မြန်မာ့စီးပွားရေး UNESCAP ရဲ့ သုံးသပ်ချက်

UNESCAP

မြန်မာနိုင်ငံရဲ့စီးပွာရေးမှာ အနုတ်လက္ခဏာတချို့တွေ့မြင်ခဲ့ရပေမဲ့ ပြီးခဲ့တဲ့နှစ်အတွင်း တိုးတက်မှုတွေ တွေ့မြင်ခဲ့ရတယ်လို့ ကုလသမဂ္ဂ အာရှပစိဖိတ် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကော်မရှင်အဖွဲ့ရဲ့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။ ငွေကြေးဖောင်းပွမှုလို့ သတိထားစရာတချို့ ရှိနေပေမဲ့လည်း ရှေ့လာမယ့်နှစ်တွေမှာ မြန်မာ့စီးပွားရေးဟာ အလားအလာကောင်းတွေ တွေ့မြင်နေရတယ်လို့လည်း စီးပွားရေး ကျွမ်းကျင်သူတွေက ခန့်မှန်းခဲ့ကြတာပါ။ အာရှပစိဖိတ်ဒေသတွင်းက စီးပွားရေးတိုးတက်မှုအခြေအနေတွေနဲ့ အများပါဝင်ခံစားခွင့်ရှိတဲ့ တိုးတက်မှုတွေကို လေ့လာဆန်းစစ်ထားတဲ့ ဒီလေ့လာချက် အကြောင်းကိုတော့ VOA သတင်းထောက် မသိင်္ဂီလင်းက တင်ပြပေးထားပါတယ်။

၂၀၁၅ ခုနှစ်အတွက်လေ့လာချက်အရဆိုရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ပိုင်းထဲမှာ အနည်းငယ်ကျဆင်းခဲ့ပြီး ငွေကြေးဖောင်းပွမှုလည်း တိုးမြင့်ခဲ့တယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ အာရှပစိဖိတ် စီးပွားရေးနှင့်လူမှုရေးဆိုင်ရာကော်မရှင်အဖွဲ့က စီးပွားရေးဆိုင်ရာ အရာရှိ ဦးနေလင်းဦးက ပြောဆိုလိုက်ပါတယ်။

“စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက ပြီးခဲ့တဲ့နှစ်ထက် ယှဉ်ရင်တော့ နည်းနည်းလေး ကျဆင်းတာပေါ့။ ၈.၃% ထဲကနေ ဝ.၈% လျော့သွားတယ်။ ဒါပေမဲ့ ရှေ့ကို ဆက်ကြည့်မယ်ဆိုရင်တော့ ပိုများလာဖို့ အခြေအနေရှိပါတယ်။ ၂၀၁၅-၂၀၁၆ က ၈.၃% ၂၀၁၆-၂၀၁၇ က ၈.၂% စီးပွားရေးဖွံ့ဖြိုးတဲ့နှုန်း နည်းတာကတော့ အဓိက အချက်ကတော့ လယ်ယာကဏ္ဍမှာလည်း ထွက်ကုန်အနေနဲ့ အားနည်းနေတဲ့အချက်ပေါ့။ အဲဒါလေးတွေရှိတယ်။ ဆိုတော့ အဓိက-က အဲဒါပါပဲ။ inflation ကလည်း region တခုလုံးအနေနဲ့တော့ ငွေကြေးဖောင်းပွမှုက ကျဆင်းတယ်ဆိုပေမယ့် မြန်မာပြည်မှာတော့ နည်းနည်းလေး တက်တာပေါ့။ ဒါပေမဲ့ အဲဒါလည်း ရေတိုပါပဲ၊ သိပ်ပြီးတော့ စိုးရိမ်စရာမရှိပါဘူး။”

ဒီထုတ်ပြန်ထားတဲ့ စီးပွားရေးနဲ့ လူမှုရေးလေ့လာချက်မှာ အများပါဝင်ခံစားခွင့်ရှိတဲ့ တိုးတက်မှုတွေထဲမှာ စီးပွားရေး၊ လူမှုရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ တိုးတက်မှုတွေရှိမရှိ နိုင်ငံပေါင်း ၁၆ နိုင်ငံရဲ့ အခြေအနေတွေကို လေ့လာဆန်းစစ်ထားတာဖြစ်ပြီး စီးပွားရေးတစ်ခုတည်း တိုးတက်လာတာကို ဖွံ့ဖြိုးတယ်လို့ ယူဆလို့မရကြောင်း သူက အခုလိုရှင်းပြပါတယ်။

“ဘာလို့လဲဆိုတော့ ကျနော်တို့ ဒီ အာရှနဲ့ပစိဖိတ်နိုင်ငံတော်တော်များများက စီးပွားရေးတော်တော်တိုးတက်လာတယ် … ပြီးခဲ့တဲ့နှစ်ပေါင်း နှစ်နှစ်ဆယ်နဲ့ယှဉ်လိုက်ရင်၊ ဒါပေမယ့် တိုးတက်လာတာနဲ့အမျှ လူတိုင်းအတွက်ကို မျှဝေမခံစားနိုင်ဘူး၊ မခံစားနိုင်တဲ့အခါကျ inclusive index ကို ကြည့်တယ်။ ဘာလို့လဲဆို ကျနော်တို့ စီးပွားရေးတခုတည်းတိုးတက်တာနဲ့ ဖွံ့ဖြိုးတယ်လို့ ခေါ်လို့မရဘူး။ အဲလို အဓိက ပြောချင်တာပါပဲ။ အဲဒါကတော့ ကျနော်တို့ economic နဲ့ပေါ့။ ဆိုရှယ်မှာလည်း Health နဲ့ Education က အဲဒီထဲမှာ အဓိကထားပြီးတော့ ပါပါတယ်။ ဘာလို့လဲဆိုတော့ တချို့နိုင်ငံတွေမှာ စီးပွားရေးတိုးတက်လာတာနဲ့အမျှ ဒိပြင် အစိုးရအသုံးစရိတ်တွေမှာ ပိုပီးတော့ များလာပေမယ့် ကျန်းမာရေး၊ ပညာရေးမှာ တချို့ဟာတွေမှာ နောက်ကျ နေတဲ့ ဟာတွေ ရှိသေးပါတယ်။ အဲဒါကြောင့်လည်း ကျနော်တို့ အဲဒါကို ဆိုရှယ်ကို…. Environment ကတော့ သိတဲ့အတိုင်းပဲ၊ များသောအားဖြင့် ဒီသဘာဝ ဘေးအန္တရာယ်တွေကရှိတော့ ဘယ်လောက်ပဲ စီးပွားရေးတိုးတက်ပြောင်းလဲဖြစ်တယ်ဆိုပေမယ့် တခုခုကြောင့် သဘာဝဘေး အန္တရာယ်ကြောင့်ဖြစ်ဖြစ်၊ တခုခုကြောင့်ဖြစ်ဖြစ် အဲလိုဖြစ်လာတဲ့အခါကျတော့ ကျနော်တို့ ဒီတိုးတက်မှုက နောက်ပြန်ဆုတ်သွားတာပေါ့လေ။”

ပြုပြင်ပြောင်းလဲရေးကာလအတွင်း စီးပွားရေးတိုးတက်မှုအတွက် စီမံကိန်းတွေလုပ်ကိုင်ရာမှာ မြန်မာအစိုးရအနေနဲ့ ရေရှည်အကျိုးစီးပွား တွက်ချက်မှု၊ ပတ်ဝန်းကျင်းနဲ့ လူမှုအဖွဲ့အစည်းတွေအပေါ် အကျိုးသက်ရောက်မှုတွေကို တွက်ချက်ရာမှာ အားနည်းချက်တွေရှိခဲ့တယ် လို့လည်း နိုင်ငံတော်သမ္မတရဲ့ စီးပွားရေးဆိုင်ရာ အကြံပေး ဒေါက်တာဇော်ဦးက ဆိုပါတယ်။

၂၀၁၅ ခုနှစ် အာရှပစိဖိတ်ဒေသ စီးပွားရေးနဲ့ လူမှုရေးလေ့လာချက်မှာ ဒေသတွင်းက နိုင်ငံတွေရဲ့ ၉၀ ရာခိုင်နှုန်းကို ခြုံငုံသုံးသပ်ထားတာ ဖြစ်ပြီး ဒီလေ့လာချက်ကို မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံပေါင်း ၃၀ ကျော်မှာ မိတ်ဆက်ပြီးလည်းဖြစ်ပါတယ်။