နိုင်ငံအဝန်းမှာရှိတဲ့ မဲရုံတွေက မဲစာရင်းတွေကို ရေတွက်ရာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက နေရာ အတော်များများမှာ ယှဉ်ပြိုင်ဘက် ပါတီတွေကို ကြိုတင်မဲတွေနဲ့ အနိုင်ရနေပါတယ်။ ဒီကြိုတင်မဲ ရလဒ်ဟာ မဲပေးတဲ့နေ့မှာ ရေတွက်တဲ့ မဲရလဒ်နဲ့ ပြောင်းပြန်လို ကွာခြားနေတာကြောင့် ကြိုတင်မဲ ရယူတဲ့အပေါ်မှာ ပါတီအတော်များများက သံသယရှိနေပြီး တချို့ပါတီတွေကတော့ ကန့်ကွက်ဖို့ ပြင်ဆင်နေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။
ရွေးကောက်ပွဲ မတိုင်မီကတည်းက ကြိုတင်မဲ ရယူတာနဲ့ ပတ်သက်ပြီး နေရာဒေသ အတော်များများမှာ ပြသနာ တက်ခဲ့တာတွေရှိပြီး ကန့်ကွက်သံတွေလည်း ဆူဆူညံညံ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ မနေ့က ရွေးကောက်ပွဲ ပြီးဆုံးတဲ့နောက် မဲစာရင်းတွေ ရေတွက်ရာမှာလည်း ဒီ ကြိုတင်မဲ ပြဿနာဟာ ပြီးဆုံးမသွားသေးပါဘူး။ ဒါကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အနိုင်ရတဲ့ နေရာတချို့မှာ ကြိုတင်မဲတွေက အဆုံးအဖြတ် ပေးနေတာကြောင့် ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မှာ အင်အားကောင်းတဲ့ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက သူတို့ ရည်မှန်းထားသလောက် အောင်မြင်မှု မရတာဟာ ကြိုတင်မဲကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်တို့ မှန်းထားတာလောက် မနိုင်လို့ ကျနော်တို့ စိတ်ပျက်နေတယ်။ ထိုင်ပြီးတော့ စိတ်ပျက်နေတယ် သိလား။ ခေါင်းချင်းဆိုင်ပြီးတော့ စိတ်ပျက်နေတာ။ စိတ်ပျက်နေတယ်။ ကျနော်တို့ ၈၀% နိုင်မယ်။ အခုဟာ ၄၀% တောင် မနိုင်ဘူး ဖြစ်နေတယ်။ ခက်နေတာ။ ဟုတ်တယ်၊ ကြိုတင်မဲကြောင့်။ ကြိုတင်မဲသာ မလုပ်ရင်၊ ကြိုတင်မဲသာ မထည့်ရဘူးဆိုရင်၊ ၇ ရက်နေ့မှာသာ လွတ်လွတ်လပ်လပ် ထည့်ရမယ်ဆိုရင် မှန်းခဲ့တဲ့ ၈၀% က အသာလေးပဲဗျာ။”
ကျားဖြူပါတီဟာ လက်ရှိ ရေတွက်ပြီးစီးသွားတဲ့ စာရင်းတွေအရ ဆိုရင် ရှမ်းပြည်နယ် မြို့နယ် ၁၀ ခုက လွှတ်တော်ကြီး ၃ ရပ်လုံးနီးပါးမှာ အနိုင်ရထားပါတယ်။
ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ သိန္နီမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးလည်းဖြစ်တဲ့ ဦးစိုင်းအိုက်ပေါင်းက ကြိုတင်မဲ ကောက်ယူမှု အခြေအနေကို အခုလို ဆက်ပြောပါတယ်။
“သဘောက မနေ့က လွတ်လွတ်လပ်လပ်သာ ထည့်ရမယ့်ဟာမှာ ကျနော်တို့ ကျားဖြူကို ၅၀၀ လောက် ထည့်တယ်ဗျာ။ တခြားပါတီက ၁၃ မဲတို့၊ ၉ မဲတို့၊ ၁၀ မဲတို့ အဲလောက်ပဲ ရတယ်ဗျာ။ ဟို ကြိုတင်မဲကျတော့ ကျားဖြူပါတီက ၁၀ ဂဏန်းဗျာ။ ဟိုကောင်က ရာဂဏန်းဗျာ၊ ၂၀၀- ၃၀၀ဗျာ။ အဲလို ကွာနေတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကြိုတင်မဲက ဘယ်လိုဖြစ်နေလဲဆိုတာ သိသာမှာပေါ့။”
သိန္နီတမြို့နယ်လုံးမှာ မဲပေးခွင့်ရှိသူ ၂၈,၀၀၀ ပတ်ဝန်းကျင်လောက်ရှိပြီး ကြိုတင်မဲက ၈,၀၀၀ လောက် ရှိတယ်လို့ ပြောပါတယ်။ လောလောဆယ်မှာတော့ ကျားဖြူပါတီက သိန္နီမဲဆန္ဒနယ်မှာ ၃ နေရာ နိုင်ထားပြီး ပြည်သူ့လွှတ်တော်မှာလည်း အနိုင်ရမယ်လို့ မျှော်လင့်ထားပါတယ်။
ရွေးကောက်ပွဲ မတိုင်ခင် ကြိုတင်မဲ ရယူတုန်းကလည်း သိန္နီ အမှတ် ၁ မဲဆန္ဒနယ်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲထည့်ခိုင်းတာကြောင့် ကျားဖြူပါတီက ခရိုင် ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားထားပါတယ်။ အခုလည်း ကြိုတင်မဲ ကောက်ယူရာမှာ မဲမသမာမှုရှိတဲ့ နယ်မြေတွေကို ဆက်လက်ကန့်ကွက် တိုင်ကြားသွားမယ်လို့ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။
မကွေးတိုင်း အတွင်းမှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကြိုတင်မဲ ရယူတာနဲ့ ပတ်သက်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ကန့်ကွက်သွားမယ်လို့ ပါတီခေါင်းဆောင် တဦးက ပြောပါတယ်။
“အခုလောလောဆယ်က ဆိတ်ဖြူ တမြို့နယ်ပဲ သိရပါတယ်။ အဆင့် ၃ ဆင့်လုံး အောင်မြင်ပါတယ်။ တခြားနေရာမှာတော့ ကြိုမဲဆိုတာနဲ့ အနိုင်ယူ ခံနေရတယ်။ မကွေး၊ သရက်၊ မင်းလှ၊ မင်းဘူး ကြိုမဲတွေနဲ့ အနိုင်ယူထားတာပါ။ ကြိုမဲဆိုတာက မသမာမှုနဲ့ လုပ်နေတယ်။ ကြိုမဲတွေက ဘယ်လိုကြိုမဲ ဆိုတာလည်း ကြည့်ရှုခွင့် မရှိပါဘူး။ ကျမတို့က အဲဒါကို အတည်ပြုမှာ မဟုတ်ပါဘူး။ ကျမတို့က ကန့်ကွက်သွားမှာပါ။”
စစ်ကိုင်းတိုင်းဘက်မှာ ကြိုတင်မဲ ကောက်ယူတဲ့ အခြေအနေကိုတော့ တစည ပါတီဝင်တယောက်က အခုလို ပြောပါတယ်။
“ရှုံးတာကတော့ အကုန်ရှုံးသလောက်ပါပဲ၊ ကျနော်တို့ တစညကတော့လေ။ ကလေးဝတို့ မော်လိုက်တို့ ဘက်ကတော့ နိုင်ပါတယ်။ မော်လိုက်ကတော့ တိုင်းဒေသကြီး ၁ က ရှုံးတယ်။ တိုင်းဒေသကြီး ၂ က နိုင်တယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နိုင်တယ်။ ကြိုတင်မဲတွေကတော့ အဲလိုပါပဲ။ ဒီမှာကတော့ ရွာသစ်ကြီးစက်ရုံတို့၊ စက်ရုံရှိတဲ့၊ အလုပ်ရုံရှိတဲ့ဟာတွေ အားလုံးကတော့ ကြိုတင်မဲချည်းပေါ့ဗျာ။ ရပ်ကွက်တွေထဲမှာလည်း ကြိုတင်မဲယူတာပဲ။ ယူပြီးမှ ကျနော်တို့ တစညက ကြိုတင်မဲထဲမှာကို စပါးနှံ ထည့်လိုက်ရဲ့သားနဲ့ မဲရေတွက်တဲ့ အချိန်မှာ အကုန်လုံးက ခြင်္သေ့ ဖြစ်သွားတာတွေလည်း အများကြီး ကြားရတယ်လေ။”
စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၄ နေရာလုံး အနိုင်ရထားပါတယ်။ တမူးမြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တစည၊ ချင်းတိုးတက်ရေး ပါတီနဲ့ တသီးပုဂ္ဂလတွေ ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။
ချင်းတိုးတက်ရေး ပါတီက ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးထန်ခိုဟောက်ကတော့ တမူးမြို့နယ်မှာလည်း ကြိုတင်မဲ ပြဿနာ မကင်းဘူးလို့ ပြောပါတယ်။
“တရားမျှတမှု ဆိုတာက ကျနော်ကတော့ လက်မှတ်ထိုးပြီးပြီပေါ့နော်။ ဒါပေမဲ့ သူက ကြိုတင်မဲတွေကလည်း တအားများသွားတာပေါ့ဗျာ။ ကျနော်တို့ ကြိုတင်မဲ ကိစ္စတွေကလည်း အများကြီးရှိတယ်။ မပေးခင်ကတည်းကလည်း ကြိုတင်မဲ ကိစ္စတွေက ပြဿနာတွေလည်း တော်တော်လေး ဖြစ်တာရှိတယ်။”
ဒီကနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာတော့ ပြည်သူတွေ လွတ်လပ်ပျော်ရွှင်စွာ မဲပေးနေကြောင်း ဖော်ပြပြီး နိုင်ငံတကာ သံတမန်တွေနဲ့ ပြည်တွင်း ပြည်ပ သတင်းဌာနက သတင်းထောက်တွေက ကြည့်ရှု လေ့လာနေကြပုံတွေကို ထင်ထင်ရှားရှား ဖော်ပြထားပါတယ်။