၂၀၁၀ ရွေးကောက်ပွဲ ဝင်ကြမယ့် နိုင်ငံရေး ပါတီတွေရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ကော်မရှင်က စိစစ်နေရာမှာ ဒီကနေ့မှာတော့ နယ်မြို့တချို့က ခရိုင်ကော်မရှင်ရုံးတွေမှာ အမည်စာရင်းတွေ ကပ်ထားပါပြီ။ ဒါပေမဲ့ ရန်ကုန်တိုင်းမှာတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူးလို့လည်း ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်က စိစစ်ပြီးတဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ဒီကနေ့ မန္တလေးတိုင်းက ခရိုင်ကော်မရှင်ရုံးမှာ စာရွက်နဲ့ ကပ်ထားတယ်လို့ ပြောပါတယ်။ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ တင်ထားတဲ့ နိုင်ငံရေးပါတီတွေဆီ သက်ဆိုင်ရာ ကော်မရှင်က အကြောင်းကြားတာ မဟုတ်ဘဲ အမည်စာရင်းတွေကို ကော်မရှင်ရုံးက ကြော်ငြာဘုတ်မှာ ကပ်ထားတာလို့ မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ကိုယ်စားလှယ်လောင်း တဦးဖြစ်တဲ့ ဦးတင်အောင်အောင်က ပြောပါတယ်။
“ကျနော်တို့ဆီက ခရိုင်မှာကပ်ထားတာ၊ သင်ပုန်းမှာ။ အားလုံး ကျနော်တို့တင်တာ ၃၃ ဦးပါပဲ၊ ၃၃ ဦး ပြန်ကျတယ်။ အဲဒါကို စာကပ်ထားတယ်။ ကျနော်တို့က အမျိုးသားလွှတ်တော်မှာ ၈ နေရာ၊ ပြည်သူ့လွှတ်တော်က ၂၄ နေရာ၊ တိုင်းဒေသကြီးက တနေရာ။ အားလုံး ၃၃ နေရာ။”
ဒါပေမဲ့ ရန်ကုန်တိုင်း အတွင်းမှာတော့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ဒီနေ့ ထုတ်ပြန်ခြင်း မရှိသေးဘူးလို့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။
“မကြားရသေးဘူးခင်ဗျ။ ကျနော်တို့ ရန်ကုန်က ဘာမှ မကြားသေးဘူး။ သူတို့ နေပြည်တော်ကို တင်လိုက်တယ်ပဲ ကြားတယ်လေ။ ပြန်ပြီးတော့ မကျလာသေးဘူး။ မတွေ့ရသေးဘူး၊ ကပ်တယ်လို့။ ကော်မရှင်ကလည်း အကြောင်းမကြားဘူး။ ကျနော်တို့ ဒီနေ့ မေးတယ်။ ဒီလိုပဲ တချို့နေရာမှာ ကြားတယ်၊ အဲဒါကြောင့် ကပ်ပြီလားဆိုတော့ ကျနော်တို့ စာရင်း မထုတ်ပြန်ရသေးဘူး၊ Ready တော့ ရှိတယ်တဲ့။ ဒါပေမဲ့ မကပ်ရသေးပါဘူးတဲ့၊ အဲဒီလို ပြောတယ်။”
တခါ တောင်ငူဘက်မှာလည်း ပါတီတွေဆီ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ ပေးပို့တာ၊ အကြောင်းကြားတာ မရှိဘဲ ခရိုင်ရုံးမှာသာ အမည်စာရင်းတွေ ကပ်ထားတာကို သွားကြည့်လို့ သိခဲ့ရတယ်လို့ ကရင်ပြည်သူ့ပါတီက ဦးစောစေးဝါးကလည်း ပြောပါတယ်။
“အကြောင်းကြားတာတော့ မရှိပါဘူး။ သူတို့က သင်ပုန်းမှာပဲ ကပ်ထားတာ များတယ်လေ။ သင်ပုန်းမှာပဲ ကပ်မယ်ဆိုလို့ ကျနော်တို့က သွားသွားကြည့်ရတယ်။ အခု တောင်ငူမှာတော့ ကျနော်တို့ သိရတယ်။ လောလောဆယ် တခြားနေရာတော့ မကြားသေးဘူး။ ကျနော်တို့က ၄၂ ယောက် ဝင်ပြိုင်မယ်။ အားလုံးတော့ ကျလာပါတယ်။ တရားဝင် သူတို့ ထုတ်ပြန်ရမယ်၊ ဥပဒေအတိုင်း၊ လုပ်ထုံးလုပ်နည်းအတိုင်း ထွက်လာမှာပဲလေ။”
နိုင်ငံရေးပါတီတွေရဲ့ အမည်စာရင်းတွေကို သြဂုတ်လ ၃၀ ရက်နေ့က နောက်ဆုံးထား တင်သွင်းခဲ့ရတာ ဖြစ်ပြီး စက်တင်ဘာ ၆ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ သက်ဆိုင်ရာ ကော်မရှင်ရုံးတွေမှာ စိစစ်ခဲ့ပြီး ဒီကနေ့မှာတော့ ရန်ကုန်တိုင်းအတွက်က လွဲရင် ကျန်တဲ့ နယ်မြို့တချို့မှာ စာရင်းတွေ ထုတ်ပြန်ခဲ့တာပါ။ ဆက်သွယ်လို့ရသမျှ နိုင်ငံရေးပါတီ တချို့ကို မေးကြည့်ရာမှာတော့ တင်ထားတဲ့ စာရင်းတွေထဲမှာ အရည်အချင်း ပြည့်မီခြင်း မရှိလို့ဆိုပြီး ပယ်ချခံရတဲ့သူ သိပ်မရှိဘူးလို့လည်း ပြောပါတယ်။
ရွေးကောက်ပွဲကလည်း နိုဝင်လာ ၇ ရက်နေ့ ကျင်းပမှာမို့ သိပ်မကျန်တော့တဲ့ အချိန်အတိုင်းအတာ အတွင်း အမည်စာရင်း အတည်ဖြစ်သွားပြီ ဖြစ်တဲ့ ကိုယ်စားလှယ်လောင်းတွေ ပါတီစည်းရုံးရေး ဆင်းဖို့ ပြင်ဆင်နေကြပါပြီ။ ဒါပေမဲ့ စည်းရုံးဟောပြောရေး လုပ်ရာမှာ ကော်မရှင်ကို တပတ်ကြိုပြီး ခွင့်ပြုချက် တောင်းရမယ့် ကိစ္စက လုပ်ငန်းတွေကို ပိုပြီး ကြန့်ကြာ နှောင့်နှေးစေတယ်လို့ မန္တလေး NDF ပါတီက ဦးတင်အောင်အောင်က ပြောပါတယ်။
“အခက်အခဲကတော့ သူတို့က ၇ ရက် ကြိုတင်ပြီး ကော်မရှင်ကို တင်ရမယ်လို့ အကြောင်းကြားထားတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ အခြေအနေက ကွင်းပြင်တွေ၊ ရတဲ့ အဆောက်အဦးတွေမှာ ဟောပြောခွင့်ရမယ့် အခြေအနေ သိပ်ရမယ် မထင်ဘူး။ ဟောပြောပွဲ မလုပ်နိုင်ဘူး။ Pamphlet တွေနဲ့ သက်ဆိုင်ရာ မြို့နယ်တွေကို ကွင်းဆင်းပြီး စည်းရုံးဖို့ လုပ်သွားပါမယ်။ ဟောပြောပွဲတွေဆို ပိုဆိုးသေးတယ်။ ကျနော်တို့က အဲဒီမှာ တက်ရောက်မယ့်ဦးရေ၊ ဟောပြောမယ့်လူက ဘယ်သူလဲ၊ ဘယ်နှစ်ယောက် တက်မလဲပေါ့ဗျာ။ လော်စပီကာ သုံးမှာလား။ ဒါတွေပါ အသေးစိတ်ပါတယ်၊ တကယ်လို့ ဟောပြောမယ်ဆိုရင်၊ အခက်အခဲတွေ ကျနော် တွေ့တာပေါ့။”
မန္တလေးတိုင်း NDF ပါတီက ကိုယ်စားလှယ်လောင်း ဦးတင်အောင်အောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။
အခုလို ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေထဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်တချို့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) အဖွဲ့နဲ့ ပူးပေါင်းလိုက်တာမျိုး ရှိသလို NDF ပါတီနဲ့အတူ အခြား နိုင်ငံရေးပါတီ တချို့အပြင် တိုင်းရင်းသားပါတီအဖွဲ့ တချို့နဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲ မိတ်ဘက်ပါတီ ထူထောင်ပြီး လွှတ်တော်ထဲမှာ အင်အားကောင်းတဲ့ ဒီမိုကရေစီ အင်အားစုတရပ် ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းနေကြပါတယ်။