ရွေးကောက်ပွဲ ဝင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း နာမည်စာရင်း တင်သွင်းရမယ့် သတ်မှတ်ရက် နောက်ဆုံးနေ့မှာ တိုင်းရင်းသားပါတီ တချို့ဟာ အရင် ရည်မှန်းထားတဲ့ ကိုယ်စားလှယ် အရေအတွက်အတိုင်း နာမည်စာရင်း မပေးနိုင်ခဲ့ကြပါဘူး။ ကိုယ်စားလှယ်လောင်း ရရှိဖို့ ခက်ခဲတာနဲ့ အချိန် မလုံလောက်တာကြောင့် တိုင်းရင်းသား ကိုယ်စားလှယ်တချို့ အချိန်မီ နာမည်စာရင်း မပေးနိုင်ခဲ့တာနဲ့ ပတ်သက်လို့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာလ ၇ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ သတ်မှတ် ကြေညာပြီးတဲ့နောက် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းတာကို ၁၅ ရက် သတ်မှတ်ပေးခဲ့ပါတယ်။
သတ်မှတ်ရက် ကုန်ဆုံးတဲ့ ဒီကနေ့မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီဟာ သူတို့ရည်မှန်းထားတဲ့ ဦးရေအတိုင်း အမည်စာရင်း မတင်သွင်းနိုင်ခဲ့ဘူးလို့ ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။
“မှန်းသလောက် ကိုယ်စားလှယ်ဦးရေ မရသေးဘူးခင်ဗျ။ ကျနော်တို့က ၆၀ နီးပါးလောက် မှန်းတာပါ။ ၅၀ ကျော်၊ ၆၀ လောက်။ အဲဒီမှာ သံတွဲကဆိုရင် ကျနော်တို့က ၃ နေရာလောက် ထားခဲ့ရပါတယ်၊ ဂွမှာ ၃ နေရာလောက်ပါ၊ တောင်ကုတ်မှာ ၃ နေရာလောက်ပေါ့နော်။ အကုန်လုံးက ၉ နေရာလောက် ထားခဲ့ရတယ်၊ သံတွဲခရိုင်မှာ။ အဓိကကတော့ Candidate က အဓိကပါ။ ကျနော်တို့ ရှာရတာ၊ ရွေးချယ်ရတာ အချိန်မလုံလောက်တဲ့ အခက်အခဲပါပဲ။ ငွေကတော့ အဆင်ပြေကြပါတယ်။”
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ၄၅ ဦး ပါဝင်ယှဉ်ပြိုင်ဖို့အတွက် စာရင်းတင်သွင်းသွားပြီး ဖြစ်ပါတယ်။ အဓိကကတော့ ရခိုင်ပြည်နယ် အတွင်းက မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးမှာ တနေရာ၊ ဧရာဝတီတိုင်းမှာ တနေရာ ဝင်ရောက်မှာ ဖြစ်ပါတယ်။ ချင်းပြည်နယ် ကန်ပက်လက်ဒေသမှာ ဝင်ရောက်နိုင်ဖို့ ရည်မှန်းထားပေမဲ့ အခုအခါ မဝင်ရောက်နိုင်တော့ဘူးလို့ ပြောပါတယ်။
ချင်းတိုးတက်ရေး ပါတီကတော့ လွှတ်တော် ၃ ရပ်စလုံးအတွက် အနည်းဆုံး ကိုယ်စားလှယ် ၄၀ စာရင်းသွင်းထားပြီလို့ ပါတီဥက္ကဋ္ဌ ဦးနိုးထန်ကပ်က ပြောပါတယ်။
“၁၁ မြို့နယ်ပေါ့။ ချင်းပြည်နယ်က ၉ မြို့နယ်ရယ်၊ စစ်ကိုင်းတိုင်းက ကလေးနဲ့ တမူးမြို့နယ်ရယ် ၁၁ မြို့နယ်ပေါ့။ တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ ဖလမ်း၊ တီးတိန်နဲ့ တွန်းဇံပေါ့။ အယောက် ၄၀ ကျော်မယ်။ အခု နာမည်ပေးပြီးသား ပေါင်းကြည့်တော့ ၄၀ ကျော်ပြီ။ တချို့မြို့နယ်မှာ အခု စာရင်းတွေ သွင်းနေတုန်းဆိုတော့ နောက်ဆုံးအဖြေက မနက်ဖြန် သန်ဘက်ခါမှပဲ သိရမယ်လေ။ ပြင်ဆင်ထားတာ တလကျော် နှစ်လနီးပါး ရှိပြီဆိုတော့ ဒီလောက်ထိ အခက်အခဲ မရှိပါဘူး။ ငွေရေးကြေးရေးမှ အပပေါ့။”
ချင်းပြည်နယ် အတွင်းမှာ ချင်းအမျိုးသား ပါတီကလည်း ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပေမဲ့ သူတို့ပါတီရဲ့ အဓိက ပြိုင်ဘက်ကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။
ချင်းပြည်နယ်အတွင်း စည်းရုံးလှုပ်ရှားရတဲ့ အခြေအနေကိုတော့ ချင်းတိုးတက်ရေးပါတီ ဥက္ကဋ္ဌက အခုလို ပြောပါတယ်။
“ပါတီအနေနဲ့ ကြည့်မယ်ဆိုရင် လှုပ်ရှားမှုက အခုထက်ထိတော့ ကောင်းပါတယ်။ ကန့်သတ်ချက်ထဲကနေ လှုပ်ရှားနေတယ် ဆိုတော့ လွတ်လွတ်လပ်လပ် ရှိပါတယ်။ နောက်ပိုင်းမှာ ဘယ်လိုလာမလဲတော့ မသိဘူးပေါ့နော။”
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီကတော့ မူလ ရည်မှန်းထားတဲ့ ဦးရေရဲ့ ၈၅% လောက်ပဲ အမည်စာရင်း တင်သွင်းနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
“ကျနော်တို့ Candidate ကတော့ မှန်းထားသလောက် ဟို ၈၅% တင်နိုင်မယ်လို့ ထင်တာပဲ။ ဘာလို့လဲဆို ကိုယ်စားလှယ် ရွေးရတာ ခက်ခဲနေတယ်၊ အချိန် သိပ်နည်းတော့လေ။ အဲဒီ အခက်အခဲလေးတွေတော့ ရှိတယ်ဗျ။ ကျနော်တို့ မှန်းထားသလောက် ၈၅%၊ ၉၀% အဲဒီလောက် နေမယ်ထင်တယ်။ ကျနော်တို့ ဒီလွိုင်ကော်တို့ ဘာတို့ကျတော့ အစက ကျနော်တို့ မှန်းထားတာ ရှိတယ်လေ။ အခုက အချိန်က သိပ်ကပ်တော့ သွားရေးလာရေးလည်း အခက်အခဲရှိတယ်။ လွိုင်ကော်က ၃ မြို့နယ်တော့ အဲဒါ လက်လွှတ်ရမယ့် အနေအထားရှိတယ်။”
ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးစိုင်းလှကျော် ပြောသွားတာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ရှမ်းပြည်နယ် တောင်ပိုင်းဘက်က မြို့နယ်တွေမှာ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသွားပြီ၊ ဒါပေမဲ့ ကိုယ်စားလှယ်ဦးရေ အားလုံး စာရင်းကိုတော့ အတိအကျ မရသေးဘူးလို့ ပြောပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီဟာ ရှမ်းပြည်နယ်အတွင်းက မြို့နယ် ၄၀၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ၁၀ မြို့နယ်လောက် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
အခုလို လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းမယ့်ရက်ကို ၁၅ ရက်သာ သတ်မှတ်ထားတာကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ် (ပြည်ထောင်စု မြန်မာနိုင်ငံ) နဲ့ မြန်မာ့ဒီမိုကရေစီ ကွန်ဂရက်တို့က သတ်မှတ်ရက် တိုးပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်ထံ တောင်းဆိုခဲ့ပေမဲ့ တစုံတရာ အကြောင်းပြန်ကြားတာတော့ မကြားရပါဘူး။
၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ကျန် တိုင်းရင်းသား နိုင်ငံရေး ပါတီတွေကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတာကြောင့် ဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ကြေညာထားပါတယ်။