ရွေးကောက်ပွဲကို ဝင်ပြိုင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ တော်တော်များများအတွက် မဲရုံမှာ စောင့်ကြည့်ပေးမယ့် စေတနာ့ဝန်ထမ်းတွေ ရဖို့ အခက်အခဲ ဖြစ်နေပါတယ်။ မဲရုံ စောင့်ကြည့်သူတွေ မလောက်မင ဖြစ်နေရင် မဲပေးတဲ့ အချိန်မှာ မှားယွင်းမှုတွေ၊ မသမာမှုတွေ ရှိလာတဲ့အခါ ထောက်ပြနိုင်မယ့် သက်သေတွေ မရှိဘဲ ဖြစ်နေလိမ့်မယ်ဆိုပြီး ကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံရေး ပါတီတွေက စိုးရိမ်နေကြပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။
ရွေးကောက်ပွဲ ကျင်းပတဲ့ နေ့ကျရင် မဲရုံမှာ စောင့်ကြည့်ဖို့ ဝင်ပြိုင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကနေ သူတို့ရဲ့ မဲရုံကိုယ်စားလှယ်အဖြစ် လူ ၂ ဦး ရွေးချယ်ပြီး ထားပိုင်ခွင့် ရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ တော်တော်များများအတွက် မဲရုံစောင့်ပေးမယ့်သူတွေ အခုချိန်ထိ လုံလုံလောက်လောက် မရသေးလို့ စိတ်ပူနေကြပါတယ်။
ဦးမြတ်ဉာဏစိုးဟာ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီကနေ ရန်ကုန်တိုင်းမှာ ဝင်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးပါ။
“ကျနော်တို့ မဲရုံကိုယ်စားလှယ် အပြည့်ပေါ့ လျာထားတဲ့ မြို့နယ်ဆိုလို့ မရှိသေးပါဘူး။ ဖြစ်နိုင်ရင်တော့ ကျနော်တို့ရဲ့ ပါတီဝင်များက မဲရုံကိုယ်စားလှယ်အဖြစ် ထမ်းဆောင်ပေးဖို့ကတော့ ရှိတာပေါ့။ ကျနော်တို့ ပါတီ ထူထောင်ရတာက အချိန် အရမ်းတိုနေသေးတော့ ပါတီဝင်အင်အား အဲဒီလောက် များများစားစား စုစည်းလို့ မရသေးပါဘူး။ အဲဒီအတွက်ကြောင့်မို့ စေတနာရှင်များကိုပဲ ကျနော်တို့က ဖိတ်ခေါ်နေရတာ။ အဲဒီမှာလည်း လုံလောက်တဲ့ အရေအတွက်ကို ကျနော်တို့ မရသေးပါဘူးခင်ဗျ။”
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ကနေ ဝင်ပြိုင်မယ့် တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးဖြစ်တဲ့ ဦးဘတင့်ဆွေကလည်း မဲရုံစောင့်ပေးမယ့် လူရဖို့ တော်တော် ကြိုးစားနေရတဲ့အကြောင်း ရှင်းပြပါတယ်။
“ကျနော့်ရဲ့ မြောက်ဥက္ကလာပမြို့နယ်မှာ ဆိုရင် မဲရုံပေါင်းက ၃၃၃ ရုံဆိုတော့ လူပေါင်း ၆၀၀ ကျော်လောက် ထားနိုင်မယ်ပေါ့ဗျာ။ အနိမ့်ဆုံး တယောက်ထားမယ် ဆိုရင်တောင် ၃၃၃ ယောက်နဲ့ ထားရမှာဆိုတော့ တော်တော်လေးကို ရှာရဖွေရတာ မလွယ်ဘူးဗျ။ အခု လောလောဆယ် ကျနော့်အနေနဲ့ လူ ၁၀၀ လောက်တော့ ရပြီဗျ။ နောက်ထပ် ၂၀၀ ကျော်လောက် ထပ်ရှာဖို့က တော်တော် အခက်အခဲဖြစ်နေတယ်။”
အဓိက လူတွေ ရှာရခက်တယ်ဆိုတာ ဘယ်လို အခြေအနေတွေကြောင့်လဲ ခင်ဗျ။
“Volunteer လုပ်ပေးချင်တဲ့ ကလေးတွေကတော့ ရှိတယ်ဗျ။ အဲတော့ သူတို့က စိုးရိမ်စိတ်တွေပေါ့ဗျာ၊ မဲရုံ ကိုယ်စားလှယ်တွေဆိုရင် မဲစာရင်းနံပါတ်တို့၊ နေရပ်လိပ်စာ၊ ဓာတ်ပုံတွေ၊ မှတ်ပုံတင် နံပါတ်တွေနဲ့ ပုံစံ ၈ ကို ဖြည့်ပြီး တင်ရမှာ။ အဲဒီလို မှတ်ပုံတင်တွေ၊ ဓာတ်ပုံတွေ၊ လိပ်စာတွေ ပေးရတာကို စိုးရွံ့စိတ်တွေက ရှိနေတယ်ဗျ။ အဲဒီကြောက်စိတ်နဲ့ မလုပ်တော့ ကျနော်တို့က ရှာရတာ တော်တော်ခက်နေပြီဗျ။”
မဲရုံမှာ စောင့်ကြည့်ပေးမယ့်သူ မရှိရင် ကိုယ်စားလှယ်လောင်းတွေအတွက် နစ်နာမှုတွေ ဖြစ်လာမှာကို စိုးရိမ်နေတဲ့သူ နောက်တဦးကတော့ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်းတင်အောင်ပါ။
“ကျနော့်မြို့နယ်မှာဆိုရင် မဲရုံပေါင်း ၁၉၉ ရုံ ရှိတဲ့အတွက် ကျနော်တို့ အနေနဲ့ အဲဒီလို စောင့်ကြည့်ဖို့ တအိမ်ကို တယောက်နှုန်းနဲ့ တွက်ရင်တောင်မှ ၁၉၉ ယောက် ရှာရမယ့် အတွက်ကြောင့် ကျနော့်မှာ တော်တော် အခက်အခဲ ဖြစ်ပါတယ်။ မဲရုံစောင့် မရရင် ကျနော်က အဲဒီနေ့မှာ မဲရေတွက်တဲ့အခါ မဲမသမာမှုတွေ၊ မဲလိမ်မှုတွေ၊ မှားယွင်းမှုတွေကို ကျနော်က စောင့်မကြည့်နိုင်ရင် ဝင်ရောက် အရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်း အတွက် အများကြီး နစ်နာမှုတွေ ရှိနိုင်ပါတယ်။”
စောင့်ကြည့်ပေးမယ့် ကိုယ့်ရဲ့ ကိုယ်စားလှယ်သာ မဲရုံမှာ ရှိနေရင် မဖြစ်သင့်တာတွေကို တားဆီးနိုင်လိမ့်မယ်လို့ NDF ပါတီက ဦးမြတ်ဉာဏစိုးက ပြောပါတယ်။
“မဲရုံ ကိုယ်စားလှယ်တွေ ထားနိုင်မှသာလျှင် တရားမဲ့ ပြုကျင့်မှုတွေလုပ်တာ၊ ပါတီတခုတည်းကိုပဲ ပုံအောပြီးတော့ ဆန္ဒမဲ ပြုခိုင်းတာမျိုး။ အမှတ်အသား တခုကို ပြပြီးတော့ ဒီဘက်ဘေးမှာပဲ အမှန်ခြစ်လိုက်ပါ ဆိုတဲ့ ကိစ္စရပ်မျိုးတွေပေ့ါ။ ကျနော်တို့ဘက်မှာ ကိုယ်စားလှယ်တွေ ရှိနေရင်တော့ ဒါတွေက စောင့်ကြပ် တားဆီးနိုင်မှာပါ။”
အခုလို သူတို့ စိုးရိမ်နေရတဲ့ အဓိက အကြောင်းအချက်တွေထဲမှာ ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ပေးထားတဲ့ မဲရုံဝန်ထမ်းတွေဟာ ဘယ်လောက်အထိ စိတ်ချယုံကြည်ရသလဲ ဆိုတာလည်း ပါဝင်ပါတယ်။
“ရွေးကောက်ပွဲ ကော်မရှင်ပေါ့၊ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်တွေမှာ တချို့ ကော်မရှင် ဥက္ကဋ္ဌတွေ၊ အဖွဲ့ဝင်တွေက အရင်တုန်းက ရယက ဥက္ကဋ္ဌဟောင်းတွေ၊ အရင်တုန်းက ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင် ဟောင်းတွေလို့တော့ ကျနော်တို့ ကြားသိရတာ ရှိပါတယ်။ အကယ်၍သာ အရင်တုန်းက ဘာဖြစ်ခဲ့ဖြစ်ခဲ့ အခု ရွေးကောက်ပွဲ ကော်မရှင်မှာ လုပ်ရတဲ့အတွက် သမာသမတ် ကျစွာနဲ့ လုပ်ကြမယ် ဆိုရင်တော့ ကျနော်တို့က အများကြီး ကြိုဆိုပါတယ်။
“ဒါမှမဟုတ် ဘက်လိုက်မှုတွေ၊ အရင်တုန်းက သူတို့ မိခင်အသင်းအတွက် လုပ်ပေးမယ့် ဘက်လိုက်မှုတွေ ရှိရင်တော့ ကျနော်တို့ ဒီမိုကရက်တစ် အင်အားစု ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေ အတွက်တော့ အများကြီး နစ်နာမှု ရှိနိုင်ပါတယ်။”
UDP ပါတီက ဦးသိန်းတင်အောင် ပြောခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ တရားမျှတမှုတွေ ဖြစ်နိုင်ရေး ပြည်သူတွေကိုပဲ အားကိုးချင်ပါတယ်လို့ NDF ပါတီက ဦးမြတ်ဉာဏစိုးက ပြောပါတယ်။
“ကျနော်တို့က ပြည်သူလူထုရဲ့ အားကို လိုနေပါတယ်။ ပြည်သူတွေရဲ့ လွတ်လပ်စွာ ဆန္ဒမဲ ပေးပိုင်ခွင့်ကို အချယ်လှယ်ခံမလား၊ ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီး စေတနာ့ဝန်ထမ်း မဲရုံ စောင့်ကြည့်သူများအဖြစ်၊ ဒိုင်လူကြီးများအဖြစ် ပူးပေါင်း ဆောက်ရွက်မလား ဆိုတာကို ပြည်သူလူထုကြီး ကိုယ်တိုင် ရွေးချယ်စေချင်ပါတယ်ခင်ဗျ။”
လွှတ်တော်ကိုယ်စားလှယ်တွေ အတွက် ရွေးကောက်ပွဲ ကျင်းပတဲ့နေ့အထိ မဲရုံတွေမှာ စောင့်ကြည့်ပေးမယ့်သူတွေ မရရင်လည်း ဒီအတိုင်းပဲ ဆက်ပြီးတော့ သွားရလိမ့်မယ်လို့ ပြောနေပါတယ်။