ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ တိုင်းရင်းသား လူမျိုးစုလွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်း ဖော်ပြထားရာမှာ သက်ဆိုင်ရာ နိုင်ငံရေး ပါတီတွေရဲ့ အမည်တွေကို တွဲပြီး ဖော်ပြမထားတဲ့အတွက် ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။
လာမယ့် နိုဝင်ဘာလမှာ ကျင်းပတော့မယ့် အထွေထွေ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင် အရွေးခံမယ့် တိုင်းရင်းသား ပါတီတွေ အနေနဲ့ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ရယကရုံးတွေမှာ တိုင်းရင်းသား လူမျိုးစု လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေမှာ ပါတီအမည် ဖော်ပြခြင်း မရှိဘဲ ချန်လှပ်ထားမှုတွေ ရှိခဲ့တယ်လို့ တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။
ဒီအတွက်ကြောင့် တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်တွေအတွက် ထိခိုက်နစ်နာမှု ရှိနေတာကြောင့် ပြန်လည် ပြင်ဆင်ပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းဆိုထားတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသား လူမျိုးစုလွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးဇော်အေးမောင်က အခုလို ပြောပါတယ်။
“ကျနော်တို့မှာလည်း ထည့်ပေးဖို့ကို တောင်းဆိုထားပါတယ်။ ကော်မရှင်မှာ ပြောထားပါတယ်။ တိုင်းရင်းသား ပါတီတွေရဲ့ နာမည်တွေကို ထည့်ပေးရမယ်လို့ ကျနော်တို့ တင်ပြထားပါတယ်။ သူတို့က ပါလာလိမ့်မယ်လို့ ပြောထားပါတယ်ခင်ဗျား။”
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ဟာ သက်တမ်း ၁ဝ နှစ်ကျော် ရှိပြီး ဖြစ်တဲ့အတွက် သူတို့ပါတီ အမည်တွေကို မဖော်ပြပေမဲ့လည်း ပါတီတွေရဲ့ အမှတ်တံဆိပ်တွေဟာ ပြည်သူတွေ အကြားမှာ ပျံ့နှံ့နေတာ ကြာပြီ ဖြစ်တဲ့အတွက် လူသိများနေပါတယ်။ ဒါပေမဲ့ အချိန်တိုတိုအတွင်းမှာ တည်ထောင်ခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေဟာ အခက်အခဲတခု အနေနဲ့ တွေ့ကြုံနေရတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ပါတီစည်းရုံးရေး ခရီးတွေမှာ ဆိုရင်လည်း တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ စစ်အစိုးရကနေ ကျောထောက်နောက်ခံ ပြုထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ကွာဟမှု ရှိနေတယ်လို့လည်း ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသား လူမျိုးစုလွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးဇော်အေးမောင်က အခုလို ပြောပါတယ်။
“ကွာဟတာကတော့ ကျနော်တို့ စစ်တွေမှာ ဆိုလို့ရှိရင် ပြည်ခိုင်ဖြိုးပါတီက စည်းရုံးရေးဆင်းတာဆိုရင် သူတို့ ဓမ္မာရုံတွေ ဘာတွေမှာ ဆင်းခွင့်ရတယ်။ ကျနော်တို့ပါတီက လျှောက်တဲ့အခါကျတော့ မပေးဘူး။ အဲဒါမျိုး အခက်အခဲတွေတော့ တွေ့ရပါတယ်။”
တိုင်းရင်းသား လူမျိုးစုလွှတ်တော်ရဲ့ ကိုယ်စားလှယ်လောင်း အမည်ဘေးမှာ ပါတီရဲ့ အမှတ်တံဆိပ်အပြင် ပါတီရဲ့ အမည်ကိုပါ ထည့်သွင်းလိုက်တဲ့အတွက် ထူးခြားမှု ရှိနိုင်မလားဆိုတဲ့ မေးခွန်းအပေါ် ကရင်ပြည်သူ့ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး စောဆေးဝါးက အခုလို ပြောပါတယ်။
“ထူးခြားမှု ရှိတာပေါ့ဗျာ။ ကိုယ့်ပါတီအပေါ် လေးစားမှု ရှိတဲ့သူက ပိုကြိုက်တာပေါ့။ ပါတီနာမည်တော့ ထည့်သင့်တာပေါ့ဗျာ။ လိုဂို (Logo) ကြီးကို ဘယ်လိုလုပ် ပြည်သူလူထုကြီးက သိမှာလဲ။”
အခုချိန်အထိတော့ ရွေးကောက်ပွဲ ကျင်းပဖို့ အချိန် ၁ လကျော်သာ လိုတော့ပေမဲ့ ပြည်သူတွေ အနေနဲ့ မိမိဒေသတွေမှာ ဝင်အရွေးခံမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီတွေရဲ့ အကြောင်းကို ကောင်းကောင်း မသိကြသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းတွေမှာ မဲရုံတွေ များလွန်းတာကြောင့် ပါတီများအနေနဲ့ မဲရုံကိုယ်စားလှယ် ခန့်ဖို့ကို အခက်အခဲတွေ ရှိနေတယ်လို့ ပါတီနိုင်ငံရေး ခေါင်းဆောင်တွေက ပြောပါတယ်။