အမတ်လောင်း ၅၄ ဦး အလိုအလျောက် အနိုင်ရ

အမတ်လောင်း ၅၄ ဦး အလိုအလျောက် အနိုင်ရ

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်ပေါင်း ၁,၁၅၈ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်တွေထဲ ၅၄ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြိုင်ဘက် ကိုယ်စားလှယ်လောင်း မရှိတဲ့အတွက် အဲဒီနေရာတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်တွေဟာ အလိုအလျောက် လွှတ်တော်အမတ်တွေ ဖြစ်မယ့်အကြောင်း အောက်တိုဘာလ ၁၈ ရက် တနင်္လာနေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ဒီရွေးကောက်ပွဲဟာ တရားမျှတမှု ရှိပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ထပ်တိုးလာပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ရောက် ယှဉ်ပြိုင်နိုင်တာဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီပဲရှိပြီး သူ့နောက်က ဒုတိယအများဆုံး ကိုယ်စားလှယ်လောင်း အရေအတွက်နဲ့ ယှဉ်ပြိုင်မယ့် ပါတီကတော့ တစညလို့ခေါ်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးရဲ့ ပြောကြားချက်အပေါ် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် သူတွေနဲ့ စိတ်ဝင်စားသူတွေအကြား စိုးရိမ်မှုတွေ ပိုတိုးလာတာပါ။

ငွေအား၊ လူအား အဘက်ဘက်က ပြည့်စုံနေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကနေ ပဲခူးတိုင်း ဇီးကုန်းမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ်မြေ ၁ ကိုယ်စားလှယ် အဖြစ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ ပြိုင်မယ့်သူ တဦးမှ မရှိဘူးလို့ ဇီးကုန်းမြို့ခံတဦးက ပြောပြပါတယ်။

“သုံးပါတီ ဇီးကုန်းမြို့မှာ ဝင်ရွေးမှာပေါ့။ ဝင်ရွေးမယ့်ဟာကို သူတို့ရဲ့ဇယားမှာ ဦးဉာဏ်ဝင်းနဲ့ အမှတ် ၁ မှာတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးရော၊ ဒီမိုကရက်တစ် (မြန်မာ) ရော ဝင်ရွေးမယ့်သူ မရှိဘူးပေါ့။ သူက တယောက်တည်းပေါ့။ ကြံ့ခိုင်ဖွံ့ဖြိုးရေးက သူတယောက်တည်း။”

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းလိုပဲ ပြိုင်ဘက်မရှိ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကတော့ စစ်အစိုးရ အတွင်းရေးမှူး ၁ အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သီဟသူရ တင်အောင်မြင့်ဦးက နေပြည်တော်တိုင်း၊ စက်မှု ၂ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးစိုးသိန်းက တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်နဲ့ အထူးစစ်ဆင်ရေး ဗျူဟာမှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒု-ဗိုလ်ချုပ်ကြီးဟောင်း ဦးသာအေးက စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်တို့ကနေ ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

လက်ရှိ စစ်အစိုးရ အဖွဲ့အတွင်းက ဝန်ကြီးတွေ၊ ဗိုလ်ချုပ်တွေနဲ့ ထိပ်တန်း ခေါင်းဆောင်တွေ ရွေးကောက်ပွဲမှာ ပြိုင်ဘက်မရှိ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရနိုင်အောင် စစ်အစိုးရဟာ အကွက်ကျကျ ကြိုတင် စီစဉ်ပြီးမှ ရွေးကောက်ပွဲရက်ကို ကြေညာတာ ဖြစ်တယ်လို့ ပြည်ထောင်စု ဒီမိုကရေစီပါတီက အတွင်းရေးမှူး ဦးသိန်းတင်အောင်က သုံးသပ်ပါတယ်။

“ဗိုလ်ချုပ်ကြီး သာအေးဆို ဘုတလင်မှာ ပြိုင်ဘက်မရှိဘဲ အမတ်ဖြစ်နေပြီပေါ့ဗျာ။ သူတို့က Nominate လုပ်ပြီးတဲ့အခါမှာ ဒီမိုကရက်တစ် အင်အားစုက ဘယ်လောက် လုပ်နိုင်လို့လဲ။ တစညက ၉၀၀ ကျော် လုပ်နိုင်တယ်။ အဲဒီမှာ ၁၀၀ ကျော်က လွတ်နေတယ်လေ။ ၁၀၀ ကျော်လောက် လွတ်နေတဲ့အခါကြတော့ သူတို့ စိတ်ကြိုက် ကောက်ထည့်လို့ ရတာပေါ့။

“ရွေးကောက်ပွဲမှာ ကျနော်တို့က ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းတာက ၃၀ ရက်နေ့ နောက်ဆုံးလေဗျာ။ ဒါပေမဲ့ သူတို့ ထုတ်ပြန်ကြေညာတာ ၁၂ ရက်နေ့လောက် ဆိုတော့ ၁၀ ရက်လောက်မှာ သူတို့ ကောင်းကောင်း နေရာချလို့ ရတာပေါ့။”

ဒါဟာ ဗဟိုအစိုးရကို သူတို့တပ်က သူတွေနဲ့ သူတို့ကို ထောက်ခံတဲ့ သူတွေနဲ့ ပူးပေါင်းချုပ်ကိုင်ထားမှာ ဖြစ်သလို တိုင်းဒေသကြီးတွေမှာလည်း သူတို့လူတွေကိုပဲ ခန့်ထားပြီး နှစ်ဘက်ညှပ် အုပ်ချုပ်ဖို့ စီစဉ်တဲ့သဘော ဖြစ်ပါတယ်။

အခု ပြိုင်ဘက်မရှိ ကျင်းပမယ့် မဲဆန္ဒနယ် ၅၄ နေရာထဲမှာ ဘယ်ပါတီက ဘယ်သူတွေဖြစ်တယ် ဆိုတာ အတိအကျ မသိရသေးပေမဲ့ ဒီထဲက အများစုဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တစည တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ပဲ ဖြစ်မယ်လို့ ရွေးကောက်ပွဲဝင်မယ့် သူတွေအကြား ခန့်မှန်း ပြောဆိုနေကြပါတယ်။