နိုဝင်ဘာလ ပထမပတ်ထဲမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ပါတီတွေ အနေနဲ့ ကိုယ်စားလှယ်လောင်း နာမည်စာရင်းပေးဖို့ အခက်တွေ့နေကြပါတယ်။ အကြောင်းက ရပ်ကွက်နဲ့ မြို့နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေ ကိုယ်တိုင်က လုပ်ငန်းတွေ အဆင်သင့် မဖြစ်သေးတဲ့အတွက် ဖြစ်ပါတယ်။ အခုလို ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ အနေနဲ့ ပြင်ဆင်ချိန်ရတဲ့ အချိန်တိုအတွင်းမှာ ဘောင်ဝင်အောင် လုပ်နိုင်ဖို့ အခက်အခဲတွေ ဖြစ်နေတဲ့အကြောင်း ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။
လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းသွင်းဖို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အချိန်သတ်မှတ်ချက်ဟာ သိပ်ပြီး တိုတောင်းတဲ့အတွက် ထပ်တိုးပေးဖို့ နိုင်ငံရေးပါတီ တချို့က တောင်းဆိုခဲ့ကြပေမဲ့လည်း ဘာမှ အကြောင်းပြန်မလာတာကြောင့် အရင်သတ်မှတ်တဲ့အတိုင်း အခု သြဂုတ်လ ၃၀ ရက်ကိုပဲ အမီတင်နိုင်ကြဖို့ နိုင်ငံရေးပါတီတွေ နေ့မအား ညမအား တက်သုတ်ရိုက် လုပ်နေကြရပါတယ်။ အခုဆိုရင် နောက်ဆုံးရက်ရောက်ဖို့ အချိန်တပတ်ပဲ ကျန်ပါတော့တယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကန့်သတ်မှုတွေ ကြမ်းတယ်လို့ ဆိုနေကြပေမဲ့ တကယ်တမ်း အလုပ် လုပ်တဲ့အခါမှာ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေ ကိုယ်တိုင်က အဆင်သင့် မဖြစ်သေးဘူးလို့ ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ရှင်းပြပါတယ်။
“ရွေးကောက်ပွဲ ကော်မရှင်တွေ ကိုယ်တိုင်က အဆင်သင့် မဖြစ်ဘူး။ အဆင်သင့် မဖြစ်ဘူး ဆိုတာက ဘာလဲဆိုရင် နံပါတ်တစ်က မဲစာရင်းနံပါတ်ဆိုတာ လိုက်ယူရတယ်၊ မဲထည့်ပိုင်ခွင့် စာရင်းလေ၊ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ အဲဒီနံပါတ်ကို ယူရတာ။ အခု ရပ်ကွက်မှာ အဲဒီနံပါတ် မရှိသေးဘူး။ နံပါတ်က သူတို့ စဉ်တုန်းရှိသေးတယ်။ အခုဟာဆိုရင် ၂၃ ရက် ရှိနေပြီ။ ဆိုတော့ ပထမအဆင့် နံပါတ်ကို ကျနော်တို့က မရသေးဘူး။”
အဲဒါဆိုရင် ဆရာတို့ တပတ်ပဲ ကျန်တော့တယ်၊ အချိန်မီနိုင်ပါ့မလား။
“ဟုတ်တယ်၊ အဲတော့ အခု ဘာလုပ်နေရလဲဆိုတော့ သူတို့က နံပါတ်မရသေးပေမဲ့ ထောက်ခံစာဆိုပြီး အခု လုပ်ပေးနေရတယ်။ ကမန်းကတန်းပေါ့။ နံပါတ်တော့ ထွက်မှာပါ၊ မရသေးလို့ပါ၊ ထောက်ခံပါတယ် ဆိုပြီးတော့။ တဆင့်ပိုသွားတာပေါ့။ ရုံးလုပ်ငန်းက အများကြီး ကြာသွားတာပေါ့။”
ရွေးကောက်ပွဲ ကော်မရှင်ရဲ့ သတ်မှတ်ချက်တွေအတိုင်း ဘောင်ဝင်အောင် လုပ်နိုင်ဖို့ ရုံးလုပ်ငန်း အဆင့်ဆင့် ကျော်ဖြတ်နိုင်ဖို့ ကိစ္စတွေက ရှုပ်ထွေး ကြန့်ကြာနေပြီး အဲဒီရုံးလုပ်ငန်းတွေ ကြားမှာပဲ မရေရာတဲ့ အခြေအနေတွေကလည်း ရှိနေတော့ ပါတီတွေက မှန်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်အတိုင်း ဖြစ်နိုင်ဖို့ မလွယ်တော့ဘူးလို့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ညည်းညူပါတယ်။
“ကျနော်တို့မှာ ဘာအခက်အခဲ ထပ်ဖြစ်လဲဆိုတော့ ငွေသွားသွင်းတဲ့အခါမှာ ဒီမှာ မသွင်းရဘူး၊ ဟိုမှာ မသွင်းရဘူး ဆိုတာမျိုးတွေ၊ ဒီမှာ လာမသွင်းပါနဲ့ဆိုပြီး ပြန်ပို့တာတွေ၊ နောက်ပြီးတော့ ရွေးကောက်ပွဲ ကော်မရှင် စာအုပ်ထဲမှာ၊ ဥပဒေစာအုပ်ထဲမှာ မပါဘဲနဲ့ ကျနော်တို့ သွားတင်တဲ့ အခါကျတော့မှ ကိုယ်ရေးရာဇဝင်ကို သီးခြားဖောင် (Form) နဲ့ ပေးရမယ်ဆိုပြီး ပြန်လွှတ်တာမျိုးတွေ၊ အဲဒါမျိုး အခက်အခဲတွေ အကျပ်အတည်းတွေ ရှိတယ်ဗျ။
“နောက်ပြီး တချို့ကလည်းပဲ တရားသူကြီးဆီ သွားတဲ့အခါကျ တရားသူကြီးက မအားဘူး၊ ဘယ်နေ့မှ အားမယ်၊ လေးငါးရက်ကြာမှ အားမယ်ဆိုပြီး ရက်ချိန်းတာတွေ ရှိတယ်ဗျ။ ရှိတော့ ကိုယ်စားလှယ်တွေမှာ သွားရတာတွေက ငွေရေးကြေးရေး ရှာရတာ အခက်အခဲ၊ ရုံးလုပ်ငန်းဆိုင်ရာ အခက်အခဲတွေက အများကြီးကို ဖြတ်သန်းနေရပါတယ်ဗျ။
“ဥပမာဆိုပါတော့၊ ကျနော်တို့ပါတီက ကိုယ်စားလှယ် ၃၀၀ ရတယ် ဆိုပါတော့၊ ၃၀၀ လုံးတော့ မဖြစ်နိုင်တော့ဘူးဗျ။ ဘာဖြစ်လို့လဲဆို အဲဒီလို အခက်အခဲတွေ ကျော်ဖို့က ကိုယ်စားလှယ်တွေမှာ အချိန်မရှိသလို သူတို့မှာလည်း စွမ်းဆောင်နိုင်ရည်က မရှိနိုင်တော့ဘူး။ ငွေသွင်းရင် ခရိုင်မှာ သွားသွင်းရမယ်၊ တင်တော့ မြို့နယ်ကော်မရှင်မှာ ပြန်တင်ရမယ်၊ ဒါတွေက အချိန်တွေလည်း စားတယ်ဗျ။ အဲဒါတွေ လုပ်နေတဲ့ အခါကျတော့ကာ အလုပ်လုပ်ရတာ အင်မတန့်ကို ခက်ခဲအောင် တမင်ဖန်တည်းသလို ဖြစ်နေပြီ ဆိုတာကို ကျနော် တွေ့နေရတယ်ဗျ။”
ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ စာရင်းကို တင်ဖို့အကြောင်း အခု သြဂုတ်လ ၁၄ ရက်နေ့ကမှ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့တာပါ။ အချိန်ပေးတာ နည်းလွန်းတဲ့အတွက် မကြာခင်ကမှ နိုင်ငံရေးပါတီ ဖြစ်လာကြရတဲ့ အဖွဲ့အစည်းတွေအဖို့ ကမန်းကတန်း ဖြစ်ကြရသလို၊ လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးကို ကျပ်ငွေ ၅၀၀,၀၀၀ ဆောင်ရမယ်ဆိုတဲ့ ကိစ္စကလည်း ပါတီတွေအတွက် ကြီးမားတဲ့ အခက်အခဲ တခုပါ။ ဒီကြားထဲမှာ ရုံးလုပ်ငန်း ကြန့်ကြာမှုတွေက များလာနေလို့ မျှော်လင့်ထားတာထက် ပိုများတဲ့ အခက်အခဲတွေကို ရွေးကောက်ပွဲ ဝင်ကြမယ့် နိုင်ငံရေး ပါတီတွေ ကြုံနေကြရပါတယ်။