မဲဆွယ်စည်းရုံးခွင့်ကာလ အောက်တိုဘာ ၃၀ ရက် နောက်ဆုံး

မဲဆွယ်စည်းရုံးခွင့်ကာလ အောက်တိုဘာ ၃၀ ရက် နောက်ဆုံး

ရွေးကောက်ပွဲကို ဝင်ပြိုင်ကြမယ့် နိုင်ငံရေး ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေ အတွက် မဲဆွယ်စည်းရုံးခွင့်ဟာ အခု အောက်တိုဘာလ ၃၀ ရက်နေ့ နောက်ဆုံးပဲလို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက သတင်းမီဒီယာတွေကို ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဒီအကြောင်းကို နိုင်ငံရေး ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေဆီ အခုချိန်ထိ အကြောင်းမကြားသေးပါဘူး။ အခုလို အချိန်ကန့်သတ်လိုက်တဲ့အတွက် ရွေးကောက်ပွဲ ဝင်ကြမယ့်သူတွေ တော်တော်များများ အခက်အခဲ အသစ်တခုကို ထပ်ပြီး ကြုံလိုက်ရလို့ စိတ်ပျက်နေကြပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

အခုလာမယ့် အောက်တိုဘာလ ၃၀ ရက်နေ့ဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရမယ့် ကာလရဲ့ နောက်ဆုံးရက်ပဲလို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းကပဲ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ဒါကို ရွေးကောက်ပွဲဝင်မယ့် သူတွေဆီ အခုချိန်ထိ အသိပေး အကြောင်းကြားတာတွေ မရှိသေးသလို တိုင်းကော်မရှင်ရုံးတွေဆီကိုတောင် အကြောင်းမကြားသေးဘူးဆိုလို့ နိုင်ငံရေး ပါတီတွေက တအံ့တသြ ဖြစ်နေကြပါတယ်။

“ဟိုတနေ့က ပြည်ထောင်စု ကော်မရှင် ဥက္ကဋ္ဌက သံတမန်တွေနဲ့ သတင်းစာ ဆရာကြီးများကို ဒီဟာကို ပြောလိုက်တယ်ပေါ့။ ပြောလိုက်ပေမဲ့ ကျနော်တို့ နိုင်ငံရေး ပါတီများကို ယနေ့အထိ တရားဝင် အကြောင်းကြားချက် မရှိသေးပါဘူး။ အဲတော့ ဒီနေ့မှာဆိုရင် ကျနော်က တိုင်းကော်မရှင်ကို ဆက်သွယ်ပြီး ဒါကို အတည်ပြုချက်ပေးဖို့ မေးမြန်းတဲ့ အခါကြတော့ နှုတ်အားဖြင့်သော်လည်းကောင်း၊ စာအားဖြင့်သော်လည်းကောင်း အကြောင်းကြားချက် မရသေးဘူးလို့ ပြောပါတယ်။

“အဲဒီအခါ ကျနော် ပြည်ထောင်စု ကော်မရှင် နေပြည်တော်ကို ထပ်ပြီးတော့ အတည်ပြုချက်ပေးဖို့ မေးမြန်းတဲ့ အခါကြတော့ ဟုတ်ပါတယ်လို့ ပြောပါတယ်။ ဟုတ်ပါတယ်လို့ပြောရင် ဒါကို သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းတွေကို အချိန်နဲ့ တပြေးညီ အကြောင်းကြားပေးပ့ါမလား ဆိုတော့ အဲဒီဟာကိုလည်း ရေရာတဲ့ အဖြေကို မပေးပါဘူးခင်ဗျ။ ဒါ အင်မတန် အရေးကြီးတဲ့ ကိစ္စပဲခင်ဗျာ။ အဲတော့ ကျနော်တို့က ဒီဘက်မှာ တော်တော်ကြီးကို အခက်အခဲတွေ ကြုံတွေ့ရပါတယ်ခင်ဗျ။ အခက်အခဲမှ ထပ်ဆင့် ထပ်ဆင့် အခက်အခဲပါခင်ဗျ။”

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီကနေ ရန်ကုန်တိုင်းမှာ ရွေးကောက်ပွဲဝင်မယ့် ဦးမြတ်ဉာဏစိုးက ရှင်းပြခဲ့တာပါ။

ရွေးကောက်ပွဲရက် မတိုင်ခင် ၇ ရက်အလိုမှာ မဲဆွယ်စည်းရုံးမှုတွေကို ရပ်ရမယ်ဆိုတဲ့ ကိစ္စက မကြာခင်တုန်းကမှ ပါတီတွေဖွဲ့ပြီး ကမန်းကတန်း လှုပ်ရှားရတဲ့ နိုင်ငံရေး ပါတီတွေနဲ့ တသီးပုဂ္ဂလသမားတွေ အတွက် တော်တော်ပဲ လုပ်ရကိုင်ရ ခက်ခဲတဲ့ အခြေအနေတခုပါ။ လှုပ်ရှားရတာ အချိန်နည်းရတဲ့အထဲ အခုလို ကပ်ကပ်ပြီး ရွေးကောက်ပွဲ ကော်မရှင်က အခြေအနေသစ်တွေကို ကြေညာနေတာဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာပဲလို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ယူဆပါတယ်။

“ကျနော်တို့ကတော့ စနစ်တကျ စီမံကိန်းချပြီးတော့ လုပ်တယ်လို့ ထင်တာပဲလေ။ ကျနော်တို့ ပါတီတွေက ကိုယ်စားလှယ်တွေ များများမရအောင် တမင်တကာ ကိုယ့်လုပ်ငန်း ကိုယ်မလုပ်နိုင်ဘဲ သူတို့ ချမှတ်ထားတဲ့ စည်းကမ်းအပေါ်မှာ စကားပြောနေရတာနဲ့ပဲ အချိန်ကုန်အောင် လုပ်ထားတယ်လို့ ယူဆတယ်။”

ဦးသုဝေတို့ ပါတီလည်း တခြားပါတီတွေလိုပဲ မဲဆွယ်စည်းရုံးမှု အစီအစဉ်တွေကို ပြောင်းတဲ့ဟာပြောင်း၊ ဖျက်တဲ့ဟာဖျက် လုပ်နေကြရပါပြီ။ ၁၉၉၀ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အခုလို ကန့်သတ်မှုတွေ မရှိခဲ့ဘူးလို့ ရွေးကောက်ပွဲ ဝင်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေက ပြောကြပါတယ်။ NDF ပါတီက ဦးမြတ်ဉာဏစိုးကတော့ အမိန့်ပေး ညွန်ကြားနေတဲ့ အဖွဲ့အစည်းတခုခု ရှိနေလို့ ကော်မရှင် ဝန်ထမ်းတွေကိုယ်တိုင် ကြုံသလို လုပ်နေကြရပုံ ပေါက်တယ်လို့ ယူဆပါတယ်။

“ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အားနည်းချက်များလည်း ဟုတ်ပါတယ်ခင်ဗျ။ ကျနော်တို့ နားလည်ထားတာကတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အပေါ်မှာ မည်သည့် အဖွဲ့အစည်းမှ မရှိဘူးလို့ နားလည်ထားပါတယ်။ နားလည်ထားရမှာပေါ့နော်။ နိုင်ငံတကာမှာလည်း ဒီလိုပါပဲခင်ဗျ။ ရွေးကောက်ပွဲ ကော်မရှင် ဆိုတာဟာ ဒိုင်လူကြီးများလိုပဲ မည်သည့်ဘက်ကမှ မလိုက်ဘဲ နေရမယ့် အဖွဲ့အစည်းပါ။

“အခုဟာကတော့ တစုံတယောက်၊ အဖွဲ့အစည်း တခုကနေပြီးတော့ ညွှန်ကြားလိုက်မှ အမိန့်တခုကို ထုတ်ပြန်ရသလိုမျိုး အချိန်ကပ်ကပ်ပြီးတော့ လုပ်နေတဲ့ သဘောလေးတွေ ရှိပါတယ်။ တချို့ဟာတွေက သူတို့ ပြင်ဆင်ထားခြင်း မရှိဘဲ အမြန် အမြန် လိုက်ပြီးတော့ ဆောင်ရွက်ရတာမျိုးတွေ ဖြစ်နေပါတယ်ခင်ဗျ။ အခုလည်းကြည့်ပါ၊ တိုင်းကော်မရှင်များဟာ ဒီကိစ္စအတွက်ကို ဘာမှ ပြင်ဆင်ထားခြင်း မရှိသေးပါဘူး။”

ရွေးကောက်ပွဲ နီးလာလို့ ကသုတ်ကရက်နဲ့ နိုင်ငံရေးပါတီတွေ အလုပ်ရှုပ်နေတဲ့ အချိန်မှာ အခုလို ကြေညာလိုက်တာဟာ အခက်အခဲသစ်တွေ ထပ်ပြီး ကြုံရအောင် ဖန်တီးလိုက်သလို ဖြစ်နေပြီလို့ ဦးမြတ်ဉာဏစိုးက ဆက်ပြီး ပြောပါတယ်။

“အခုဟာကတော့ ကျနော်တို့ကို တင်ကြို ကြေညာခြင်း မရှိဘဲနဲ့ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေ ထဲမှာလည်း ဒါက မပါပါဘူးခင်ဗျ။ ကျနော်တို့မှာ အခုမှ ကမ်ပိန်းက အရှိန်အဟုန် ကောင်းကောင်းနဲ့ စနေတဲ့အချိန်၊ ပြည်သူလူထုကလည်း ကျနော်တို့ နိုင်ငံရေး ပါတီများနဲ့ ထိတွေ့ပြီးတော့ ရင်းနှီးမှု၊ နားလည်မှု ရနေတဲ့ အချိန်မှာ ကပ်ပြီးတော့ တော်တော်ကို ကြီးမားတဲ့ အဟန့်အတား၊ အနှောင့်အယှက်ကြီး ဖြစ်သွားပါတယ်ခင်ဗျ။”

ရွေးကောက်ပွဲ ဝင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို တင်သွင်းရမယ် ဆိုတုန်းကလည်း တကြိမ် အခုလိုကပ်ပြီး ကြေညာခဲ့လို့ အဲဒီတုန်းကလည်း ပါတီတွေရော၊ ကိုယ်စားလှယ်လောင်းတွေရော ကမန်းကတန်း ဖြစ်ခဲ့ကြရလို့ ရွေးကောက်ပွဲ ကော်မရှင်ကို အပြစ်တင် ဝေဖန်မှုတွေလည်း လုပ်ခဲ့ကြပါသေးတယ်။