မွန်ပြည်နယ်အတွင်းမှာတော့ ကြိုတင်မဲ အားလုံးဟာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အတွက်သာ ဖြစ်ပြီး ကျန်တဲ့ပါတီအတွက် ၁၀ မဲတောင် မပိုဘူးလို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အနေနဲ့ နယ်ဘက်ဒေသတွေမှာ မဲအသာစီး ရနေပေမဲ့ ကြိုတင်မဲကိစ္စတွေကြောင့် ကိုယ်စားလှယ် စာရင်းတွေကို အတည်ပြုလို့ မရတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါ့အပြင် ကြိုတင်မဲ စာအိတ်တွေဟာလည်း ဥပဒေအရ သတ်မှတ်ထားတဲ့အတိုင်း လုပ်ဆောင်တာ မရှိဘူးလို့ ပြောဆိုမှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။
ရွေးကောက်ပွဲ ကျင်းပရက် ပြီးဆုံးခဲ့ပေမဲ့ မွန်ပြည်နယ်အတွင်း မဲရုံတွေမှာ မဲရေတွက်လို့ မပြီးသေးဘူးလို့ မဲရုံ လေ့လာ စောင့်ကြည့်သူတွေက ဆိုပါတယ်။ မွန်အမျိုးသားတွေကို ကိုယ်စားပြုပါတီ တခုဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မင်းနွယ်စိုးက လက်ရှိ အရွေးခံပါတီ ကိုယ်စားလှယ်တွေရဲ့ အခြေအနေတွေကို အခုလို ပြောပါတယ်။
“မြို့နယ်တိုင်း မရသေးဘူး၊ လတ်တလောတော့ ကျနော်တို့ ချောင်းဆုံမြို့နယ်မှာ ၃ ယောက်ရတယ်။ ပြည်သူ့လွှတ်တော်က တယောက်၊ အမျိုးသားက တယောက်၊ ပြည်နယ်က တယောက်၊ နောက်ကတော့ မုဒုံကတယောက် ပြည်နယ် ၂၊ နောက်ပြီးတော့ ပေါင်က တယောက်၊ အဲဒါလည်း ပြည်နယ်ပဲ။ ကျန်တာတွေကတော့ မပြီးသေးတဲ့ မြို့နယ်တွေ များနေတယ်။ အကုန်လုံး စာရင်းမချုပ်နိုင်သေးဘူး။”
မွန်ပြည်နယ်အတွင်းမှာ ရှိတဲ့ မဲဆန္ဒပေးတဲ့ ရုံတွေမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီကနေ မဲအပြတ်အသတ် နိုင်တဲ့နေရာ အများအပြား ရှိပေမဲ့ မြို့နယ်ကော်မရှင်ရုံးမှာရှိတဲ့ ကြိုတင်မဲတွေကြောင့် အတည်ပြုပြောလို့ မရသေးဘူးလို့လည်း ဆိုပါတယ်။ အဲဒီ ကြိုတင်မဲနဲ့ ပတ်သက်လို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မင်းနွယ်စိုးက အခုလို ပြောပါတယ်။
“ကြိုတင်မဲက ကြံ့ဖွံ့ကိုပေးတဲ့မဲလို့ ပြောလို့ရတယ်။ ကျနော်တို့ သိသလောက်က ဘာလဲဆိုတော့ သူတို့ဝန်ထမ်းတွေရယ်၊ တခြား ဘာညာပေါ့ဗျာ၊ အတင်းလုပ်ခိုင်းတယ်လို့ ကျနော်တို့ အဲဒီလို သိထားတယ်။ ကျနော်တို့ အဖွဲ့ဝင်တယောက် ပြောတာကတော့ သူတို့ အဲဒီမှာ ကြိုတင်မဲကို ဖွင့်ထားကြည့်တော့ သူတို့ဟာတွေဟာ တယောက်ထဲ ခြစ်ထားသလိုလို သူတို့ထင်တယ်။ နောက်ပြီးတော့ စာအိတ်တွေက အမှန်က ဒီမှာ အမှတ်အသားတွေ မလုပ်ရဘူးလေ။ ပြီးတော့ နဂိုက သတ်မှတ်တဲ့ စာအိတ်တွေလည်း မဟုတ်ဘူး။ အကုန် စာအိတ်တွေ အဖြူတွေလို့ ပြောတယ်၊ အမှန်က ကြိုတင်မဲက လွှတ်တော်အလိုက် အရောင်တွေ ခွဲထားတာရှိတယ်၊ စာအိတ်ကနော်။ အဲဒါတွေကတော့ အဲဒီလိုတွေ့ရတဲ့ အနေအထားပေါ့။”
မုဒုံမြို့နယ်မှာဆိုရင် ကြိုတင်မဲ အများအပြား လုပ်ဆောင်တဲ့ အပေါ်မှာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ရဲမှူး ဦးပါလေး၊ အတွင်းရေးမှူး ဦးသိန်းဇော်၊ ကြံ့ဖွံ့ပါတီက ဦးဇော်မြင့်နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ကိုယ်စားလှယ်တို့ အပြန်အလှန် အငြင်းပွားခဲ့ပါသေးတယ်။ အဲဒီဖြစ်စဉ်အပေါ် ဒေါက်တာ မင်းနွယ်စိုးက အခုလို ပြောပြပါတယ်။
“မြို့နယ်ကော်မရှင်ရုံးမှာ ရောက်တဲ့ ကြိုတင်မဲက အဓိကဟာက ဘာလဲဆိုတော့ ပြည်ခိုင်ဖြိုးက ရတဲ့ဟာချည်းပဲ။ တချို့ဟာတွေကျတော့ မြို့နယ်ကော်မရှင် အတွင်းရေးမှူးက တချို့ဟာတွေ ပယ်မဲအဖြစ် သူတို့က သတ်မှတ်တယ်။ သူတို့ရဲ့ နဂိုညွှန်ကြားချက် အတိုင်းပေါ့။ အဲဒါ ခရိုင်ကော်မရှင် အဖွဲ့ဝင် မုဒုံတာဝန်ခံက အထက်ကို လှမ်းမေးတယ်လို့ ပြောတယ်။ ဒီဟာတွေ အကုန်လုံး ပယ်မဲလုပ်လို့ မရဘူးလို့ အဲဒီလို ပြောလိုက်တော့ အဲဒီမှာ သူတို့ နည်းနည်း အချေအတင် ဖြစ်ကြတယ်လို့ ပြောတယ်။
“ပြည်သူ့လွှတ်တော်မှာလည်း ၁,၁၄၀ ပတ်ဝန်းကျင်လောက် ရှိတယ်။ နောက်ပြီးတော့ အမျိုးသားလွှတ်တော်မှာလည်း ၁,၁၄၀ ပတ်ဝန်းကျင်လောက် ရှိတယ်။ နောက်ပြီးတော့ ပြည်နယ်မှာ တခုက ၅၀ဝ ပတ်ဝန်းကျင်၊ တခုက ၆၀ဝ ပတ်ဝန်းကျင်လောက် ရှိတယ်။ ဒါက ပြည်ခိုင်ဖြိုးက ရတာချည်းပဲ။ တခြားပါတီတွေဆိုရင် ၁၀ တောင် မကျော်ကြဘူး။”
လောလောဆယ် သတင်းအရကတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကတော့ ပေါင်မြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း တဦး အရွေးခံရတယ်လို့ ပြောပါတယ်။ မွန်ပြည်နယ်အတွင်းမှာ ဆိုရင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတို့ကသာ အဓိက အားပြိုင်နေရတဲ့ အနေအထားမှာ ရှိနေတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဟာ နယ်ဘက်ဒေသတွေမှာ မဲအသာနဲ့ နိုင်တယ် ဆိုပေမဲ့ မြို့နယ်ကော်မရှင်ရုံးက ကြိုတင်မဲတွေကြောင့် မျှော်မှန်းသလောက် ကိုယ်စားလှယ်တွေ ရဖို့ မလွယ်ဘူးလို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။