရမှာပေါ့။”
လတ်တလော လျှပ်စစ်မီး ဖြန့်ဖြူးမှုမှာ အစိုးရက စိုက်ထုတ်သုံးစွဲမှုတွေနဲ့ ပြန်လည်ရရှိတဲ့ ဝင်ငွေပမာဏ ကွာဟနေတာဟာလည်း အဓိက ပြဿနာအဖြစ်နဲ့ ထောက်ပြနေကြတာပါ။ မီတာခနှုန်းထား အသစ်ကိုတော့ ဇူလိုင်လ ၁ ရက်နေ့ ကစတင် ကောက်ခံမှာဖြစ်ပြီး၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကတော့ ဇူလိုင်လ ၄ ရက်နေ့မှာ ဒီကိစ္စကို သတင်းစာရှင်းလင်းပွဲတခုနဲ့ ရှင်းပြသွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။
Your browser doesn’t support HTML5