စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲရက်က တနေ့ထက်တနေ့ နီးကပ်လာပေမဲ့ မြန်မာပြည်သူလူထုတွေ အနေနဲ့ကတော့ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ အပေါ်မှာ စိတ်ဝင်စားမှု မရှိကြဘူးလို့ လေ့လာသူတွေနဲ့ ရန်ကုန်ဒေသခံ ပြည်သူတချို့က ဆိုပါတယ်။ အပြည့်အစုံကို မညိုညိုလွင်က တင်ပြပေးထားပါတယ်။
မြန်မာပြည်သူတွေဟာ ညပိုင်း သတင်းအပြီးမှာ ထုတ်လွှင့်ပေးနေတဲ့ နိုင်ငံရေးပါတီတွေရဲ့ ဟောပြောချက်တွေကို စောင့်ကြည့် နားထောင်တာ မရှိသလို နိုင်ငံရေးပါတီတွေ ကျင်းပတဲ့ ဟောပြောပွဲတွေကိုလည်း တက်ရောက်ခြင်း မရှိကြဘူးလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
နိုင်ငံရေးပါတီတွေရဲ့ ဟောပြောပွဲတွေကို ပါတီဝင်အချို့နဲ့ မိသားစုဝင်တွေ၊ သတင်းထောက်တွေပဲ တက်ရောက်ကြတာ တွေ့ရပါတယ်။ လူထုအများစုဟာ စီးပွားရေး အခက်အခဲတွေနဲ့ မပြေလည်မှုတွေကြောင့် ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာပြီး နိုင်ငံရေးဘက်ကို စိတ်မဝင်စား နိုင်တော့တာ ဖြစ်တယ်လို့ ဒီမိုကရက်ပါတီ (မြန်မာ) ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်နေရီဗဆွေက ဆိုပါတယ်။
“လူတွေက စားဝတ်နေရေးအတွက် လုံးပန်းနေရတယ်။ အရင်တုန်းကတော့ အိမ်ဦးနတ်လို့ ပြောတဲ့ အမျိုးသား တယောက်တည်း ရှာရင် သားသမီးရော အမျိုးသမီးပါ တင့်တင့်တယ်တယ် နေနိုင်တယ်။ ခုဟာက ကုန်ဈေးနှုန်းကလည်း တက်တယ်၊ ရတဲ့လခနဲ့ ကုန်ကျစရိတ်က မမျှတော့ နေ့စဉ် စားရေး၊ သောက်ရေး အတွက်ပဲ လုံးပန်းနေရတာပေါ့။”
ပြည်တွင်းက အလင်းတန်းဂျာနယ်နဲ့ ရွှေအမြုတေ မဂ္ဂဇင်းက တာဝန်ခံ အယ်ဒီတာ ဦးမျိုးမြင့်ညိမ်းကတော့ ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲကို စိတ်မဝင်စားကြတဲ့ အနေအထားကို အခုလို သုံးသပ်မိကြောင်း ပြောပါတယ်။
“ဒီစစ်အစိုးရ လက်အောက်မှာ နေရင်းနေရင်းကနေပြီး အသားကျသွားတယ်လို့ ပြောလို့ရတယ်။ အဆင်ပြေသလို ကြည့်လုပ်လိုက်မယ် ဆိုတာမျိုး ဖြစ်လာတယ်။ ရှေ့မှာ နိုင်ငံရေး ကြိုးပမ်းမှုကြောင့် ဒုက္ခရောက်သွားတဲ့ သူတွေရဲ့ ဘဝတွေကိုလည်း သူတို့ တွေ့ထားတဲ့ အခါကြတော့ အစိုးရနဲ့ ထိပ်တိုက်တွေ့မယ့် ကိစ္စမျိုး၊ အစိုးရ ငြိုငြင်ခံရမယ့် ကိစ္စမျိုး မလုပ်လိုကြဘူး။ အစိုးရ ဘာလုပ်မလဲ၊ အိုကေ၊ လုပ်မယ် ရတယ်။ ဒါလုပ်မယ်ဆိုရင် ဒီလို လိုက်လုပ်ပေးမယ်။ မလုပ်ဘူးဆိုရင် မလုပ်နဲ့ ရတယ် ဆိုတာမျိုး ကျနော်တို့ တိုင်းပြည်က လူတွေက နည်းနည်း အသားကျသွားတာ။ နေတတ်သွားတာပေါ့နော်။”
ရန်ကုန်မြို့နဲ့ ပဲခူးမြို့က ဒေသခံ ပြည်သူတချို့ကလည်း သူတို့အနေနဲ့ နေ့စဉ် စားဝတ်နေရေးအတွက် လုံးပမ်းနေကြရတာကြောင့် နိုင်ငံရေးကို စိတ်မဝင်စားနိုင်ကြဘူးလို့ ဆိုပါတယ်။
“ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးနဲ့ ပတ်သတ်ပြီး သိပ်စိတ်ဝင်စားမှု မရှိဘူးပေါ့နော်။ ဘယ်ပါတီရယ်လို့တော့ မဟုတ်ဘူး၊ တောနေဒေသ မှာတော့ အများသူငါအရ ဒီလိုပဲ မဲထည့်ပေးရမှာပဲ။ သူတို့ကို မထည့်ဘူး၊ မကြိုက်ဘူးလို့လည်း ဆုံးဖြတ်ပေးလို့ မရဘူးလေ။ သူတို့ အဖွဲ့အစည်းတွေက ဘာတွေမှန်းမှ မသိတာ။”
“အမတို့က ဆင်းရဲတဲ့အတွက် ဘာမှမသိဘူး။ ရေဒီယိုတောင် ဝယ်နားမထောင်နိုင်တဲ့ အခက်အခဲ ဆိုတော့နော် ကိုယ် စားဖို့ပဲ လုံးပမ်း နေရတာ။ မသိတော့ ဒီမဲပြီးလို့ရှိရင် ဒီလိုပဲ လာမလား၊ ဒီလိုပဲ ရှာဖွေစားရမလား၊ ဒီ့ထက်ပဲ အခြေအနေ ဆိုးမလား ဆိုတာ အမတို့ မျှော်မှန်းလို့ မရသေးဘူးပေါ့နော်။”
ပြည်သူအများစုကတော့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူး ဆိုတာကို နားလည် လက်ခံထားကြပါတယ်။
“မရှိဘူးဆိုတာ လုံးဝ တရားမျှတမှုကတော့ မရှိဘူး။ မရှိဘူးဆိုတဲ့ အကြောင်းတရားကတော့ သူတို့ဘက်က ၂၅% ဆိုတဲ့ ဦးတည်ချက်က ယူထားတဲ့အတွက် ကျန်တဲ့လူက လိုက်နိုင်ဖို့က မလွယ်ဘူးဗျ။”
မြန်မာပြည်က ပြည်သူလူထု အများစုဟာ စားဝတ်နေရေး အခက်အခဲတွေကြောင့် နိုင်ငံရေးဘက်ကို စိတ်မဝင်စားနိုင်ကြသလို ရွေးကောက်ပွဲကနေ အများမျှော်လင့်တဲ့ အပြောင်းအလဲတခု ဘယ်လိုမှ ဖြစ်မလာနိုင်ဘူး ဆိုတာလည်း သိတဲ့အတွက်ကြောင့် ရွေးကောက်ပွဲပေါ်မှာ စိတ်ဝင်စားမှု မရှိကြတာ ဖြစ်တယ်လို့လည်း ပြည်သူထူထု တော်တော်များများက ပြောဆိုနေကြပါတယ်။