(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် ၆၃ ယောက် ထပ်ပြီး တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက စက်တင်ဘာလ ၃ ရက် ကြာသပတေးနေ့ မနက် ၈ နာရီမှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ဒါဟာ ဗုဒ္ဓဟူးနေ့ အတွက် ဒုတိယအသုတ် စစ်ဆေးတဲ့ ဓါတ်ခွဲနမူနာ ၁၁၄၄ ခုမှာ အတည်ပြု လူနာသစ် ၆၃ ဦးတွေ့ခဲ့တာပါ။
ရန်ကုန်တိုင်းမှာ ၃၆ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်က ၂၄ ဦးနဲ့ ဒုတိယ အများဆုံးဖြစ်ပြီး နောက် ၃ ဦးကတော့ လယ်ဝေး၊ စစ်တွေနဲ့ ကလောက တဦးစီ ဖြစ်ပါတယ်။ သူတို့ထဲက ၂၁ ဦးက ပြည်ပက ပြန်လာသူဖြစ်ပြီး ၃ ဦးက ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့သူတွေ ဖြစ်ကြောင်း ထုတ်ပြန်ထားတာပါ။
ဒီမနက် သတင်းထုတ်ပြန်ချက်ကြောင့် အခုဆို မြန်မာနိုင်ငံမှာ ဒီရောဂါ အကူးစက်ခံရသူ စုစုပေါင်း ၁၀၅၈ ယောက်ရှိသွားပြီဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ အထိ သေဆုံးသူက ၆ ဦး ရှိနေသလို ကုသမှုခံယူပြီး ရောဂါပိုး ကင်းစင်လာသူက ၃၅၉ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာပါ။
အခုနောက်ဆုံး ဒီ Quarantine အသွားအလာကန့်သတ်ထားတဲ့ စခန်းပေါင်း ၂၄၀၀ ကျော် ထဲမှာ အသွားအလာ ကန့်သတ်ထားရသူပေါင်း ၂၂၀၀၀ ကျော် အထိရှိနေပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက မနေ့ကလုပ်တဲ့ ကိုဗစ်အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အသွားအလာ ကန့်သတ်တဲ့ Quarantine ဝင်ရမယ့်သူ အရေအတွက် ရုတ်တရက် များလာသလို ရခိုင်ခရီးသွားရာဇဝင်ရှိသူ အများစုက Quarantine ဝင်ဖို့ ပျက်ကွက်တာတွေကြောင့် ဒီကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ကျန်းမာရေးဝန်ထမ်းတွေက စိုးရိမ်နေတာ ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းနေပါတယ်။
..................
(Unicode)