(Zawgyi/Unicode)
လက်လီ အရောင်းဆိုင် လုပ်ငန်းရှင်တွေနဲ့ အသေးစား အလတ်စား လုပ်ငန်းရှင်တွေ အတွက် ချေးငွေ ရရှိနိုင်ရေး အစိုးရ ဘက်က ပြန်လည် သုံးသပ် စိစစ်မယ့် အကြောင်းကို မ သိင်္ဂ ီထိုက် တင်ပြပေးမှာပါ။
COVID-19 ကာလ အစိုးရရဲ့ စီးပွားရေး ပြန်လည် ဦးမော့ရေး အကူအညီပေးတဲ့ ချေးငွေ အစီအစဉ်တွေမှာရော၊ ပုဂ္ဂလိက ဘဏ်တွေက စီမံခန့်ခွဲနေတဲ့ JICA - ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ချေးငွေ အစီအစဉ်တွေမှာရော အသေးစား အလတ်စား လုပ်ငန်းတွေ၊ လက်လီ လုပ်ငန်းတွေ ချေးငွေရဖို့က မလွယ်ပါဘူး။
အင်္ဂါနေ့က လုပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အစိုးရ တာဝန်ရှိသူတွေကြား ဆွေးနွေးမှု အတွင်းမှာတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်လီအရောင်းဆိုင် လုပ်ငန်းရှင်တွေ၊ နောက် အသေးစား အလတ်စား လုပ်ငန်းရှင်တွေ ချေးငွေ ရရှိနိုင်ရေး ပြန်လည် သုံးသပ်မယ်လို့ ကတိပြုသွားပါတယ်။
“ မိရိုးဖလာ လုပ်ငန်းတွေ အတွက် ငွေရေး ကြေးရေး ချေးပေးတဲ့ နေရာမှာ လက်လီလုပ်စားတဲ့ သူတွေ အတွက် ပိုပြီး လွယ်ကူအောင် လုပ်ပေးပါ ဆိုတာတော့ အဲဒါတော့ ကြည့်ပေးပါမယ်။”
COVID 19 ကြောင့် ကုန်သွယ်မှု အပေါ် သက်ရောက်မှုတွေကို ရုပ်သံကနေ ဆွေးနွေးခဲ့ကြတာမှာ City Mart ရဲ့ MD ဒေါ်ဝင်းဝင်းတင့်က လက်ရှိ လက်လီလုပ်ငန်းရှင်တွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ထောက်ပြခဲ့ပါတယ်။
“ ငွေကြေး အရင်းအနှီး ရရှိဖို့ အတွက် ခက်ခဲတာ၊ နောက် နည်းပညာ ရရှိဖို့ ခက်ခဲတာ၊ ဈေးကွက်ဝေစု ရဖို့ ခက်ခဲတာ ဆိုပြီးတော့ ကျမတို့ အဲဒါတွေ အမြဲတမ်း ကြားသိရပါတယ်။ ”
နောက် အစိုးရရဲ့ ချေးငွေ ရရေးမှာလည်း ကန့်သတ်ချက်တွေ များတဲ့ အပြင် ပုဂ္ဂလိက ဘဏ်တွေ စီမံခန့်ခွဲတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ချေးငွေကလည်း လုပ်ငန်းကြီးတွေကဘဲ ရယူနေတယ်လို့ Jumjel စားသောက်ကုန်ထုတ် လုပ်ငန်းရှင် ဒေါ်သက်စုဌေးက ပြောပါတယ်။
“ တကယ့် SME လုပ်နေတဲ့ လုပ်ငန်းရှင် အသေးလေးတွေမှာကျတော့ ဘယ်လိုမှကို Two Steps loan ကို မျှော်မှန်းလို့ မရတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။ တကယ် ချေးငွေ ရတဲ့ လုပ်ငန်းတွေကျ တကယ် လုပ်ငန်း ခိုင်ခိုင်မာမာ ရှိနေတဲ့ လုပ်ငန်းကြီးတွေဘဲ ရပြီးတော့ တကယ့် လုပ်ငန်းသေးလေးတွေမှာ ကျတော့ မျှော်မှန်းလို့ မရတဲ့ အနေအထားနဲ့ ကြုံတွေ့နေရပါတယ်ရှင့်။ ”
ပုဂ္ဂလိက ဘဏ်တွေက စီမံခန့်ခွဲနေတဲ့ အသေးစား အလတ်စား ချေးငွေတွေနဲ့ ပတ်သက်လို့တော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တစုံတရာ မှတ်ချက် မပေးပါဘူး။
မြန်မာ့ ပြည်တွင်း ထုတ်ကုန်တွေမှာ ကျန်းမာရေး အရ ဘေးကင်းကြောင်း ထောက်ခံချက်ရဖို့ကလည်း မလွယ်ကူပါဘူး။ စားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှု ဌာန FDA ထောက်ခံချက် ရဖို့အတွက်ရော ကိုယ်ပိုင် အိမ်ခြံမြေ အဆောက်အအုံ ခိုင်ခိုင်မာမာ ရှိရမယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် ပြည်တွင်းထုတ်ကုန် အတော်များများ FDA ထောက်ခံချက် ရဖို့ အခက်တွေ့နေတာပါ။
ပြည်တွင်း ထုတ်ကုန်တွေမှာ FDA ထောက်ခံချက် မရရင် ဈေးကွက်တင်ဖို့ အခက်တွေ့တယ်ဆိုတာကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဒုတိယ ဝန်ကြီး ဦးအောင်ထူးကလည်း ထောက်ခံပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ ကုန်ပစ္စည်း အရည်အသွေးပိုင်း ဆိုင်ရာ တင်းကြပ် စစ်ဆေးမှုတွေကို သဘောတူပေမယ့်လည်း မြေနေရာ အဆောက်အအုံ ပိုင်ဆိုင်မှုပြမှ FDA ရမယ်ဆိုတဲ့ အချက်ကို ပြန်လည် သုံးသပ်မယ်လို့ ကတိပြုသွားပါတယ်။
Your browser doesn’t support HTML5
...............
(Unicode)