ပိုဆိုးလာတဲ့ မြန်မာ့ငွေကြေး မတည်ငြိမ်မှု

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုင်းဘတ်ငွေစက္ကူတချို့ကိုတွေ့ရစဉ် (သြဂုတ် ၉၊ ၂၀၂၂)

မြန်မာငွေတန်ဖိုး ထိုးကျနေပြီး ငွေကြေးမတည်ငြိမ်မှုပြင်းထန်လာတာကြောင့် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်လာနေတဲ့ဒဏ်ကို မြန်မာပြည်သူတွေ ခံစားနေကြရကြောင်း သုံးသပ်သူတွေက ထောက်ပြကြပါတယ်။ စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့ စားသုံးသူတွေကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

ဒေါ်လာငွေလဲနှုန်းက ၃,၈၀၀ ကျော်ကနေ ၃,၉၀၀ နားအထိ အခုလိုဖြစ်လာချိန်မှာ အခုလို ဘာကြောင့်ဖြစ်လာရတာလဲဆိုတာကို အမည်မဖော်လိုတဲ့ ပြည်တွင်းကုန်သည်တဦးက အခုလို ပြောပြပါတယ်။

"အဓိက ကတော့ လွန်ခဲ့တဲ့အမေရိကန် sanction (အမေရိကန်ဆဲန်ရှင်/ဒဏ်ခတ်ပိတ်ဆို့မှု) - MFTB နဲ့ MICB ကို sanction ချလိုက်တဲ့အတွက် အဲဒီမှာ ဂယက်စဖြစ်တယ်။ အဲဒီမှာ ကျနော်တို့ အဓိက ဒေါ်လာနဲ့ရွှေပဲ ပြောကြပါစို့နော။ ဒေါ်လာနဲ့ရွှေက အရမ်းလှုပ်သွားတယ်။ တချက်ငြိမ်မယ်လည်းကြံရော အခု ၂၀,၀၀၀ တန်ဆိုပြီးတော့ တိုင်ပင် စထွက်လာတယ်။ အဲဒီမှာလူတွေက အကုန် ဝရုန်းသုန်းကားဖြစ်ကုန်ကြတာပဲ။ အဲဒီနောက်ဆက်တွဲဂယက်က ထိန်းမရတော့တဲ့အနေအထားဖြစ်သွားတာပဲ။"

ဒီနေရာမှာ နှစ်သောင်းတန်က ဈေးကွက်ထဲ တကယ်ဝင်မလာသေးချိန်မှာ အခုလို ငွေကြေးမတည်ငြိမ်မှု ဘာကြောင့်ပိုဖြစ်လာပါလဲလို့ ဆက်မေးရာမှာတော့ - တခြားစင်္ကာပူဘဏ်ကြီးတွေပါ ပိတ်ဆို့လာနိုင်တာနဲ့ အခု ဘင်္ဂလားဒေ့ရှ်ဘဏ်က မြန်မာနိုင်ငံဘဏ်ကြီးတွေအပေါ် ဒေါ်လာတသန်းကျော် ထိန်းချုပ်လိုက်တာအထိပါတယ်လို့ ဒီကုန်သည်က ဆက်ပြောပါတယ်။

"ဒါပေမဲ့ နောက်ပိုင်းကျတော့ အမေရိကန် sanction က တော်တော်ကြီးထိထိရောက်ရောက် ဖြစ်လာမယ့်သဘောတွေ့လာတယ်။ အဲဒီအချိန်မှာ ဒိုင်း..ဆိုပြီးတော့ နှစ်သောင်းတန်ကြေညာတဲ့ နောက်ဆက်တွဲနဲ့ UOB ဘဏ်က အားလုံးကို စက်တင်ဘာ ၁ ရက်နောက်ဆုံးထားပြီး withdraw လုပ်ဖို့အတွက်ကို warning ပေးလိုက်တဲ့အချိန်မှာ အားလုံးက shock (ထိတ်လန့်) ဖြစ်သွားတယ်။ အခု နောက်ဆက်တွဲ OCBC တို့ DBS တို့ပါ ဖြစ်လာလိမ့်မယ်လို့ ယူဆရတယ်ပေါ့နော်။ အခု အမေရိကန် sanction တွေ တကယ် effective ဖြစ်ပြီဆိုပြီးတော့ အဲဒီအချိန်မှာလည်း သွားဆုံတာပေ့ါနော။ ၂ သောင်းတန်ကလည်း ထွက်တယ်ဆိုတဲ့အချိန်မှာ တကယ့် panic buying တွေနဲ့ အကုန်ရှုပ်ကုန်တော့တာပါပဲဗျာ။

... ဒိထက်ဆိုးတာက မနေ့တုန်းကကြေညာတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရဘဏ်ကနေပြီးတော့ ဗမာ MICB နဲ့ MFTB တို့ရဲ့အကောင့်ဖွင့်ထားတဲ့ ဒေါ်လာ freeze လုပ်တယ်ဆိုပြီးတော့ ကြေညာတော့ 'ဟာ ...စင်္ကာပူတောင်မဟုတ်တော့ဘူး၊ တကယ့် ဘင်္ဂလားဒေ့ရှ်ဘဏ်တောင်မှ အမေရိကန်ရဲ့ pressure အောက်မှာမိသွားပြီဆိုပြီးတော့ အခုဟာ တကယ်ကို ဝရုန်းသုန်းကားဖြစ်နေတာ။ အခုပြောနေတာကတဈေး။ အခုချပြီး နောက်တခါထပ်ဆက်ရင် တဈေးဖြစ်သွားရော။​ အဲလောက်အထိ အခြေအနေဆိုးတာပဲဗျ။ အကုန်လုံးတိုက်ဆိုင်သွားတယ်ပေါ့နော်။"

အဲဒီတော့ ရှေ့ဆက် သက်ရောက်နိုင်မှုကို ဆက်မေးရာမှာ ဒီကုန်သည်ကပဲ -

"အခုလောလောဆယ် ကုန်သည်တွေလောကမှာတော့ ရွှေနဲ့ဒေါ်လာသမားကတော့ အားလုံးမရှိတော့ဘူးပေါ့။ အပြင်မှာ- ။ ဒါပေမဲ့လည်း ထုံးစံအတိုင်းပဲ၊ အပြင်မှာပေါက်ဈေးကလည်းမရှိဘူး၊ ဈေးကွက်ကြီးကလည်းပျက်နေပြီ။​ ဒါပေမဲ့လည်း ကြိုက်ရောင်းကြိုက်ဝယ်နဲ့ပဲ အပြင်မှာ ကိုယ့်ဟာကိုယ် လုပ်ကြတယ်ပေါ့နော်။ ဆိုတော့ ဈေးနှုန်းကတော့ ထုံးစံအတိုင်းပဲ၊ ဒီနေ့ကတော့ ရွှေဆိုရင်လည်း ၃၈ ကျော်တယ်ပေါ့နော်၊ ဒေါ်လာဆိုလည်း အဲလိုဖြစ်လာတဲ့အချိန်မှာ တော်တော်ကြီးကို ဗရုတ်သုက္ခတွေဖြစ်လာတာ။ အပြင်မှာ အဲဒီဂယက်တွေအကုန်လုံးကတော့ အကုန်- အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ငရုပ်၊ ကြက်သွန်...အကုန်ဂယက်ရိုက်လာတာပေါ့နော်။

...ဒီနေ့ဆိုရင် ပုံနှိပ်လုပ်ငန်းလုပ်တဲ့မိတ်ဆွေတယောက်က အခုတဈေးနဲ့ ဈေးဆစ်တယ်။ ဆက်ပြီးတော့ နောက်တခါထပ်ဆက်လည်းဆက်ကော- နောက်တဈေးဖြစ်သွားတယ်၊ ပြောင်းသွားတယ်။ ...ဆိုတော့ အခုလူတွေကလည်း on the spot တဈေးချနိုင်ချ၊ မချနိုင်ဘူးဆိုရင် မရဘူး။ နောက်ထပ်တဈေးပြန်ပြောင်းလုပ်မယ်ဆိုတဲ့ concept ကြီးက ဝင်သွားပြီ။ နောက်ဆုံး ဒီ လက်လီဈေးကွက်မှာတော့ ပိုဆိုးပြီပေါ့၊ အားလုံးကတော့လေ။"

ဥပမာအားဖြင့်-မနေ့တုန်းက ကျနော် အိန္ဒိယကလာတဲ့ ပိုးသတ်ဆေး ပုံမှန်ဆိုရင် တကဒ်ကို ၅၀၀ ဝယ်ရတယ်ပေါ့။ လက်လီဈေးပေါ့၊ အခုဆိုရင် ၁,၃၀၀ ကို ဝယ်ရအရမ်းခက်သွားပြီ။"

အခုလို ငွေကြေးမတည်ငြိမ်မှုဖြစ်လာတာရဲ့ လက်တွေ့ဘဝမှာရင်ဆိုင်ရပုံကိုလည်း အမည်မဖော်လိုတဲ့ဈေးဝယ်သူတဦးက အခုလို ပြောပါတယ်။

"ဈေးတွေက တော်တော်ခုန်တက်သွားတယ်။ အရင်ကတနေ့ကို မိသားစုတစုစာ ၇,၀၀၀ ဖိုး ဈေးဝယ်ရင် အခုက တသောင်းလောက်ကုန်တယ်။ ပြီးတော့ အထူးသဖြင့် နိုင်ငံခြားကသွင်းရတဲ့ ဆေးတွေ အရမ်းဈေးတက်သွားတယ်။ ဆေးဖိုးဝါးခက အရမ်းဈေးကြီးတယ်။ နောက်ပြီးတော့ ရွှေဈေးလည်းအရမ်းတက်တယ်။ ရွှေဈေးကလည်း ဈေးသာတက်တာ၊ ရောင်းရတာရော ဝယ်ရတာရော ခက်တယ်။​ အထူးသဖြင့် တနိုင်တပိုင် နည်းနည်းပဲရောင်းချင်တာဆို ဆိုင်တွေက မဝယ်ချင်ကြဘူး။ ဈေးသည်တွေဘက်ကကြည့်ရင်လည်း ရောင်းရပေမဲ့ အရင်လောက် အမြတ်မကျန်ကြတော့ဘူး။"

အဲဒီတော့ ဒီအခြေအနေရှေ့မှာ ပြန်ထိန်းနိုင်မယ့်အလားအလာကို ဆက်မေးရာမှာပြည်တွင်းကုန်သည်ကပဲ -

"အခုအချိန်ထိကတော့ ထိန်းနိုင်ဖို့အနေအထားက သူတို့လည်း step by step ထိန်းလာတာပေါ့။ အခုလောက်ဆိုရင် ၆ ဦးကော်မတီဖွဲ့လာတယ်ပေါ့နော်၊ ဗိုလ်ချုပ်မိုးမြင့်ထွန်းတို့- ဗဟိုဘဏ်ဥက္ကဋ္ဌပါလာမယ်။ နောက်ပြီးတော့ ဦးကံဇော်ပါလာမယ်။​ ဗိုလ်ချုပ်ညိုစောပါလာမယ်။ နောက်ပြီးတော့ ဦးဝင်းရှိန် ပါမယ်။ ခြောက်ဦးကော်မတီဖွဲ့ပြီးတော့ ထိန်းဖို့လုပ်တယ်။ ထိန်းတဲ့ဟာတွေက တော်တော်ကြီးကို အကြွေးပြန်ဆပ်ဖို့ကိစ္စ ဘယ်လိုမှကို ထိန်းလို့မရနေတာ။​ ထိန်းတယ်ဆိုတာကလည်း အဓိက က ကိုယ့်လက်ထဲမှာ ငွေရှိရင်တော့ ရတယ်ပေါ့နော်။ နောက်တခု သူတို့ ထိန်းဖို့လုပ်ကြသေးတယ်ဗျ။

..တနေ့တုန်းက ကြေညာတဲ့အထဲ ဘတ် (ထိုင်းငွေ) နဲ့ trade လုပ်ဖို့ပေါ့နော်။ ဘတ်နဲ့ trade လုပ်ဖို့ ကြေညာချက် ထွက်လည်းထွက်လာရော ဘတ်က တဘတ်ကို ၉၈ ကျပ်ကနေပြီး ဒီနေ့ဆိုရင် ၁၀၅.၂ ဖြစ်သွားပြီ။ ...ဆိုတော့ ဘယ်လောက် percent (ရာခိုင်နှုန်း) တက်သွားလဲ စဥ်းစားကြည့်။

...ဘတ်နဲ့မလုပ်ရသေးဘူးပေါ့။ တကယ်တန်းက ဘတ်နဲ့လဲလို့လည်း သိပ်ထူးမယ်မဟုတ်ဘူးဗျ။ တကယ်တန်းက ဘတ်တို့၊ ဒေါ်လာတို့ဆိုတာသည် ကမ္ဘာ့ငွေကြေးနယ်ပယ်မှာ အားလုံးက သူံဟာနဲ့သူက exchange လုပ်လို့ရတဲ့ rate က သူ့ဟာနဲ့သူ ရှိထားပြီးသားလေ။​ ဘတ်နဲ့လုပ်လည်း ဒေါ်လာက ဈေးတက်ချင်တက်မှာ။ ဒေါ်လာ demand မတက်ပေမဲ့လည်း ဘတ် demand တက်လာလည်း ဒေါ်လာတက်တာနဲ့အတူတူပဲလို့ ကျနော်ကတော့ ယူဆတယ်ဗျ။"

တကယ်တော့ အခုတခေါက် ငွေကြေးမတည်ငြိမ်မှု ပြင်းထန်လာနေတာကို ပြန်မထိန်းနိုင်ရင် ပိုဆိုးလာပြီး နောက်ဆက်တွဲ နိုင်ငံရေး၊ လူမှုရေးဂယက်ပါ ကြီးလာနိုင်တယ်လို့ သုံးသပ်သူတွေက ထောက်ပြနေပါတယ်ခင်ဗျား။

Your browser doesn’t support HTML5

ပိုဆိုးလာတဲ့ မြန်မာ့ငွေကြေး မတည်ငြိမ်မှု