မြန်မာ COVID -19 အတည်ပြုလူနာ ထပ်တိုး

COVID-19 ရောဂါပိုး ပျံ့နှံ့မှု တားဆီးနိုင်ရေး ရန်ကုန်မြို့ရှိ လူနေရပ်ကွက်တခုတွင် ပိုးသတ်ဆေးဖျန်းနေသည့် မြင်ကွင်း။ (ဧပြီ ၁၄၊ ၂၀၂၀)

(Zawgyi / Unicode)

ဧပြီ ၁၉ တနင်္ဂနွေည ၁၁ နာရီခွဲအချိန်ထိ သတင်းထုတ်ပြန်ချက်အရ အခုဆိုရင် မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း ၁၁၁ ဦး ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (ရန်ကုန်) ရဲ့ ဧပြီ ၁၉ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၁၈၁ ဦးအနက် နောက်ထပ် ၃ ဦးဆီမှာ COVID ရောဂါပိုး တွေ့ရှိ အတည်ပြုနိုင်တာကြောင့် လက်ရှိအချိန်ထိ ကူးစက်လူနာပေါင်း ၁၁၁ ဦး ဖြစ်သွားတာပါ။ ကျန်တဲ့ ဓာတ်ခွဲလူနာ ၁၇၈ ယောက်ဆီမှာတော့ ရောဂါပိုး မတွေ့ရဘူးလို့ ကျန်းမာရေးဌာနက ပြောပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဧပြီ ၁၉ ရက် ည ၁၁း၁၅ နာရီ ထုတ်ပြန်ချက်။ (ဓာတ်ပုံ - ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)

လူနာနံပါတ် ၁၀၉ က သင်္ဃန်းကျွန်းမြို့နယ်မှာနေတဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသားဖြစ်ပြီး လူနာနံပါတ် ၁၁၁ ကတော့ လှိုင်သာယာက အသက် ၅၄ နှစ်အရွယ် အမျိုးသမီး ဖြစ်ပါတယ်။ သူတို့ ၂ ဦးစလုံး ခရီးသွားထားတဲ့ မှတ်တမ်းမရှိသလို ကိုဗစ်လူနာ တဦးဦးနဲ့ ထိတွေ့ခဲ့ခြင်းလည်း မရှိပါဘူး။ ဗိုလ်တထောင်မြို့နယ်က အသက် ၆၃ နှစ်အရွယ် လူနာနံပါတ် ၁၁၀ ကသာ ပိုးရှိတဲ့လူနာနဲ့ တွေ့ဆုံခဲ့တာပါ။

ကျန်းမာရေးဌာနရဲ့ တနင်္ဂနွေည အစောပိုင်း သတင်းထုတ်ပြန်ချက်အရပါဆိုရင် ဧပြီ ၁၉ တရက်တည်းမှာတင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၄ ဦး ရှိပါတယ်။ ဒီ ၄ ဦးစလုံးကို တောင်ဥက္ကလာပ အထူးကုဆေးရုံကို ပို့ဆောင် ကုသသွားမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

အခုချိန်ထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကြောင့် သေဆုံးသူ ၅ ယောက်ရှိကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။

မြန်မာနိုင်ငံမှာ အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်ဖြစ်နေတာကြောင့် ဧပြီ ၂၀ တနင်္လာနေ့ကစပြီး လုပ်ငန်းခွင် ပြန်ဝင်ရမယ့်သူတွေ စိုးရိမ်နေကြပါတယ်။ အများသုံး YBS ဘတ်စ်ကားတွေစီးပြီး အလုပ်တက်ရမယ့် သူတွေကတော့ ဒီကားတွေမှာ လက်ဆေးဂျယ်လီတွေ ထားပေးဖို့နဲ့ ကားကို ပိုးသတ် သန့်စင်ပြီးမှ ပြေးဆွဲဖို့ကို လူမှုကွန်ရက် မီဒီယာတွေမှာ တောင်းဆိုနေကြပါတယ်။

ဒီအတောတွင်း စက်ရုံ၊ အလုပ်ရုံတွေဟာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အကြံပြု သတ်မှတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ပြီးမှ လုပ်ငန်းလည်ပတ်ခွင့် ပြုမယ်လို့ အလုပ်သမားနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ဧပြီ ၁၉ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပြီး တကယ်လိုက်နာမှု ရှိမရှိ ဧပြီလ ၂၀ ကနေ ၃၀ အတွင်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြန်မာ COVID -19 အတည်ပြုလူနာ ထပ်တိုး

------------------------------------

(Unicode)







