ဒီနေ့ဟာ ရွေးကောက်ပွဲ ဝင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ နာမည်စာရင်းကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေမှာ တင်သွင်းရမယ့် နောက်ဆုံးနေ့ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီ တချို့က ခန့်မှန်းထားတဲ့ ကိုယ်စားလှယ်လောင်း အရေအတွက်ထက် ထက်ဝက်လောက်ကိုပဲ နာမည်စာရင်း ပေးနိုင်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ သတ်မှတ် ကန့်သတ်ချက်တွေကြောင့် အခုလို မျှော်မှန်းထားသလောက် ဝင်အရွေးခံမယ့် နာမည်စာရင်း မပေးနိုင်ခဲ့တဲ့အကြောင်း ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။
အချိန် ၂ ပတ်လောက် အတွင်းမှာ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်း တင်သွင်းရမယ်၊ ကိုယ်စားလှယ်လောင်း တဦးကို ကျပ်ငွေ ၅၀၀,၀၀၀ ပေးသွင်းရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေကြောင့် နိုင်ငံရေးပါတီတွေဟာ ရတဲ့ အချိန်အတွင်း မဖြစ်ဖြစ်အောင် ကမန်းကတန်း လုပ်ခဲ့ကြရတာ ဒီနေ့ နေ့လယ် ၂ နာရီမှာပဲ ကိုယ်စားလှယ်လောင်းစာရင်း ပိတ်သွားခဲ့လို့ လုပ်ငန်းတခုတော့ အဆုံးသတ်ခဲ့ရပါပြီ။ မျှော်လင့်ထားတဲ့ ကိုယ်စားလှယ်လောင်း အရေအတွက်အတိုင်း ဖြစ်မလာလို့ မကျေမနပ် ဖြစ်နေတဲ့ ပါတီတွေလည်း ရှိကြပါတယ်။
“ကျနော်တို့က အနိမ့်ဆုံး ၁၀၀ လောက်တော့ တက်လာမယ်လို့ ထင်တာ။ အနီးအနားရောက်မှ ငွေရေး ကြေးရေး ရှာဖွေရတဲ့ အခက်အခဲကြောင့် ပြုတ်ကျသွားတဲ့ လူတွေလည်း များသလိုပဲ မိသားစုတွေက ခွင့်မပြုလို့ ပါတီနိုင်ငံရေးပဲလုပ်ပါ၊ ရွေးကောက်ပွဲတောင် မလုပ်ပါနဲ့ ဆိုပြီးတော့ ပြောတဲ့လူတွေလည်း တွေ့ရတယ်၊ လွှတ်တော် ကိုယ်စားလှယ်လောင်းထဲမှာ။ သိပ်ပြီးတော့ အားရစရာ မရှိဘူး။ ကျနော်တို့ပါတီ အနေနဲ့ ဝင်ပြီးတော့ အမတ်လောင်းစာရင်း ပြိုင်တာ အင်အားက အဆမတန် နည်းသွားတဲ့အတွက်ကြောင့်။
“ဒါပေမဲ့ ကျနော်တို့ပါတီမှာ တကယ့်ခေါင်းဆောင်တွေ ပါတယ်။ တကယ့်ခေါင်းဆောင်တွေရဲ့ သားသမီးတွေ ပါတဲ့အတွက်ကြောင့် ကြံ့ခိုင်ရေးတို့ တစညတို့နဲ့ ပြိုင်ရင်တောင်မှပဲ ကျနော်တို့ ရှုံးစရာအကြောင်း မရှိဘူးလို့ ထင်တယ်။ အဲဒီအတွက် ဒီ လူ ၅၀ ကျော်ဟာလည်း အကုန်လုံး မနိုင်ရင်တောင်မှ ၇၅% နိုင်မယ်လို့ မြင်ပါတယ်။”
ဒီမိုကရက်တစ်ပါတီရဲ့ ပြန်ကြားရေးမှူး ဦးလှမြင့် ရှင်းပြခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တင်းကျပ်မှုတွေကြောင့် မှန်းထားသလို ဖြစ်မလာဘူးလို့ ပြောတဲ့သူကတော့ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်လို့ ခေါ်တဲ့ UMFNP ပါတီရဲ့ ဥက္ကဋ္ဌ ဦးအေးလွင်ပါ။
“ပထမ မျှော်လင့်တုန်းကတော့ ၂၀၀ ကျော်တယ်ဗျ။ အခုကျတော့ ၁၀၀ လောက်ပဲ တင်မယ်ထင်တယ်။ ကိုယ်စားလှယ်လောင်း တင်သွင်းဖို့အတွက် ပေးတဲ့အချိန် အရမ်းနည်းလို့ပါ။ ရုံးချိန်ကလည်း သူတို့သတ်မှတ်တာ အများပြည်သူ သတ်မှတ်ထားတဲ့ ရုံးချိန် မဟုတ်ဘူးလေ။ အစိုးရဌာန အသီးသီးရဲ့ ရုံးချိန်မဟုတ်ဘဲနဲ့ ကော်မရှင်ရုံးချိန်က မနက် ၁၁ နာရီကနေ နေ့လယ်၂ နာရီအထိ၊ တနေ့မှာ ၃ နာရီပဲ ပေးထားတယ်၊ အဲဒီ ၁၅ ရက်အတွင်းကို။ ဒီကြားထဲ ရုံးပိတ်ရက်က အရင်အပတ်တုန်းက ရှိလိုက်သေးတယ်လေ။ ဘဏ်ကျတော့ မနက် ၁၀ နာရီကနေ နေ့လယ် ၂ နာရီအထိပဲ ဘဏ်တွေက ရှိတယ်။”
ပါတီတချို့ဆိုရင် ငွေကြေးမတတ်နိုင်လို့ ပါတီရှင်သန် ရပ်တည်နိုင်ရေးအတွက် သက်သက်ပဲဆိုတဲ့ ခံယူချက်နဲ့ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးပဲ ဝင်ပြိုင်မယ့်ပါတီ ရှိသလို လေးငါးခြောက်ဦးလောက်ပဲ ဝင်ပြိုင်ကြမယ့် ပါတီတွေလည်း ရှိပါတယ်။ မျှော်လင့်ထားတာထက် ပိုပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းနိုင်ခဲ့တဲ့ ပါတီတခုကတော့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီပါပဲ။
“ကျနော်တို့ မျှော်လင့်ထားတာတော့ ၁၀၀၊ ၁၂၀ လောက် မှန်းထားတာပဲ။ အခုဟာ ၁၄၀ တော့ နည်းနည်းကျော်မယ်ဗျ။ ၁၅၀ တော့ ကပ်သွားလိမ့်မယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်လေ။ တိုင်းဒေသကြီး မပါသေးဘူး။ တိုင်းဒေသကြီး ပါရင်တော့ ၁၆၀ ကျော်မှာပေါ့။”
NDF ပါတီရဲ့ ဥက္ကဌ ဒေါက်တာသန်းငြိမ်း ပြောပြသွားတာ ဖြစ်ပါတယ်။
ဒေါက်တာသန်းငြိမ်း အပါအဝင် NDF ပါတီ ခေါင်းဆောင် အများစုဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်ဟောင်းတွေ ဖြစ်ကြပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတွေလည်း ဖြစ်ခဲ့ကြပါတယ်။ သူတို့ဟာ အခုကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရေး၊ မဝင်ရေးနဲ့ ပတ်သက်ပြီး NLD ပါတီနဲ့ အယူအဆ ကွဲခဲ့ကြတဲ့သူတွေပါ။ ၁၉၉၀ ရွေးကောက်ပွဲမှာ အရွေးခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဟောင်းတွေပါ။
၁၉၉၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ဖူးတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) နဲ့ မြန်မာစစ်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီတွေကတော့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဘယ်နှစ်ဦး ဝင်ပြိုင်မလဲဆိုတာ မသိရသေးပါဘူး။ ဒါပေမဲ့လည်း ဒီပါတီ ၂ ခုလုံးဟာ တခြားပါတီတွေနဲ့ ယှဉ်လို့မရအောင် လူအင်အားရော ငွေအင်အားရော ကောင်းကြတဲ့ ပါတီတွေ ဆိုတာကိုတော့ အားလုံးက သဘောပေါက်ထားပြီးသားပါ။
UMFNP ပါတီဥက္ကဋ္ဌ ဦးအေးလွင်ကတော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ရပ်ကြောင့် သူတို့လို နိုင်ငံရေးပါတီတွေ မပြိုင်ခင်က ရှုံးသလို ဖြစ်ခဲ့ပြီလို့ ဆိုပါတယ်။
“ကိုယ်စားလှယ်လောင်း တင်သွင်းတဲ့ နည်းစနစ်ကို တင်းကျပ်ထားခြင်းအားဖြင့် ကျနော်တို့ အရပ်သားတွေ ထူထောင်တဲ့ နိုင်ငံရေးပါတီတွေအတွက် ရွေးကောက်ပွဲနေ့မှာ ပြည်သူလူထုရဲ့ အဆုံးအဖြတ်မဲနဲ့ အနိုင်အရှုံးဆိုတဲ့ ကိစ္စကို မလုပ်လိုက်နိုင်ဘဲနဲ့ ကော်မရှင်ရဲ့ တင်းကျပ်တဲ့ မူဝါဒတွေကြောင့် ကျနော်တို့ ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်း မတင်လိုက်ရတာကိုက နိုင်ငံရေးပါတီတွေအတွက် အရှုံးဖြစ်သွားတာပေါ့ဗျာ။ ဒါကလည်း စနစ်တကျ သူတို့ လုပ်ထားတယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ သမိုင်းကြောင်းတခုပေါ့ဗျာ။”
ဒီကနေ့ နောက်ဆုံးတင်သွင်းခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာလ ၆ ရက်ကနေ ၁၀ ရက်နေ့အထိ စိစစ်ပါလိမ့်ဦးမယ်။ အဲဒီစိစစ်ချက်တွေအရ လွှတ်တော်ကိုယ်စားလှယ် ဦးရေ ထပ်ပြီး လျော့သွားလိမ့်ဦးမယ်လို့ ခန့်မှန်းနေကြတာတွေလည်း ရှိပါတယ်။ နိုင်ငံရေးပါတီ တော်တော်များများက ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ရပ်တွေကို မကျေနပ်ကြဘူး ဆိုပေမဲ့လည်း ရတဲ့အခြေအနေတွေနဲ့ပဲ အကောင်းဆုံးဖြစ်အောင် ဆက်ပြီး လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားကြတယ်လို့ ဆိုပါတယ်။