NLD က ဒီလဆန်းက ကျင်းပပြီးစီးသွားခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တာနဲ့ ပတ်သက်လို့ အစီရင်ခံစာ ပြုစုနေရာမှာ ဒီရက်ပိုင်းမှာပဲ မူကြမ်း ပြီးစီးသွားခဲ့ပါတယ်။ ဒီအချိန်မှာပဲ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကလည်း နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ဘယ်လောက် လွတ်လပ်ပြီး တရားမျှတမှု ရှိသလဲ ဆိုတာကို ဖော်ထုတ်နိုင်ဖို့အတွက် ရှမ်းပြည်နယ်အတွင်းက မြို့ပေါင်း ၆၀ လောက်နဲ့ ကချင်ပြည်နယ်အတွင်းက မြို့ ၁၀ မြို့လောက်မှာ စစ်တမ်း ကောက်ယူနေပါတယ်။ ဒီလို ကောက်ယူရရှိတဲ့ သတင်းအချက်အလက်တွေကို နောက်လကုန်လောက်မှာ ထုတ်ပြန်ကြေညာဖို့ ပြင်ဆင်ထားပါတယ်။
SNLD ပါတီဟာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲတုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီပြီးရင် မဲအများဆုံး ရရှိတဲ့ ပါတီဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲအတွက် ထပ်မံ မှတ်ပုံမတင်တာကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖျက်သိမ်းကြောင်း ကြေညာထားတဲ့ ပါတီလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
SNLD ပါတီက ၂၀၁၀ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခြင်း မပြုပေမဲ့ ဒီရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမရှိ စောင့်ကြည့် လေ့လာဖို့အတွက် ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ကြိုတင်ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။
SNLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေက သူတို့ပါတီဝင် လူငယ်တွေကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ပို့ချတဲ့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးဆိုင်ရာ သင်တန်းတွေကို တက်ရောက်စေခဲ့ပြီးမှ အခုလို စစ်တမ်းပြုစုတာ ဖြစ်တယ်လု့ိ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။ ဒီစစ်တမ်းမှာ အဓိက ကောက်ယူခဲ့တဲ့ အချက်တွေကိုတော့ ဦးစိုင်းလိတ်က အခုလို ပြောပါတယ်။
“အဓိကကတော့ မဲထည့်တဲ့သူ အရေအတွက်၊ ဒီမဲစာရင်း ပေါ်ပေါက်တဲ့လူက ဘယ်လောက်ရှိတယ်၊ တကယ်တမ်း မဲလာထည့်တာ ဘယ်လောက်ရှိပြီးတော့မှ ကြိုတင်မဲ၊ နောက် နောက်တိုးမဲ အဲဒီ မဲမသမာမှုတွေက ဘယ်လို အနေအထားမျိုး ရှိတယ်၊ အဲဒါတွေကို အဓိက ထားတာပေါ့နော်။ လွတ်လပ်ပြီးတော့ တရားမျှတမှု ရှိမရှိကို အဓိက သိချင်တာပါ။ အဓိကကတော့ ရှမ်းပြည်နယ် အားလုံး မြို့ ၆၀ နဲ့ ကချင်ပြည်နယ် ၁၀ မြို့လောက်ကို အဓိကထားပြီး survey လုပ်တာပေါ့နော်။”
အခုလို ကောက်ယူတဲ့ နယ်မြေတွေကတော့ ရှမ်းတိုင်းရင်းသားတွေ အများစု နေထိုင်တဲ့ နယ်မြေတွေ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ စစ်တမ်းကောက်ယူမှုဟာ တဝက်ကျော်လောက် ပြီးစီးနေပြီး ရရှိထားတဲ့ အချက်အလက်တွေအရ ဆိုရင် မြို့တိုင်းနီးပါးလောက်မှာ မဲမသမာမှုတွေကို တွေ့ရတယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။
“ယေဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့ လွတ်လပ် တရားမျှတမှုကတော့ မရှိသလောက်ပါပဲ။ လုပ်ပုံလုပ်နည်းခြင်း ကွာခြားပေမဲ့လို့ နောက်ဆုံး နိဂုံးဆွဲချရင်တော့ မဲမသမာမှုက မြို့တိုင်းလိုလို ရှိတယ်၊ အနည်းနဲ့ အများပဲ ကွာပါတယ်။ မြို့တိုင်းလိုလိုမှာ မသမာတဲ့ ကြိုတင်မဲတွေက အဓိက ကျပြီးတော့ နောက်ထပ် ခြိမ်းခြောက်ပြီးတော့မှ မဲလိမ်တာမျိုးတွေပေါ့။ အတင်းအဓမ္မ မဲထည့်ခိုင်းတာတွေ၊ နောက်တခါ မဲထည့်ချင်လျက်နဲ့ ထည့်ပိုင်ခွင့် မရှိအောင်၊ တခါ မဲသွားထည့်လျက်နဲ့ ပယ်မဲဖြစ်အောင် ကြိုတင်ကြံဆောင်ထားတဲ့ အချက်အလက်တွေလည်း တော်တော်များများ တွေ့ရပါတယ်။”
တချို့ပြည်သူတွေဟာ မဲထည့်ချင်ပေမဲ့ ထည့်ခွင့်မရတဲ့ အခြေအနေနဲ့ ကြိုတင်မဲပေးတဲ့ အခြေအနေကိုတော့ ဦးစိုင်းလိတ်က အခုလို ရှင်းပြပါတယ်။
“မဲထည့်ချင်လျက်နဲ့ ထည့်လို့မရဘူး ဆိုတာက အိမ်ထောင်စု တခုမှာ ဥပမာ မိသားစုဝင် ၅ ယောက် ရှိတယ်ဆိုလို့ရှိရင် မဲထည့်ပိုင်ခွင့် ကြိုတင် အကြောင်းကြားတဲ့ လက်မှတ်ကို ၂ စောင်လောက်ပဲ လာပေးထားတယ်၊ မိသားစု ၅ ယောက်ရှိတဲ့ဆီမှာ။ နောက် ကျန်တဲ့ ၃ ယောက် သွားပြီး မဲထည့်မယ် လုပ်တော့ အဲဒီအတွက်ကို သက်ဆိုင်ရာ အာဏာပိုင်တွေက ထည့်ပြီးသားဖြစ်တယ် ဆိုတာမျိုး၊ နောက်တခါ မဲစာရင်း မပေါ်ပေါက်ဘူး ဆိုတာမျိုး၊ မဲစာရင်း ကြေညာတဲ့ အချိန်မှာ လာပြီး အကြောင်းမကြားလု့ိ အခု နီးကပ်ချိန်ကျမှ အရေးဆိုတော့ လုပ်မပေးနိုင်ဘူး ဆိုတာမျိုး အဲဒါတွေက အစ တွေ့ရပါတယ်။
“ထူးထူးခြားခြားကတော့ ကြိုတင်မဲကို ဒီမိုကရေစီ အင်အားစုဘက်ကို မဲထည့်လောက်တဲ့ ရပ်ကျေးတွေကို သက်ဆိုင်ရာ ကော်မရှင်ရဲ့ တံဆိပ်တုံး မပါဘဲနဲ့၊ မဲရုံမှူးလက်မှတ် မပါဘဲနဲ့ ကြိုတင်မဲတွေ ပေးလွှတ်လိုက်တာမျိုး ရှိတယ်။ အဲဒါတော့ တော်တော် ထူးထူးခြားခြားကို တွေ့ရပါတယ်။”
ဒီစစ်တမ်းကို ရက်ပေါင်း ၁၀၀ အတွင်းမှာ အပြီးပြုစုပြီး နောက်လကုန်လောက်မှာ အများပြည်သူနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ သိရှိနိုင်ဖို့ သတင်းထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။
အခုလို စစ်တမ်းကောက်ယူတာကို SNLD ပါတီက သီးခြားလွတ်လပ်စွာ ဆောင်ရွက်နေတာဖြစ်ပြီး သတင်းထုတ်ပြန်ရာမှာတော့ လုပ်ငန်း ရည်ရွယ်ချက်ချင်း တူညီတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ကောင်း ဆောင်ရွက်မယ်လို့ သိရပါတယ်။
တချိန်တည်းမှာပဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ရွေးကောက်ပွဲ မသမာမှုတွေကို စာရင်းပြုစုပြီး အစီရင်ခံစာ ထုတ်ပြန်ဖို့ ပြင်ဆင်နေပါတယ်။
ရွေးကောက်ပွဲ ကာလကတော့ ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်း အတော်များများက ရွေးကောက်ပွဲ မသမာမှုတွေကို သတင်းမီဒီယာတွေကနေ တဆင့် ကျယ်ကျယ်လောင်လောင် ဝေဖန်ခဲ့ကြပါတယ်။
အဲဒီနောက်မှာ ရွေးကောက်ပွဲ ကော်မရှင်က တရားမျှတမှု မရှိတာတွေကို ရွေးကောက်ပွဲ ဥပဒေနဲ့ အညီ ကန့်ကွက်လွှာ တင်သွင်းဖု့ိနဲ့ ပြည်ပ အသံလွှင့်ဌာနတွေ၊ သတင်းမီဒီယာတွေမှာ ပြောဆို ရေးသားတာတွေဟာ ဥပဒေနဲ့ ငြိစွန်းကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒီလို ကန့်ကွက်လွှာ တင်သွင်းမယ် ဆိုရင်တော့ ကျပ်ငွေ ၁၀ သိန်း တရားစရိတ်အဖြစ် ပေးဆောင်ရမယ်လို့ ရွေးကောက်ပွဲ ဥပဒေမှာ ပြဋ္ဌာန်းထားတာလည်း ဖြစ်ပါတယ်။