ကချင်ပြည်နယ်မှာ ဒီမနက် ၆ နာရီကနေ မဲရုံစဖွင့်တဲ့အချိန် မဲရုံပတ်ဝန်းကျင်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ လှုပ်ရှားမှုတွေကိုသာ တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက မဲရုံတွေမှာ လူအင်အား များများနဲ့ စောင့်ကြည့်မှုတွေ၊ မဲမသမာမှုတွေ လုပ်နေတာကြောင့် ပြိုင်ဘက်ပါတီတွေကလည်း တခါ စောင့်ကြည့်ပြီး ဟန့်တားတာတွေ လုပ်နေရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။
မဲရုံရဲ့ ကိုက် ၅၀၀ အကွာမှာ ပါတီရဲ့ မဲဆွယ်တဲ့ ပုံစံတွေ၊ ပိုစတာတွေ မကပ်ရဘူး၊ မဲရုံပတ်ဝန်းကျင်မှာလည်း မဲဆွယ်တဲ့ အင်္ကျီတွေ မဝတ်ရဘူး ဆိုထားပေမဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင် လူကြီးတွေက လုပ်နေတာ တွေ့ရတယ်လို့ ဖားကန့်မြို့နယ်က အမျိုးသား ဒီမိုကရေစီ အင်အားစု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဘောက်ဂျာက ပြောပါတယ်။
“လူကြီးတွေကိုယ်တိုင် ဝတ်ထားတယ်၊ ပြီးတော့ စာတွေလည်း မဲရုံနဲ့ကပ်လျက် ၁၀ ကိုက်လောက်ပဲ ရှိတယ်၊ အဲဒီမှာ ပိုစတာတွေ ထောင်ထားတာလည်း တွေ့တယ်။ ပြီးတော့ မဲရုံစာရွက် အစိမ်းရောင်ကိုပဲ ကြံ့ခိုင်ရေးက အမှန်ခြစ်ထားတဲ့ စာရွက်ကို ဒီတိုင်းပဲထည့်ပါ ဆိုပြီးတော့ မဲရုံတိုင်းမှာ အဲဒီလို တွေ့နေရတယ်။ မဲနံပါတ်တွေနဲ့ အဲဒါမျိုးတွေ တွေ့ရတဲ့ အခါကြတော့ သူတို့လုပ်ထားတဲ့ အလုပ်တွေက လုံးဝကို မရိုးမသား ဖြစ်နေတယ်။”
ဖားကန့်မှာတော့ မဲရုံတွေ ၁၀၁ ရုံရှိပြီး ဒေသခံမဟုတ်တဲ့ ကုမ္ပဏီ ဝန်ထမ်းတွေ ၂၀,၀၀၀ ကျော်ကို မဲထည့်ခွင့်ရဖို့ အစိုးရနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းမြင့်က ပူးပေါင်းပြီး မဲပေးခွင့် မှတ်ပုံတင်တွေကို ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။
နောက်ပြီး အခုမဲလာထည့်တဲ့ သူတွေကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲဆွယ်ထားတဲ့ ကြိုတင်စာရွက်ပေါ်မှာ မဲခြစ်ပြီးသားတွေကိုပဲ ဒီအတိုင်း ယူဆောင်လာကြတယ်လို့ ဒေါ်ဘောက်ဂျာက ဆက်ပြောပါတယ်။
မြစ်ကြီးနားမြို့မှာလည်း မဲရုံတွေမှာ အဝင်အထွက် ဖုန်းတွေ၊ ကင်မရာတွေ ကိုင်ဆောင်ခွင့် မရဘဲ စစ်ဆေးမှုတွေ လုပ်နေပြီး လုံခြုံရေးတွေလည်း တင်းကျပ်ထားတဲ့ နေရာမှာ မဲထည့်ခဲ့ရတယ်လို့ စီတာပူကျေးရွာ ဒေသခံ တယောက်က ပြောပါတယ်။
“ဘယ်ထောင့်မဆို သူတို့ လုံခြုံရေးက တချို့က အရန်မီးသတ် ဝတ်စုံနဲ့၊ မဲခြစ်တဲ့နေရာက လဟာပြင် ဖြစ်နေတယ်။ သူတို့က ခြစ်တဲ့နေရာမှာ အကွက်လုပ်ထားတယ်။ အဲဒီမှာလည်း သူတို့က ခြောင်းကြည့်လို့ရတယ်၊ အပြင်ကနေ။ မဲပုံးစောင့်တာနဲ့ မဲထည့်တဲ့နေရာ ကိုယ်ဘာလုပ်တယ်ဆိုတာ ခြောင်းကြည့်လို့ရတဲ့နေရာ ဖြစ်နေတယ်။ ဘောပင်ကို ခြစ်ရင်လည်း ဘောပင်က ခြစ်ရာမထင်တဲ့ဟာ အများဆုံး လုပ်ထားတယ်။ တခါနှစ်ခါခြစ်မှ ပြန်ထင်တယ်။ အဲဒါ ပယ်မဲ ဖြစ်သွားတယ်လို့ ကြားရတယ်။”
မြစ်ကြီးနား ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကြေးနန်းနဲ့ ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းဇော်ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမာခါးကတော့ မဲရုံ မသမာမှုတွေကို စောင့်ကြည့်ပြီး ဟန့်တားမှုတွေ လုပ်နေရတယ်လို့ ပြောပါတယ်။
“ပြည်နယ် အရန်တပ်ဖွဲ့ ရဲမေတယောက်က မဲစာရင်း လိုက်ပြုစုတာတွေ၊ မဲထည့်တဲ့ နေရာထိ လိုက်ပြီး ညွှန်ကြားတာတွေ တွေ့ရတဲ့အတွက် မဲရုံမှူးကို ပြောတော့မှ ခေါ်ထုတ်သွားတာမျိုး ရှိတယ်။”
ဒါပေမဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကမန်းဒူနော်ကတော့ မဲရုံတွေမှာ ကြံ့ဖွံ့အဖွဲ့ဝင်တွေက အင်္ကျီအဝတ်အစားတွေ ဝတ်ဆင်နေတာ တွေ့ရပေမဲ့ မဲလုံခြုံမှုကိုတော့ သိပ်စိုးရိမ်စရာ မရှိဘူးလို့ ပြောပါတယ်။
“ပြည်သူ့လွှတ်တော်မဲပုံးကို သုံးယောက် တပြိုင်တည်း ထည့်လို့ရအောင် လုပ်ပေးထားတယ်။ ကျောဘက်က ကြည့်ရင်တော့ မမြင်ရပါဘူး။ ဘေးကကြည့်ရင်လည်း သိပ်မကြည့်ရင်တော့ မမြင်ရပါဘူး။ တော်တော်များများကတော့ အခြေအနေကောင်းပါတယ်။”
ကချင်ပြည်နယ်မှာတော့ ခရစ်ယာန် ဘာသာဝင်တွေ များတဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နေ့ကတည်းက ကြိုတင်မဲတွေကို အများစု ထည့်ခဲ့ကြပြီး ဒီနေ့မှာတော့ မဲပေးသူ များများ မရှိပါဘူး။