၂၄ နာရီအတွင်း ကိုဗစ်ဓာတ်ခွဲအတည်ပြု ၁,၅၄၆ ဦး၊ သေဆုံး ၅၂ ဦး

ရန်ကုန် ဧရာဝတီကိုဗစ်စင်တာမှာ ကိုဗစ်လူနာတွေကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဇန်နဝါရီ ၁၄၊ ၂၀၂၁)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့သူဟာ ဓာတ်ခွဲစစ်ဆေးမှုတွေရဲ့ ၁၀ ရာခိုင်နှုန်းအောက် ပမာဏ ဆက်တိုက်ကျဆင်းလာနေချိန်မှာ စစ်ကောင်စီဥက္ကဋ္ဌက ၁၂ နှစ်အထက် ကလေးတွေကိုပါ မကြာခင် ကိုဗစ်ကာကွယ်ဆေး ထိုးပေးမယ်လို့ ပြောလိုက်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌလည်းဖြစ် အိမ်စောင့်အစိုးရရဲ့ ဝန်ကြီးချုပ်လည်းဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီလကုန်မှာ တရုတ်ကလှူမယ့် Sinopharm ကာကွယ်ဆေး ၂ သန်းကို ကျောင်းပြန်မဖွင့်ခင်အမီ ထိုးပေးဖို့ ပြင်နေတယ်လို့ မနေ့က စစ်ကောင်စီအစည်းအဝေးမှာ ပြောလိုက်တာပါ။

မြန်မာနိုင်ငံမှာ လက်ရှိအားဖြင့် ကိုဗစ်ကာကွယ်ဆေးတွေကို အသက် ၆၅ နှစ်အထက်နဲ့ ဘဏ်နဲ့ ကျန်းမာရေးလိုမျိုး မဖြစ်မနေ အရေးပေါ်လိုအပ်တဲ့ လုပ်ငန်းပိုင်းက ဝန်ထမ်းတွေကိုပဲ ထိုးပေးနိုင်သေးတာပါ။

ကျောင်းတွေဘယ်တော့ပြန်ဖွင့်မှာ အတိအကျ မပြောခဲ့ပေမယ့် COVID-19 ကူးစက်မှု ၅ ရာခိုင်နှုန်းအောက် ကျလာမှသာ စိတ်ချရမှာမို့ စာသင်ကျောင်းတွေကို နောက်လ အောက်တိုဘ ၂၄ ရက်အထိ ဆက်ပိတ်ထားမယ်လို့တော့ ဗိုလ်ချုပ်မှူးကြီးက ပြောခဲ့ပါတယ်။

ကိုဗစ်တတိယလှိုင်းစခဲ့ချိန် ဇွန်လဆန်းမှာ စစ်ကောင်စီခေါင်းဆောင်အနေနဲ့ ကျောင်းတွေ အတင်းပြန်ဖွင့်ခဲ့ပြီး ကူးစက်မှု များလာခဲ့တာကြောင့် ဇူလိုင်လလယ်တည်းက ပြန်ပိတ်ခဲ့တာပါ။

အခုလိုအချိန်မှာ စစ်ကိုင်းတိုင်းက စစ်ကိုင်း၊ ကလေး၊ တမူး၊ ပဲခူးတိုင်းက ပဲခူးနဲ့ ဖြူး၊ နောက် ဧရာဝတီတိုင်းက မြောင်းမြ စုစုပေါင်း ၆ မြို့နယ်ကို Stay Home အိမ်မှာနေရေး ကန့်သတ်ချက်ကနေ မနက်ဖြန်ကစ ပယ်ဖျက်လိုက်တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ဆိုပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဒီနေ့ထုတ်ပြန်ချက်အရ ဒီနေ့ ကိုဗစ် ဓာတ်ခွဲစမ်းသပ်မှု ၁၈,၁၃၃ ခု လုပ်ခဲ့ရာမှာ ကိုဗစ်ပိုးတွေ့သူသစ် ၁,၅၄၆ ဦးရှိပြီး ပိုးတွေ့သူ ၈.၅၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ သေဆုံးသူကတော့ ၅၂ ဦးအဖြစ် ၃.၈၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

ဒီညအထိဆိုရင် COVID-19 စုစုပေါင်း ပိုးတွေ့သူ ၄၅၆,၆၂၀၊ ဆေးရုံဆင်းသူ ၄၁၀,၀၃၃ နဲ့ သေဆုံးသူပေါင်း ၁၇,၄၆၅ ရှိလာနေပါပြီ။

ဒါပေမယ့် ကျန်းမာရေးလုပ်သားတွေနဲ့ ပရဟိတ ကူညီသူတွေကတော့ ကိုဗစ်တတိယလှိုင်းအတွင်း တကယ်သေဆုံးသူက အခု တရားဝင်ထုတ်ပြန်တာထက် ပိုများနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Your browser doesn’t support HTML5

၂၄ နာရီအတွင်း ကိုဗစ်ဓာတ်ခွဲအတည်ပြု ၁,၅၄၆ ဦး၊ သေဆုံး ၅၂ ဦး

----------------------

(Unicode)









