ရွေးကောက်ပွဲ တနှစ်ပြည့်နဲ့ မဲဆန္ဒရှင်လူငယ်တွေ မျှော်လင့်ချက်

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက် NLD ပါတီရုံးချုပ်ရှေ့မှာ အောင်ပွဲခံနေကြသူများ။ (နိုဝင်ဘာ ၁၀၊ ၂၀၂၀)

(Zawgyi / Unicode)

၂၀၂၀ ရွေးကောက်ပွဲမှာ မျှော်လင့်ချက်မျိုးစုံနဲ့ ဆန္ဒမဲ ပေးခဲ့ကြသူတွေထဲမှာ လူငယ်၊ လူလတ်ပိုင်းတွေ အများအပြား ပါဝင်ပါတယ်။ အခု ရွေးကောက်ပွဲ ၁ နှစ်ပြည့်ချိန်မှာ သူတို့ရဲ့ မျှော်လင့်ချက်တွေအတိုင်း အကောင်အထည် ဖော်နိုင်ပါပြီလား။ ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင် လူငယ်တွေရဲ့ အမြင်တွေကို မစုမြတ်မွန်က စုစည်းတင်ပြထားပါတယ်။

၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိကြတဲ့ လူငယ်၊ လူလတ်ပိုင်း အများအပြား မဲပေးခဲ့ကြတယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေရဲ့ အစီရင်ခံစာတွေမှာ ဖော်ပြခဲ့ကြပါတယ်။ ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် မျှော်လင့်ချက်မျိုးစုံနဲ့ မဲပေးခဲ့ကြသူ တော်တော်များများက စစ်အာဏာသိမ်းပြီးနောက်ပိုင်း သူတို့အိပ်မက် မျှော်လင့်ချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ ခက်ခဲသွားတယ်လို့ ပြောနေကြပါတယ်။ လက်ရှိ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ရှေ့ရေး မရေရာဘူးလို့ ပြောနေကြသူတွေလည်း မနည်းပါဘူး။ ကိုယ့်ဆန္ဒမဲကို ယုံယုံကြည်ကြည် တန်ဖိုးထားပြီး အနာဂတ်ပညာရေး ပိုကောင်းစေဖို့ ကိုဗစ်ကပ်ရောဂါကြားက မဲပေးခဲ့တဲ့ ရန်ကုန်မြို့သူတယောက်က လက်ရှိအခြေအနေအပေါ် သူ့ရဲ့အမြင်ကို ခုလိုပြောပါတယ်။

“ခုအချိန်မှာက ကိုယ် ခက်ခက်ခဲခဲ ပေးခဲ့တဲ့မဲကို ခုလိုမျိုး မတရား မသမာမှုနဲ့ ဒါမျိုး အနိုင်ကျင့်တဲ့ ပုံစံမျိုးနဲ့ အာဏာသိမ်းတဲ့ အတွက်ကြောင့်မို့လို့ ခံစားရတဲ့ ခံစားချက်က တော်တော်ကိုဆိုးတယ်။ နောက်တခုက ဘာလဲဆိုတော့ အနာဂတ်ပျောက်သွားသလို ခံစားရတယ်။ ဒါကတော့ လူငယ်တိုင်းလည်း အဲ့လိုခံစားရသလိုမျိုး ကျမတို့လို လူလတ်ပိုင်းတွေလည်း အဲ့လိုမျိုး ခံစားရတယ်။ အနာဂတ် ပျောက်သွားတယ်ပေါ့လေ။ ဘာကြောင့် ဒါမျိုးလုပ်ခဲ့တာလဲပေါ့။ သူလုပ်ခဲ့တဲ့ ရည်ရွယ်ချက်ကလည်း ဒါ ၉ လကာလ ရှိခဲ့ပြီ၊ ခုထက်ထိလည်း ကောင်းမွန်တဲ့ အပြောင်းအလဲမျိုး ဖြစ်မလာတဲ့အပြင် အမြဲတမ်း အကြောက်တရားက မျိုးဆက်သစ်တွေအတွက်လည်း မကောင်းတာ ဘာလဲဆိုတော့ အကြောက်တရားတွေ ပြန်ဖြစ်လာတယ်။ မတရားမှုတွေ ပြန်ဖြစ်လာတယ်။ နောက် မတည်ငြိမ်ဘူးပေါ့နော်။ အဆိုးဆုံးကတော့ အသက်အိုးအိမ် စည်းစိမ် ဆိုတဲ့ဟာမျိုးက ဘယ်သူကမှ ဒီနေ့နဲ့ မနက်ဖြန်တောင်မှ လုံလုံခြုံခြုံ ယုံယုံကြည်ကြည် မနေရတော့ဘူးပေါ့နော်။”

၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခဲ့သူတွေထဲမှာ အသက် ၁၈ နှစ်ပြည့်ပြီးနောက် ပထမဆုံး မဲပေးခွင့်ရသူတွေလည်း ပါဝင်ကြပါတယ်။ မြန်မာနိုင်ငံကို တခြားနိုင်ငံတွေ တန်းတူ တိုးတက်လာစေချင်လို့ မလပြည့်က ပထမဆုံးအကြိမ် ပေးခွင့်ရတဲ့ ဆန္ဒမဲကို ပေးခဲ့ပေမယ့် အာဏာသိမ်းလိုက်ချိန်မှာ သူ့ရဲ့ မဲ ၁ မဲ ဆုံးရှုံးသွားတယ်လို့ ခံစားရပါတယ်တဲ့။

“မြန်မာနိုင်ငံက ပိုပြီးတော့ တိုးတက်လာမယ်။ ပြီးတော့ တို့တွေ လုပ်နေတဲ့ဟာတွေ တော်တော်များများက ဒီအစိုးရလက်ထက် (NLD) ပြီးသွားတော့မှ တိုးတက်လာတာတွေ အများကြီးရှိတယ်။ အဲ့ဒါတွေကြောင့် မျှော်မှန်းခဲ့တာတွေကလည်း အဲ့လိုမျိုးပေါ့။ ဒီအစိုးရသာ ထပ်ပြီးတော့ ရှိနေမယ်ဆိုလို့ရှိရင် ဒီ မြန်မာလူငယ်တွေက နိုင်ငံတကာနဲ့ ပိုပြီးတော့ တန်းတူဖြစ်နိုင်မယ်ပေါ့။ ခုအချိန်မှာတော့ (မျှော်လင့်ချက်တွေက) မပေါ်နိုင်တော့ဘူးပေါ့။”

SEE ALSO: စစ်အာဏာရှင်စနစ် ဆုံးခန်းတိုင်ဖို့ ၂၀၂၀ ရွေးကောက်ပွဲတနှစ်ပြည့် NLD ထုတ်ပြန်

လူငယ်တွေရဲ့ ကောင်းမွန်တဲ့ အနာဂတ်အတွက် မျှော်လင့်ချက်ထားပြီး မဲပေးခဲ့တဲ့ ကိုရဲညီညီထက်ကတော့ တိုင်းပြည်အနာဂတ် ကောင်းလာဖို့ လူငယ်တချို့ ကြိုးစားနေကြတာကြောင့် သူကတော့ မျှော်လင့်ချက်ရှိတယ်လို့ မြင်ပါတယ်။

“လူငယ်တွေအတွက် တိုင်းပြည်တပြည်မှာ တိုင်းပြည်ကောင်းမှ လူငယ်တွေရဲ့ အခွင့်အလမ်းတွေကလည်း ပိုကောင်းလာနိုင်မယ်။ ခုအချိန်မှာ ကျနော်တို့တိုင်းပြည်က ပျက်စီးသွားပြီ ဖြစ်တဲ့အတွက် လူငယ်တွေက လူငယ်တွေရဲ့ အနာဂတ်ထက် တိုင်းပြည်ကောင်းဖို့ တိုင်းပြည်ရဲ့ အနာဂတ်အတွက် တိုက်ပွဲဝင်နေကြရတယ်လို့ ကျနော်ပြောချင်ပါတယ်။ ဒီတိုက်ပွဲ နိုင်သွားရင်တော့ ကောင်းမွန်တဲ့ အနာဂတ်တခုတော့ ဖြစ်လာမှာပေါ့ဗျာ။ ဒါပေမယ့် အရမ်းကြီးတော့ မဟုတ်တော့ဘူးပေါ့။ ပျက်စီးသွားတဲ့ နေရာတွေ ပြန်လည်ဖွံ့ဖြိုးရေးတွေ ပြန်လည်တည်ဆောက်ရေးတွေ လုပ်ရဦးမှာပေါ့။ လူငယ်တွေရဲ့ တက်လမ်းအတွက်ကတော့ အချိန်တွေ အများကြီး နောက်ကျသွားတယ်ပေါ့။ ဖြစ်သင့်တဲ့အချိန်မှာ မဖြစ်ဘဲ နည်းနည်းနောက်ကျမှ ဖြစ်မယ်ပေါ့ဗျာ။”

ခရီးသွားလုပ်ငန်း လုပ်ခဲ့သူ တယောက်ကလည်း အခက်အခဲတွေကို ဖြတ်ကျော်ပြီး အရပ်သားအစိုးရ အုပ်ချုပ်တဲ့ တိုးတက်တဲ့ အခြေအနေကို ပြန်ရောက်လာနိုင်မယ်လို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

NLD အစိုးရရဲ့ ၅ နှစ်သက်တမ်းအတွင်းမှာ ဖွံ့ဖြိုးမှုနဲ့ ပြောင်းလဲမှုတွေကို ခံစားခဲ့ကြရတာကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ကိုယ့်ရဲ့ဆန္ဒမဲကို ယုံယုံကြည်ကြည်နဲ့ ပေးခဲ့သူ ဖြစ်ပါတယ်။

“၅ နှစ်တာ ကာလအတွင်းမှာ ကျမတို့ အရမ်းလွတ်လပ်ပေါ့ပါးစွာ နေထိုင်ခဲ့ရတာတမျိုးရယ်၊ ကျမဆို ခရီးသွားလုပ်ငန်းလုပ်တာ ဖြစ်တဲ့အတွက် နိုင်ငံတကာက ဖြေလျှော့မှုတွေ အများကြီးရှိတယ်။ ကျမတို့အတွက်ဆိုရင် အခွင့်အရေးတွေ အများကြီးရခဲ့တယ်။ ပိုပိုပြီး ကောင်းလာမယ်လို့ မျှော်လင့်ထားတယ်။ လူငယ်အားလုံးက မျှော်လင့်ချက်က အပြည့်ပဲ။ ဒါကို တချိန်မှာ ကျမတို့ ပြန်ကိုရရမယ်။ ပြန်ရရမယ်ဆိုပေမယ့် အချိန်အနည်းငယ်တော့ စောင့်ရမယ်လို့ ကျမထင်တယ်ပေါ့နော်။”

၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ တနိုင်ငံလုံးမှာ ဆန္ဒမဲ ပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိခဲ့ပြီး ပထမဆုံး ဆန္ဒမဲပေးခွင့်ရှိသူ လူငယ်မဲဆန္ဒရှင်က ၅ သန်းကျော် ရှိခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ NLD ပါတီက မဲဆန္ဒနယ် ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့ပါတယ်။ မဲစာရင်းအမှားတွေ စစ်ဆေးတွေ့ရှိတယ်လို့ ဆိုပြီး စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက် လွှတ်တော်အစည်းအဝေးတွေ စတင်ဖို့ စီစဉ်ထားတဲ့နေ့မှာ အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ရွေးကောက်ပွဲ တနှစ်ပြည့်နဲ့ မဲဆန္ဒရှင်လူငယ်တွေ မျှော်လင့်ချက်

--------------------

(Unicode)

ရှေးကောကျပှဲ တနှဈပွည့ျနဲ့ မဲဆန်ဒရှငျလူငယျတှေ မြှောျလင့ျခကြျ






SEE ALSO: ရွေးကောက်ပွဲ နှစ်ပတ်လည် အထိမ်းအမှတ် ပြည်ပရောက်မြန်မာတွေ ဆန္ဒပြလှုပ်ရှား





