ချင်းပြည်နယ် အပယ်ဖျက်ခံ ကြံ့ဖွံ့ကိုယ်စားလှယ်လောင်း ၂ ဦး ပါဝင်ယှဉ်ပြိုင်ခွင့်ရ

ချင်းပြည်နယ် အပယ်ဖျက်ခံ ကြံ့ဖွံ့ကိုယ်စားလှယ်လောင်း ၂ ဦး ပါဝင်ယှဉ်ပြိုင်ခွင့်ရ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိစွန်းလို့ဆိုပြီး ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ပယ်ဖျက်မှုတွေ လုပ်နေပေမဲ့ ချင်းပြည်နယ်မှာဆိုရင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ၂ ဦးကို ပြန်လည် အရွေးခံပိုင်ခွင့် ပေးလိုက်ပြီလို့ ဆိုပါတယ်။ တခြား နိုင်ငံရေးပါတီတွေဆီက အယူခံ တင်သွင်းမှုကို ကော်မရှင်ရုံးက ပယ်ချနေချိန်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ခွင့်ပြုနေတာဟာ အံ့သြစရာတခုလို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ မကျင်းပရသေးပေမဲ့ ချင်းပြည်နယ်မှာတော့ ပြည်နယ်ဝန်ကြီးရုံး ဝန်ထမ်းတွေ နေထိုင်ဖို့အတွက် ဆိုပြီးတော့ ဝန်ထမ်းအိမ်ယာက ဝန်ထမ်းမိသားစုတွေကို နေရာသစ် ဖယ်ရှားခိုင်းနေတဲ့ အဖြစ်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းက ပယ်ဖျက်ခံရတဲ့ ချင်းပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ၂ ဦးဖြစ်တဲ့ ပူးဟရမ်ကျဲအိုနဲ့ ပူးနွန်ထရန်တို့ဟာ ရွေးကောက်ပွဲ ကော်မရှင်ကို အယူခံဝင်ခဲ့ရာမှာ အခုတော့ ပြန်လည် အရွေးခံခွင့် ပြုခဲ့ပြီလို့ ဒေသခံ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ပူးဟရမ်ကျဲအိုနဲ့ ထန်တလန်မြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ပူးနွန်ထရန်တို့ဟာ နိုင်ငံခြားမှာ အလုပ်လုပ်ကိုင်ခဲ့ပြီး ပြည်တွင်းမှာ ၁ဝ နှစ် နေထိုင်တဲ့သူ ဖြစ်ရမယ်ဆိုတဲ့ ဥပဒေနဲ့ ငြိစွန်းခဲ့လို့ ရွေးကောက်ပွဲ ကော်မရှင်ကနေ စက်တင်ဘာ ဒုတိယအပတ်တုန်းက ပယ်ဖျက်ခဲ့တာပါ။

သူတို့အနေနဲ့ အယူခံဝင်ပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်ကနေ ပြန်လည် အရွေးခံပိုင်ခွင့် ပြုတဲ့အပေါ် ချင်းပြည်နယ် NLD ဥက္ကဋ္ဌ ဦးပန်လျန်ကို ဆက်သွယ်မေးမြန်းတဲ့အခါ အခုလို ပြောပါတယ်။

“နိုင်ငံခြားမှာ ၂ နှစ်လောက်ကြာတယ်။ ဟရမ်ကျဲအိုလည်း မလေးရှားကို အလုပ်လုပ်ဖို့ သွားတော့ ၂ နှစ်၊ ၃ နှစ် ကြာတယ်။ ပြန်ရောက်လာတာ ၁ဝ နှစ် မပြည့်သေးဘူး။ အခုတော့ အယူပြန်ခံတော့ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက် အတည်ဖြစ်ရမယ်ဆိုတော့ ပြန်လက်ခံတယ်၊ ပြန်ထည့်တယ်။ ဘယ်လိုကြောင့်လဲ မပြောတတ်ဘူး။ အဲဒါကြောင့် လူတွေ အံ့သြနေကြတယ်။”

အလားတူ ချင်းအမျိုးသားပါတီက မင်းတပ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း တဦးဖြစ်တဲ့ ဦးဟုန်းနိုင်းကိုလည်း ပြည်တွင်းမှာ ၁ဝ နှစ် နေထိုင်တဲ့သူ ဖြစ်ရမယ်ဆိုတဲ့ ဥပဒေနဲ့ ငြိစွန်းခဲ့လို့ ရွေးကောက်ပွဲ ကော်မရှင်ကနေ အရွေးချယ်ခံပိုင်ခွင့်ကို ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ ချင်းအမျိုးသားပါတီ အနေနဲ့ ဘဏ္ဍာရေး အခက်အခဲကြောင့် အယူခံ မဝင်နိုင်ဘူးလို့လည်း ချင်းပြည်နယ် NLD ဥက္ကဋ္ဌ ဦးပန်လျန်က ပြောပါတယ်။

ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ချင်းပြည်နယ်မှာလည်း နိုင်ငံရေးပါတီတွေက အပြိုင်အဆိုင် မဲဆွယ်စည်းရုံးမှုတွေ လုပ်နေတယ်လို့လည်း ဦးပန်လျန်က ပြောပါတယ်။ အဲဒီလို မဲဆွယ်စည်းရုံးရေး အခြေအနေနဲ့ ပတ်သက်လို့ ဦးပန်လျန်ကို မေးမြန်းခဲ့ရာမှာတော့ အခုလို ပြောပါတယ်။

“ကျေးရွာက အခြေအနေကတော့ မပြောတတ်ဘူး၊ မြို့ပေါ်မှာတော့ ကြံ့ခိုင်ရေးတော့ မထည့်ဘူးဆိုတဲ့လူ အတော်လေး များနေတယ်။ အခု ဟားခါးမှာတော့ ချင်းတိုင်းရင်းသားပါတီ CNP က အခြေအနေ အကောင်းဆုံး ဖြစ်နေတယ်။”

ဒါ့အပြင် ရွေးကောက်ပွဲအတွက် ရည်ရွယ်ပြီးတော့ ချင်းပြည်နယ်က ပြည်နယ် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ရုံးကိုလည်း ပြည်နယ်ဝန်ကြီးရုံးအဖြစ် ပြောင်းလဲခဲ့ပါတယ်။ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်းအိမ်ယာကို ပြည်နယ်ဝန်ကြီးရုံး ဝန်ထမ်းတွေ နေထိုင်ဖို့ ဆိုပြီးတော့ အရင်က နေထိုင်လာတဲ့ ဝန်ထမ်း ၅ဝ ကျော်ကို နေရာဖယ်ခိုင်းခဲ့တဲ့အတွက် ရှိရင်းဝန်ထမ်းတွေ အနေနဲ့ နေရာသစ် ပြောင်းရွှေ့ဖို့ အတိဒုက္ခ ရောက်နေကြတယ်လို့ ဝန်ထမ်းတဦးက ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အပြောင်းရွှေ့ခံ ဝန်ထမ်းတဦးကို ဆက်သွယ် မေးမြန်းခဲ့ရာမှာ အခုလို ပြောပြခဲ့ပါတယ်။

“အခုတော့ အားလုံး ဖယ်ကြကုန်ပြီ။ ၅ဝ ကျော်ရှိတယ်။ အရပ်ထဲမှာ အိမ်ငှားသူကငှား၊ ဆွေမျိုးဆီမှာ နေတဲ့သူကလည်းနေ ဆိုပြီးတော့ အကုန်လုံး ဖယ်ပစ်ကြပြီ။ တချို့ကျတော့လည်း အိမ်ငှားပြီးတော့ နေကြတယ်။”

ချင်းပြည်နယ် အတွင်းမှာဆိုရင် လာမယ့် အထွေထွေ ရွေးကောက်ပွဲမှာတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရယ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီရယ်၊ ချင်းအမျိုးသား ပါတီရယ်၊ ချင်းတိုးတက်ရေး ပါတီ၊ တိုင်းရင်းသား လူမျိုးများ တိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်တို့ ပါဝင်ယှဉ်ပြိုင် အရွေးခံသွားမှာ ဖြစ်ပါတယ်။