ရေဒီယိုနဲ့ ရုပ်သံသုံး မဲဆွယ်စည်းမျဉ်း တင်းကျပ်ဟု နိုင်ငံရေးပါတီတချို့ ဝေဖန်

  • ဦးကျော်ထင်

နိုင်ငံရေးပါတီတွေ ရေဒီယိုနဲ့ ရုပ်သံကို သုံးပြီး စည်းရုံးရာမှာ လိုက်နာဖို့ ချမှတ်ထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေညာချက်အရ စစ်အစိုးရဟာ ကိုယ်တိုင် ပြဋ္ဌာန်းချက်ကို မလိုက်နာသလို အသုံးပြုခွင့် ရရင်လည်း အခုလို တင်းကျပ်တဲ့ တားမြစ်ချက်တွေနဲ့ ဖြစ်တယ်လို့ နိုင်ငံရေးပါတီ တချို့က ပြောကြပါတယ်။ အပြည့်အစုံကို စုံစမ်း မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

နိုင်ငံရေးပါတီတွေ ရေဒီယိုနဲ့ ရုပ်သံကို သုံးပြီး စည်းရုံးရာမှာ ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း မလိုက်နာရင် နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ အရေးယူခံရမယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ တည်ဆဲဥပဒေတွေကို လိုက်နာဖို့၊ စစ်တပ် ဂုဏ်သိက္ခာကို မထိပါးဖို့ အပါအဝင် အချက် ၉ ချက် ပါရှိပါတယ်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးသိန်းဌေးက အာဏာမတည်သေးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ အချက်တွေကို လိုက်နာခိုင်းမှုအပေါ် အခုလို ပြောပါတယ်။

“မဲပေးပိုင်ခွင့် အားလုံးရဲ့ ထက်ဝက်ကျော်၏ မဲပေးမှုနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြု ပြဋ္ဌာန်းလိုက်သည်လို့ ပါတယ်။ အဲဒီ အတည်ပြု ပြဋ္ဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး စတဲ့နေ့မှာ နိုင်ငံတဝန်းလုံး အာဏာတည်မည်လို့ ဥပဒေ ပြဋ္ဌာန်းထားတာ ရှိတယ်။ အဲဒီတော့ ကျနော်တို့ ယူဆထားတာက ဥပဒေကဲ့သို့ အာဏာတည်မှသာ ပြဋ္ဌာန်းချက်ကို အသုံးချလို့ရမယ်။”

အကယ်၍ ၂၀၀၈ ဖွဲ့စည်းပုံပါ အချက်တွေကို နိုင်ငံရေးပါတီတွေက လိုက်နာရမယ်ဆိုရင် ပြည်သူလူထုကလည်း ဒီဖွဲ့စည်းပုံအတိုင်း လုပ်ပိုင်ခွင့် ရှိရမယ်လို့ ဦးသိန်းဌေးက ထောက်ပြထားပါသေးတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာရမယ်ဆိုရင် သူတို့ကိုယ်တိုင်ကကော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုယ်တိုင် ကျင့်သုံးမှု ရှိလား၊ မရှိလားဆိုတာ ပြန်သုံးသပ်ရလိမ့်မယ်။ သူတို့ကိုယ်တိုင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုယ်တိုင် ကျင့်သုံးမှုရှိတယ်ဆိုရင် ပုဒ်မ ၃၅၄ နိုင်ငံသား အခွင့်အရေးမှာ သူတို့ရေးထားတာ ရှိတယ်။

“(က) မိမိ၏ ယုံကြည် ထင်မြင်ချက်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့်၊ ဖြန့်ဝေခွင့်။ (ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်။ (ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့် ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပါထားတာ ရှိတယ်။ သူတို့ကိုယ်တိုင်က ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ဆောင်ရွက်မယ်ဆို ဒီအချက် ၃ ချက်နဲ့ ပတ်သက်ပြီး ပြည်သူလူထုကိုလည်း လုပ်ပိုင်ခွင့် ပေးရမယ်။ ဥပမာ NLD ပါတီကို ဖျက်သိမ်းတဲ့အတွက် NLD ကိုလည်း အသင်းအဖွဲ့ အနေနဲ့ ဖွဲ့စည်းဆောင်ရွက်ခွင့် ပေးကို ပေးရလိမ့်မယ်။”

ရေဒီယို၊ ရုပ်သံကတဆင့် မဲဆွယ်စည်းရုံးခွင့် အစီအစဉ်မှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ အကျုံးဝင်၊ မဝင်တော့ ကော်မရှင်က မထုတ်ပြန်သေးပါဘူး။ ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ) အထွေထွေ အတွင်းရေးမှူး ဒေါ်သန်းသန်းနုကတော့ ရေဒီယိုနဲ့ ရုပ်သံတွေဟာ အစိုးရပိုင် ဖြစ်တဲ့အတွက် ဒါတွေကို အသုံးပြုခွင့် ရရင်လည်း ထူးခြားလာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ကျမတို့ကို ခွင့်ပြုတာက အစိုးရ Control လုပ်ထားတဲ့ ရုပ်သံ၊ ရေဒီယိုကနေ ပြောရမှာနော်။ အဲဒီတော့ သူတို့ပြဋ္ဌာန်းထားတဲ့ ဒီဟာတွေနဲ့ မကိုက်ညီရင် လွှင့်လို့မရ၊ ဒီအချက်တွေနဲ့ ကိုက်ညီရမယ်ဆိုတာ ကျမတို့အတွက် အထူးအဆန်း မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ ထိန်းချုပ်ထားတဲ့၊ သူတို့ကိုယ်တိုင်ကိုက လွတ်လပ်ခွင့် ပေးထားတာမှ မဟုတ်ဘဲ၊ ရေဒီယိုနဲ့ ရုပ်သံကို။ အဲဒီတော့ ကျမတို့အနေနဲ့ ခွင့်ပြုတယ်၊ ခွင့်ပြုပေမဲ့ ဒီအချက်တွေနဲ့ ကိုက်ညီမှဆိုတာ ကျမတို့က သိပ်မဆန်းပါဘူး။ ခွင့်ပြုလို့ရှိရင် ဒီလို ဥပဒေတွေ ပြဋ္ဌာန်းမှာပဲဆိုတာ ကျမတို့ မျှော်လင့်ပြီးသားပဲ။”

ပြီးခဲ့တဲ့ ဇူလိုင်လစပြီး မှတ်ပုံတင်ခွင့် ရထားတဲ့ နိုင်ငံရေးပါတီတွေကို ဂျာနယ်စာစောင်တွေ ထုတ်ဝေခွင့် ပြုခဲ့ရာမှာ စာစောင်အာမခံ ကျပ် ၅၀၀,၀၀၀ တင်ရမှာနဲ့ တင်းကျပ်တဲ့ စိစစ်ရေး ပေါ်လစီတွေကြောင့် ပါတီအများစုက မထုတ်ဝေနိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ ပြည်ခိုင်ဖြိုးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ကတော့ ပုံမှန် ထုတ်ဝေနေတယ်လို့ သိရပါတယ်။