လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရေး သတင်းလွတ်လပ်ခွင့် အရေးကြီး

တရားမျှတတဲ့ ရွေးကောက်ပွဲတခု ပေါ်ပေါက်ဖို့အတွက် သတင်းလွတ်လပ်ခွင့် ရှိဖို့ အရေးကြီးတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ပြည်သူတွေအပေါ် လိမ်လည် လှည့်ဖျားတာမျိုးတွေ မလုပ်သင့်တဲ့ အကြောင်းနဲ့ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာမယ့် အစိုးရကို သေသေချာချာ လေ့လာသင့်တယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

အင်္ဂါနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ NLD ပြောရေးဆိုခွင့်ရှိသူ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ဘက်က ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထားတွေကို ပြန်ပြောပြခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ကပ်ပြီး ကြေညာတာက ပြည်သူတွေရဲ့ ဆန္ဒကို မလေးစားရာ ရောက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲတခု ပေါ်ပေါက်လာဖို့အတွက် လူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ သတင်းတွေ လွတ်လွတ်လပ်လပ် ရယူပိုင်ခွင့်၊ သတင်းလွတ်လပ်ခွင့် အရေးကြီးတဲ့ အကြောင်းကိုလည်း ထည့်သွင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

“ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ကို အချိန်တိုလေးမှာ ကြေညာတာဟာ လုံး၀ မတရားဘူးတဲ့။ သူ့အမြင်ကတော့ ဒါ ပြည်သူတွေကို မလေးစားတာလို့ မြင်ကြောင်း ပြောပါတယ်။ နောက် Freedom of Expression နဲ့ Freedom of Information သတင်းရယူခွင့်၊ သတင်းထုတ်ပြန်ခွင့်၊ လွတ်လပ်စွာ မိမိဆန္ဒ ထုတ်ဖော်ခွင့်၊ အဲဒါတွေ မပါဘဲနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဘယ်မှာမှ မရှိနိုင်ပါဘူးတဲ့။”

လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတခုဖြစ်ဖို့ သတင်းလွတ်လပ်ခွင့် အရေးကြီးတဲ့အကြောင်း ပြောပြတဲ့ တချိန်တည်းမှာပဲ သူနဲ့ မြန်မာပြည်သူတွေ အားထားရတဲ့ သတင်းဌာနတွေ အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်းကို ဦးဉာဏ်ဝင်းက အခုလို ရှင်းပြပါတယ်။

“အခု သတင်းဌာနတွေကနေပြီး ကြားနေရတယ်။ တချို့က ခြိမ်းခြောက်စကား သတင်းစာမှာတွေ့တယ်၊ မီဒီယာမှာတွေ့တယ်။ တချို့က လှည့်ဖျားတဲ့ စကား၊ တချို့ကတော့ ပြည်သူတွေရဲ့ နားမလည်မှုကို အခွင့်အရေးယူတာ။ ဒါတွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ လုံး၀ လက်မခံနိုင်ဘူးတဲ့။ နောက်တခုက သတင်းဌာနတခုနဲ့ ပတ်သက်ပြီးတော့ ဒေါ်စုပြောလိုက်တာ ကျနော် ဒီမှာပဲ ပြောလိုက်မယ်။

“ဒေါ်စုက သူ သတင်းတခု ကြားနေတယ်တဲ့၊ ဘီဘီစီ မြန်မာပိုင်းဌာနဟာ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေကြောင့် Funding မှာ ငွေရေးကြေးရေး အခက်အခဲ ရှိတယ်လို့ ကြားတယ်တဲ့။ သူ စိတ်မကောင်းဘူးတဲ့။ ဘီဘီစီရယ် မဟုတ်ဘူး၊ ဘီဘီစီ၊ ဗွီအိုအေ ဒီသတင်းဌာန အားလုံးဟာ ကျနော်တို့ ပြည်သူတွေရော၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အားကိုးရာပဲတဲ့။ ဒီအတွက်တော့ စိတ်မကောင်းဘူးဆိုတဲ့ သတင်းကို ပြောလိုက်ပါတယ်။”

ရွေးကောက်ပွဲမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မပါဝင်တဲ့အတွက် NLD ကို မဲပေးချင်တဲ့ ပြည်သူတွေ အနေနဲ့ ဘာလုပ်သင့်သလဲဆိုတဲ့ မေးခွန်းမျိုးတွေလည်း မကြာခဏ ထွက်ပေါ်နေတဲ့အကြောင်း၊ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားက…

“NLD ကို မဲပေးလိုတယ်၊ NLD မရှိလို့ရှိရင် ဘယ်သူ့ မဲပေးရမလဲ၊ ဘာလုပ်ရမလဲ။ ဒေါ်အောင်ဆန်းစုကြည်က ဒီမေးခွန်းရဲ့ အဖြေကို ပြောပါတယ်။ NLD ကိုပဲ မဲပေးချင်တယ်၊ NLD မရှိရင် မပေးနဲ့ပေါ့တဲ့၊ ဒါပဲ။ ဒီမေးခွန်းက မကြာခဏလည်း ကြားကြားနေရလို့ပါတဲ့။”

မြန်မာနိုင်ငံမှာ အခု အတည်ပြုထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နောင် ပေါ်ပေါက်လာမယ့် အစိုးရဟာ ပြည်သူ့လွှတ်တော်က ထိန်းချုပ်နိုင်မယ့် အစိုးရမျိုး မဟုတ်ဘူး ဆိုတာကို ပြည်သူတွေ နားလည်ဖို့၊ လေ့လာဖို့ လိုတယ်လို့လည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နောင်ဖြစ်လာမယ့် အစိုးရဟာ ပြည်သူ့လွှတ်တော်က ထိန်းကြောင်းနိုင်တဲ့၊ ပြည်သူ့လွှတ်တော်က တည့်မတ်နိုင်တဲ့ အစိုးရ မဟုတ်ဘူးတဲ့။ သမ္မတက လွှမ်းမိုးတဲ့ အစိုးရမျိုး ဖြစ်တယ်ဆိုတာ ပြည်သူတွေ လေ့လာသင့်ပါတယ်လို့ ပြောလိုက်ပါတယ်။”

ဦးဉာဏ်ဝင်း ပြန်ပြောပြခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိဘူး ဆိုပေမဲ့လည်း ဒီ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ ဥပဒေကိုတောင် လိုက်နာရဲ့လား ပြည်သူတွေအနေနဲ့ စောင့်ကြည့်ဖို့ လိုတဲ့အကြောင်း၊ လုပ်ကိုင် ဆောင်ရွက်ပုံတွေဟာ ဥပဒေနဲ့ ညီမညီ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေ ကျူးလွန်မှု ရှိမရှိ၊ ဒါတွေကိုလည်း စောင့်ကြည့်ရမယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့တဲ့အကြောင်း ဦးဉာဏ်ဝင်းက ပြန်ပြောပြပါတယ်။