မြန်မာ့အကြပ်အတည်းတွေ အဆုံးသတ်ပြီး စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဟန့်တားနိုင်ရေးမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေချမှတ်ဖို့ ပျက်ကွက်နေတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ အာဏာသိမ်းခဲ့တဲ့ တနှစ်အတွင်း ပြည်သူ တွေအပေါ် စစ်တပ်က ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်မျိုးစုံ ကျုးလွန်ခဲ့ပေမဲ့ တုန့်ပြန်တွန်းလှန်တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကိုသာ ပိုပြီး အားကောင်းစေခဲ့တယ်လို့လည်း အွန်လိုင်းကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။ ဦးသိန်းထိုက်ဦး ဆက်ပြောပြပါမယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ တနှစ်တာအတွင်း မြန်မာနိုင်ငံမှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု ၇၆၀၀ ကျော် ရှိခဲ့တဲ့အကြောင်း အထူးအကြံပေး ကောင်စီ အဖွဲ့ဝင်တဦးဖြစ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း Yanghee Lee က ပြောဆိုသွားတာပါ။ဆီးရီးယား၊ ယီမင်၊ ပါလက်စတိုင်း၊ အီရန်နိုင်ငံတွေနဲ့ နိုင်းယှဉ်ပြီး အကြမ်းဖက်မှုတွေ ပိုဆိုးလာတဲ့ အခြေအနေကို ထောက်ပြပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဖြတ်သုံးဖြတ် မဟာဗျုဟာကို နှောင့်နှေးကျန့်ကြာမှုမရှိ အမြန်ဆုံး အကောင်အထည်ဖို့ လိုနေပြီလို့ သူက ပြောဆိုသွားပါတယ်။
"စစ်တပ် လက်နက်တွေရမယ့် လမ်းကို ဖြတ်တောက် ပိတ်ဆို့ရမယ်။ သူတို့ ဝင်ငွေရစေမယ့် နည်းလမ်းတွေကို ဖြတ်တော် ပိတ်ဆို့ရပါ့မယ်။ အရေးမယူဘဲ လုပ်ခွင့်ပေးထားတာတွေကို အဆုံးသတ်အောင် ဖြတ်ဖို့ ပါတယ်။ မကြာသေးခင်ကပဲ တိုးတက်လာတဲ့ အကောင်းဘက် ဦးတည်တဲ့ အဖြစ်အပျက်တွေကို ကျမတို့ တွေ့လာရပါတယ်။ Chevron နဲ့ Total ကုမ္ပဏီတွေက မြန်မာနိုင်ငံအတွင်းက ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သြစတေးလျ Woodside ရေနံကုမ္ပဏီလည်း ထွက်ခွာမယ်လို့ ဒီနေ့ပြောပါတယ်။ မြန်မာစစ်တပ်နဲ့ ဆက်နွယ်ပြီး စီးပွားရေးလုပ်ဆောင်တဲ့သူတွေ သတိထားရမယ့်ကိစ္စတွေကို အမေရိကန်ပြည်ထောင်စုက အကြံပေးထားတဲ့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဒီလို စီးပွားရေးလုပ်ငန်းတွေကြောင့် ဒီမိုကရေစီရေး ဖစ်ပေါ် တိုးတက်မှုနဲ့ ဥပဒေစိုးမိုးရေးကို ထိခိုက်စေပါတယ်။"
အမေရိကန် ပြည်ထောင်စု ဥရောပ နိုင်ငံတွေနဲ့ UK နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံက သဘာ၀ သယံဇာတတွေ တင်ပို့တာတွေကို ပစ်မှတ်ထား ပိတ်ဆို့ ဒဏ်ခတ်ဖို့ လိုနေပြီဆိုပြီး လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း Yanghee Lee က ပြောဆိုသွားပါတယ်။
မြန်မာစစ်တပ် အာဏာရယူထားတာ တနှစ်ပြည့်သွားတဲ့အချိန် ဒီမိုကရေစီရေးလှုပ်ရှားမှုနဲ့ နိုင်ငံတကာ အခင်းအကျင်းကို အကောင်းဘက်ကို ဦးတည်တဲ့ မျှော်လင့်ချက်နဲ့ တိုးတက်မှုတွေ ရှိလာတာကို ကြည့်ဖို့လိုပါတယ်ဆိုပြီး ပြောသွားသူက FFM လို့အတိုခေါက်ခေါ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင် ဥက္ကဌဟောင်း Marzuki Darusman ပါ။
"ပထမဆုံး အကောင်းမြင် မျှော်လင့်လို့ရတဲ့အချက်က စစ်ကောင်စီရဲ့ တရားဝင်မှု ကိစ္စပါ။ ဒုတိယ တချက်က ဒီတိုင်းပြည်ဟာ အသစ်ပြန်လည်မွေးဖွားတဲ့ ဖက်ဒရယ် ပြည်ထောင်စုဆီ ဦးတည်တဲ့ သမိုင်းဆိုင်ရာ ဖြစ်စဉ်တခုကို ရောက်လာတာပါ။ သမိုင်းမှာ နိုင်ငံတခု ဒီလို လမ်းကြောင်းပေါ်ကို ရောက်လာပြီဆိုရင် ဘယ်အရာကမှ တားဆီးလို့ မရပါဘူး။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးက ဒီကိစ္စမှာ တပေါင်းတစည်းတည်း ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး မနေကြတော့ပဲ သူတို့ကိုသူတို့ အနာဂတ် မြန်မာနိုင်ငံသစ်မှာ ပါဝင်ရမယ့်သူတွေဆိုတာ သတ်မှတ်လာကြပါတယ်။ အရင်က ဝန်ကြီးချုပ်ဟောင်း လီကွမ်ယု ပြောခဲ့တဲ့ စစ်တပ်မရှိရင် မြန်မာနိုင်ငံ ပျက်ဆီးသွားမယ်လို့ ပြောခဲ့ဖူးတာနဲ့ တခြားဆီ ဖြစ်လာပါတယ်။ စစ်တပ်ရှိနေလို့ကို မြန်မာနိုင်ငံ ပျက်ဆီးသွားနိုင်တဲ့ အခြေအနေပါ။ တတိယ အကောင်းမြင် မျှော်လင့်လို့ ရတာကတော့ စီးပွားရေး လုပ်ကိုင်နေတဲ့ အဓိက ကော်ပိုရေးရှင်းကြီးတွေ မြန်မာနိုင်ငံကနေ စပြီး ထွက်ခွာနေတဲ့ အခြေနေနဲ့ NUG ကြားကလ အမျိုးသားညီညွတ်ရေး အစိုးရအပေါ်မှာ ထောက်ခံ အသိအမှတ်ပြုမှုတွေ ပိုရလာတဲ့ အခြေနေပါ။"
လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံအရေး ချဉ်းကပ်မှုတွေဟာ ဘုံသဘောတူညီချက် ငါးချက်ချထားတဲ့ အာဆီယံရဲ့ လုပ်ငန်းစဉ်တွေကို နောက်ကြောင်းပြန် လှည့်သွားစေတယ်လို့ Marzuki Darusman က ထောက်ပြပါတယ်။ အာဆီယံဘက်က ဒါကို တည့်မတ်ဖို့ ကြိုးစားနေတယ်လို့ မြင်တဲ့အကြေင်း ပြောဆိုသွားပါတယ်။ တိုင်းရင်းသားဒေသမှာ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးရေးနဲ့ စစ်တပ်က လေကြောင်းကနေ ထိုးစစ်ဆင်နေတာတွေနဲ့ ပတ်သက်လို့ လေယာဉ်မပျံသန်းရ နယ်မြေသတ်မှတ်ရေး တောင်ဆိုချက်တွေ တိုးပြီး အောင်မြင်အောင် လုပ်ဆောင်သင့်တယ်လို့လည်း သူက ပြောဆိုသွားပါတယ်။
မြန်မာနိုင်ငံအရေးမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဘက်က ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ ချမှတ်ဖို့ ပျက်ကွက်ခဲ့တဲ့အကြောင်း ဝေဖန်ပြောဆိုသွားတဲ့သူကတော့ ၂၀၁၉ ခုနှစ်တုန်းက ကုလ သမဂ္ဂ အချက်အလက်စုံစမ်းရေးအဖွဲ့ဝင် Chris Sidoti ဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီရဲ့အကြမ်းဖက် အဖွဲ့အစည်း တခုဖြစ်တယ်ဆိုတာကို သူက ထောက်ပြသွားပါတယ်။
"ကျနော်တို့က အကြမ်းဖက်သမားတွေ၊ အကြမ်းဖက်အဖွဲ့အစည်းဆိုတာတွေကို စကားလုံးတွေနဲ့ ထင်ရာမြင်ရာ ပြောနေတာ မဟုတ်ပါဘူး။ ကျနော်တို့ဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တွေ ဖြစ်ပါတယ်။ ကျနော်တို့ ပြောဆိုချက်တွေဟာ ဥပဒေအရ အခြေခံ ပြောဆိုတာပါ။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို စစ်ဆေးပြီးမှ ကျနော်တို့က သတ်မှတ်တာပါ။ အများပြည်သူကို ရည်ရွယ်ချက်ရှိရှိ ဓါးစာခံအဖြစ် အသုံးချ၊ သေကြေထိခိုက်စေတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ ၊ စစ်အုပ်ချုပ်ရေးကို လက်ခံလာအောင် ခြိမ်းခြောက်တဲ့အနေနဲ့ ရက်ရက်စက်စက် ကျုးလွန်နေတာတွေ့ရပါတယ်။"
စစ်တပ်ရဲ့ လုပ်ရပ်တွေကို လက်ခံလာအောင် ခြိမ်းခြောက်တဲ့ လုပ်ရပ် အကြောက်တရားလွမ်းမိုးအောင် ရက်စက်မှုတွေကြောင့် နိုင်ငံတကာ ဥပဒေအရရော၊ မြန်မာနိုင်ငံအတွင်း ပြဌာန်းထားတဲ့ ဥပဒေအရရော စစ်ကောင်စီဟာ အကြမ်းဖက်အဖွဲ့အစည်း ဖြစ်တယ်ဆိုတာကို နိုင်ငံတကာက လက်ခံဖို့၊ အထူးသဖြင့် ကုလသဂ္ဂ လုံခြုံရေးကောင်စီက လက်ခံ အရေးယူဖို့ လိုအပ်တဲ့အကြောင်း Chris Sidoti ထောက်ပြသွားတာပါ။
မြန်မာစစ်တပ်ဘက်ကတော့ ကုလသမဂ္ဂဘက်က မြန်မာ့အရေး ပြောဆိုချက်တွေဟာ တဘက်သတ် ဘက်လိုက်တဲ့ ကြေညာချက်တွေ ဖြစ်တယ်လို့ တုန့်ပြန်ထားသလို နိုင်ငံတကာ ရေနံ ကုမ္ပဏီကြီးတွေ ထွက်ခွာသွားပေမယ့် မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ စီးပွားရေး ဆက်လုပ်မယ့်အကြောင်း ပြောဆိုထားပါတယ်။
တချိန်ထဲမှာ မြန်မာစစ်တပ်ရဲ့ ဝင်ငွေရနိုင်တဲ့ နည်းလမ်းတွေကို ပိတ်ပင်ဖို့ဆိုရင် နိုင်ငံတကာအနေနဲ့ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ဥရောပ အဖွဲ့ဝင်နိုင်ငံတွေအကြား ဘုံသဘောတူညီတဲ့ စစ်တပ်ရဲ့ ရေနံနဲ့ သဘောဓါငွေ့လုပ်ငန်းတွေကို ပစ်မှတ်ထားအရေးယူမှုတွေ ချမှတ်ဖို့ လိုအပ်နေတယ် လူ့အခွင့်အရေးအဖွဲ့တွေ့လည်း ထောက်ပြနေပါတယ်။
ဒီအချိန်နဲ့ အချိန်ကိုက် စစ်တပ်က အာဏာရယူခဲ့တဲ့ တနှစ်ပြည့်ခါနီးအချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ မြန်မာ့အရေး အထူးအကြံပေးကောင်စီက တိုက်တွန်းသွားတာဖြစ်ပါတယ်။
...........................................................................
Your browser doesn’t support HTML5
(Unicode)