ကြိုတင်မဲနဲ့ မဲမသမာမှုကြောင့် မြို့နယ် တော်တော်များများမှာ ကြံ့ဖွံ့ပါတီ အနိုင်ရ

  • မသင်းသီရိ

ကြိုတင်မဲနဲ့ မဲမသမာမှုကြောင့် မြို့နယ် တော်တော်များများမှာ ကြံ့ဖွံ့ပါတီ အနိုင်ရ

ဒီနေ့ညနေအထိ နောက်ဆုံး မဲရလဒ် အခြေအနေတွေအရ မြန်မာနိုင်ငံတွင်းက မြို့တော်တော်များများမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရနေတယ်လို့ သိရပါတယ်။ ဒီလို အနိုင်ရမှုတွေဟာ ကြိုတင်မဲတွေနဲ့အတူ မဲမသမာမှုတွေကြောင့်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာ ခြင်္သေ့အမှတ်တံဆိပ် ရှိတဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက နိုင်တယ်လို့ ကြေညာလိုက်ပါပြီ။ ဒါပေမဲ့ မြို့နယ်တွေအတွင်းက မဲရုံတွေထဲမှာ မဲရေတွက်တာ မပြီးသေးတဲ့ အချိန်မှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက နိုင်တယ်လို့ ကြေညာလိုက်တာမို့ တခြား ပါတီတွေ အားလုံးက အံ့သြနေရတယ်လို့ ပြောပါတယ်။

မဲရေတွက်နေတာတွေကိုလည်း ကျန်တဲ့ နိုင်ငံရေးပါတီတွေက မဲရုံတွေမှာ ကြည့်ရှုခွင့် မရဘူးလို့ လေးမျက်နှာ မြို့ခံတဦးက ပြောပါတယ်။

“လေးမျက်နှာမြို့နယ် မဲအရေအတွက် ရလဒ်က ထွက်သွားပြီ။ သူတို့ကြေညာနေတဲ့ အချိန်မှာ ဒီမှာ စာရင်း လုံး၀ မပြုစုရသေးဘူး။ အဲဒါပဲ ကျနော်တို့ စဉ်းစားမရဘူး ဖြစ်နေတယ်။ တချို့နယ်တွေမှာ ကိုယ်စားလှယ်တွေ လွှဲထားပြီးတော့လည်း လုံးဝကို မကြည့်နဲ့၊ စာရင်းမယူနဲ့ဆိုတဲ့ သဘောပါတယ်။ အဲတော့ အတိအကျကို မသိရဘူး ဖြစ်နေတယ်။ အနိုင်အရှုံးက သူတို့ ကြိုသိနေတဲ့သဘော ပါတယ်။

“တရားဝင် ကြေညာလိုက်တာက ရေဒီယိုမှာ လွှင့်လိုက်တယ်။ မဲမသမာမှုကတော့ အများကြီးပဲ။ သေတဲ့လူတွေ စာရင်းလည်း ပါတယ်၊ ခရီးဝေး ပြန်မလာတဲ့လူစာရင်းလည်း သူတို့ယူတယ်။ ကြိုတင်မဲမှာဆိုရင် အဲဒီ အဖွဲ့ဝင်တွေပဲ ဖြစ်ကုန်တာပေါ့။”

ဧရာဝတီတိုင်းအတွင်း မအူပင်မြို့မှာ ဆိုရင်လည်း ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကပဲ နိုင်ပါတယ်။ မဲတွေကို ရေတွက်တဲ့အခါ နောက်ဆုံး ကြိုတင်မဲတွေနဲ့ အနိုင်ရသွားတာလို့ ရွေးကောက်ပွဲတွေကို စောင့်ကြည့်နေတဲ့ ဒေသခံတဦးက ပြောပါတယ်။

“နောက်ဆုံးရလဒ်ကတော့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက နိုင်သွားပါတယ်။ ဝန်ကြီး ဦးသိန်းညွန့် ပါပါတယ်၊ စည်ပင်ဝန်ကြီး။ မဲရေတွက်မှုကတော့ မဲပေးသူဦးရေက သုံးချိုး နှစ်ချိုးလောက်ပဲ ရှိတယ်ဗျ။ ကြံ့ခိုင်ရေးက နိုင်တဲ့မဲမှာ ကြိုတင်မဲတွေက အများစု ဖြစ်နေတယ်။ မဲရုံတရုံမှာ ကြည့်လိုက်ရင် ဝင်ပေးတဲ့ မဲအရေအတွက်နဲ့ ကြည့်လိုက်ရင် ကျန်တဲ့ပါတီတွေကလည်း မဲတွေ ရကြပါတယ်။ ရတဲ့မဲတွေ ကြည့်လိုက်တဲ့အခါ ကြံ့ခိုင်ရေးက ကြိုတင်မဲတွေ ပေါင်းလိုက်တဲ့အခါမှာ ကြံ့ခိုင်ရေးက နိုင်သွားတာ များပါတယ်။”

ပဲခူးတိုင်း အနောက်ဘက်ခြမ်း သာယာဝတီမြို့ဘက်မှာလည်း နောက်ဆုံးရလဒ်အရ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကသာ အနိုင်ရတယ်လို့ ကြေညာခဲ့ပါတယ်။ သာယာဝတီမြို့အတွင်းက ကျေးရွာ တော်တော်များများမှာ မဲမသမာမှုတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“တစညရယ်၊ ဒီမိုကရက်တစ်ရယ်၊ ကြံ့ဖွံ့ရယ် ၃ ပါတီပြိုင်တယ်။ အဲဒီမှာ ကြံ့ဖွံ့နိုင်တယ်။ တချို့ရွာတွေမှာဆိုရင် ကြံ့ဖွံ့ စည်းရုံးရေးမှူးတွေက မဲရုံအတွင်းအပြင်က စောင့်ပြီးတော့ သူတို့ပါတီကို မဲထည့်ဖို့၊ ဒါလေးကို ဒီလိုထည့်လိုက်၊ ဒါကို ဒီလိုခြစ်လိုက်ဆိုပြီးတော့ လုပ်တာတွေ၊ ကြိုတင်မဲတွေနဲ့ အနိုင်ယူသွားတာတွေ ရှိတယ်။ တချို့ရွာတွေမှာ ဒီမိုကရက်တစ်က နိုင်တာရှိတယ်။ မဲတွေက ပြတ်ပြတ်သားသား အနိုင်ရတာ မရှိပါဘူး။

“အဓိကက ကြိုတင်မဲတွေကြောင့်ရယ်၊ နောက် မဲရုံရဲ့ အတွင်းထဲထိ၊ နောက်ဆုံးအချိန်ထိ သူတို့တွေက မဲတွေကို သူတို့လက်ဝယ် ရယူနိုင်အောင် သူတို့ လုပ်သွားတယ်။”

တခါ မကွေးတိုင်း နတ်မောက်မြို့မှာဆိုရင်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကသာ နိုင်ခဲ့တယ်လို့ ဆိုပေမဲ့ ဒီမဲရလဒ်တွေဟာ ရိုးသားမှု မရှိဘဲ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ နတ်မောက်မြို့ခံ တဦးက ရှင်းပြပါတယ်။

“မမတို့ နတ်မောက်ကတော့ ကြံ့ဖွံ့ကပဲ နိုင်သွားတယ်။ တစညက ဒုတိယတဲ့။ မသမာမှုတွေတော့ တင်ပြ တိုင်ကြတော့ တစညလည်း တိုင်တယ်။ NDF ကလည်း တိုင်တယ်။ လာတဲ့လူကို အဓမ္မ ဇွတ်ဆွဲထည့်တယ်။ ကြံ့ဖွံ့ထဲကို၊ ဘယ်သူမှ မပြောရဲဘူး၊ လာတဲ့လူကို၊ ကြိုတင်မဲလည်း ကောက်ပြီးသား။ နောက်ဆုံးပိတ် တောတွေမှာ ဦးထုပ်တွေဘာတွေ ပေးပြီး ကောက်ထားတာလေ။ ပိုက်ဆံတွေ ချေးမယ်ပြောတယ်၊ အကုန်လုံး လုပ်ပေးမယ် ပြောတယ်။ အခုကျတော့ မဟုတ်တော့ဘူးလိ့ု ပြောသတဲ့၊ သူတို့နိုင်တော့။”

အလားတူ မန္တလေးတိုင်း ဝမ်းတွင်းမြို့မှာ ဆိုရင်တော့ ကျေးရွာတော်တော်များများမှာ တစညနဲ့ တခြား ဒီမိုကရက်ပါတီတွေက နိုင်ပေမဲ့ နောက်ဆုံး မြို့ပေါ်က ရလဒ်တွေနဲ့ ကြိုတင်မဲတွေ အားလုံးကို ရေတွက်လိုက်တယ်ဆိုရင် ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကသာ နိုင်တယ်ဆိုတာကို ကြေညာခဲ့တယ်လို့ ဝမ်းတွင်း ဒေသခံတဦးက ပြောပြပါတယ်။

“မဲရလဒ်က ကျနော်တို့ မြို့ပေါ်မှာ ၉ ရပ်ကွက် ရှိပါတယ်။ ရှိတဲ့အထဲမှာ မြို့ပေါ် ၆ ရပ်ကွက်၊ တောက ၃ ရပ်ကွက်ပေါ့။ တစညက ၃၀၀ ပြတ်ပြီး နိုင်သွားတယ်။ မြို့ပေါ် ၆ ရပ်ကွက်ကျတော့ ပြည်ခိုင်ဖြိုးက နိုင်ပါတယ်။ ကြိုတင်မဲတွေနဲ့ သူတို့က နိုင်ကြတာ။ ကြိုတင်မဲဆိုတာ အသက်ကြီးတဲ့ အိမ်တွေကျတော့ လာပြီးတော့ ထည့်၊ အိမ်ယူသွား၊ အိမ်ကိုယူသွားတော့ သူက ပြည်ခိုင်ဖြိုးပဲ ထည့်ခိုင်းတာ။ လိုက်ပို့တဲ့လူကအစ မဲရုံထဲကို လိုက်သွားတာ။ အဲဒါတွေကျတော့ သဘာ၀ မကျဘူးလေ။”

နယ်မြို့တချို့ရဲ့ မဲရလဒ်နဲ့ မဲမသမာမှု ဖြစ်ခဲ့တဲ့ အခြေအနေတွေ ဖြစ်ပါတယ်။

ဒီလိုမြို့တွေအပြင် ကျန်တဲ့ နယ်မြို့ တော်တော်များများမှာလည်း မဲမသမာမှုတွေ ဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် ကြိုတင်မဲ ဆိုတာတွေက အရင်ရေတွက်ရမှာ ဖြစ်ပေမဲ့ မဲပြားတွေကို ရေတွက်ပြီးကာမှ နောက်ဆုံး ကြိုတင်မဲတွေကို ဖောက်ပြီး ရေတွက်ရာမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက နိုင်သွားတယ်လို့ ကြေညာခဲ့တဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။