အဂတိလိုက်စားမှုတိုက်ဖျက်ရေး အကောင်အထည်ဖေါ်နိုင်ဖို့ အလားအလာ

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ပြန်ကြားရေးလုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင် ဦးဟန်ညွန့်

မြန်မာနိုင်ငံမှာ သမ္မတသစ် ဦးဝင်းမြင့်က နိုင်ငံတွင်း အဂတိလိုက်စားမှုကို သေချာတိုက်ဖျက်သွားမယ်လို့ ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်းပြောဆို သွားပေမယ့် ဒါကိုလက်တွေ့ အကောင်အထည်ဖော်နိုင် ပါ့မလားဆိုတာတော့ စောင့်ကြည့်ရမယ်လို့ မြန်မာနိုင်ငံ စားသုံးသူများအသင်း တာဝန်ရှိသူက ပြောသွားပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကလည်း နေပြည်တော်မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး အဂတိလိုက်စားမှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်ရေး ဆောင်ရွက်နေပြီလို့ ပြောဆိုခဲ့တာပါ။ အသေးစိတ်ကို မဆုမွန် ဆက်ပြီးတင်ပြပေးပါမယ်။

မနေ့မတ်လ ၃၀ရက်နေ့ သောကြာနေ့ နေပြည်တော်က ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပတဲ့ ကတိသစ္စာပြုပွဲ အခမ်းအနားမှာတော့ သမ္မတသစ် ဦးဝင်းမြင့်က နိုင်ငံသူနိုင်ငံသားတွေရဲ့ စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် ကြိုးပမ်းဖို့နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအချက်ကို အဓိကထား ထည့်သွင်းပြောဆို ထားပါတယ်။

“ အဂတိလိုက်စားမှုကို ပိုမို တိုက်ဖျက်ရပါလိမ့်မယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်း လှိုက်စားနေတဲ့ အဂတိလိုက်စားမှုတွေကို စနစ်တကျ တိုက်ဖျက်သွားပြီး ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေရဲ့ စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။”

ဒီကနေ့နေပြည်တော်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှာလည်း သတင်းစာရှင်းလင်းပွဲ ကျင်းပပြီးတော့ ကော်မရှင်အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း နေတဲ့အကြောင်း သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားလာတဲ့ ပြည်သူတွေဆီက တိုင်စာတွေကို မတ်လကစပြီး တိုင်ကြားသူတွေဆီ အကြောင်းပြန်ကြားတာ စုံစမ်းစစ်ဆေးတာ လုပ်ပြီးတော့ အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်ပြီး တိုင်ကြားခံရတဲ့ သက်ဆိုင်ရာ ဌာနတွေဆီကို လွှဲပြောင်းပြီးတော့ အရေးယူဆောင်ရွက် နေတဲ့အကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ ပြန်ကြားရေး လုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင် ဦးဟန်ညွန့်က အခုလိုရှင်းပြပါတယ်။

“ ပြည်သူအများစုဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ ကော်မရှင်ကို အားကိုးအားထားတဲ့ တိုင်စာများ ပေးပို့လျက် ရှိပါတယ်။ ဒီလိုပေးပို့တဲ့ တိုင်စာဟာ ကျနော်တို့ရဲ့ရုံးကို ရောက်ရဲ့လား ရောက်လား။၊ အားကိုးတကြီးနဲ့တိုင်တဲ့ တိုင်စာ တရားဝင် ရောက်မလာဘူး ဆိုရင် ဘာမှကျနော်တို့ လုပ်လို့မရပါဘူး။ အားလုံးတော့ စုံပါရဲ့ .. လက်မှတ်ရော ရေးထိုးထားရဲ့လား၊ တချို့က အားလုံးတော့ စုံတယ်၊ ဒါပေမဲ့ တိုင်တဲ့သူရဲ့လက်မှတ် ထိုးမထားဘူးဆိုရင် တိုင်စာက အင်္ဂါရပ်နဲ့ မပြည့်စုံတော့ပါဘူး။ ဒါ့ကြောင့် အဲဒါတွေကို ကျနော်တို့ စိုးရိမ်ပါတယ်။”

အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံကို လူထုကို အကျင့်ပျက် ခြစားမှုတွေကိုသိရှိရင် ကိုယ်တိုင် တွေ့ကြုံရရင် တိုင်စာတွေကို သက်သေ အထောက်အထားတွေနဲ့ စနစ်တကျ တိုင်ကြားရမယ်လို့အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ပြန်ကြားရေးအဖွဲ့ဝင် ဦးခင်မောင်မြင့်ကလည်း ပြောပါတယ်။

“ တိုင်ကြားစာထဲမှာ အဂတိ ဘယ်လို လိုက်စားသလဲ၊ လုပ်ပိုင်ခွင့်ကို အကြောင်းပြုပြီးတော့ ငွေ ဘယ်လိုတောင်းသလဲ၊ ဘယ်လို ပေးရသလဲ ၊ ဘယ်လောက် ပေးရသလဲ၊ သက်သေ ဘယ်သူ့ဆီမှာ ပေးရသလဲ၊ ပေးစဉ်က ဘယ်သူ ပါသလဲ၊ ငွေအရေအတွက်က ဘယ်လောက်ပေးရသလဲ၊ ဘာကိစ္စကို အကြောင်းပြုပြီး တောင်းဆိုသလဲ …ဆိုတဲ့ အကြောင်းအချက်အလက်တွေကို ရနိုင်သမျှ မှတ်သားပြီးတော့ တိုင်စာထဲမှာ ဖေါ်ပြ နိုင်ပါတယ်။ ထို့အတူပဲ ဖုန်းများနဲ့ ဗွီဒီယိုမှတ်တမ်းများ အသံဖိုင်များကို မိတ္တူတင်ပြနိုင်ပါတယ်။”

သမ္မတသစ်ကလည်း လူ့အဖွဲ့အစည်းအတွင်း လှိုက်စားနေတဲ့ အဂတိလိုက်စားမှုကို စနစ်တကျ တိုက်ဖျက်မယ်လို့ ပြောဆိုထားတယ်။ ကော်မရှင်ဘက်ကလည်း အရေးယူဆောင်ရွက်နိုင်အောင် ကြိုးပမ်းမယ်ဆိုပြီး ဆက်တိုက်ဆိုသလို ပြောဆိုလာတာကြောင့် အဂတိ လိုက်စားမှုကို ပြင်းပြင်းထန်ထန် ကိုင်တွယ်နိုင်ခြေရှိပေမဲ့ တကယ့်လက်တွေ့ကတော့ အပြောနဲ့ ထပ်တူကျပါ့မလား ဆိုပြီးတော့ အကဲခတ်တွေ ဘက်က ပြောနေပါတယ်။ မြန်မာနိုင်ငံစားသုံးသူများ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဘအုပ်ခိုင်ရဲ့အမြင်ကတော့-

“ အဲဒါကတော့ ကျနော်တို့က စောင့်ကြည့်ရမယ့် အနေအထားပေါ့နော်။ ဘာဖြစ်လို့လည်းဆိုတော့ ခု NLDအစိုးရ စတက်လာတဲ့ အချိန်မှာ သူက ဒီ အဂတိလိုက်စားမှု ပပျောက်အောင်လုပ်မယ်၊ ဥပဒေစိုးမိုးအောင် လုပ်မယ် ဆိုပြီးတော့ ကြွေးကြော်ပြီး တက်လာတာလေ။ ဒါပေမယ့် လက်တွေ့မှာ ဌာနဆိုင်ရာတွေက အရင်အတိုင်းပဲ … အဂတိလိုက်စားမှု- ပြည်သူတွေဆီက လဘ်တောင်းမြဲပဲ၊ ပြည်သူပိုင် ပစ္စည်းတွေ အလွဲသုံးစား လုပ်လို့ရတဲ့ ဌာနတွေကလည်း လုပ်တုန်းပဲ၊ ဘာမှ လျော့သွားတာကို မတွေ့ရဘူး။ မဲဆွယ်တဲ့အချိန် တက်ခါစအချိန်တုန်းက ပြောခဲ့တာနဲ့လည်း မညီသေးဘူးပေါ့။ အခုဟာကတော့ သမ္မတကလည်း အသစ်ဖြစ်တယ်။ အဂတိလိုက်စားမှုကို တိုက်ဖျက်မယ်လို့ သမ္မတသစ်ရဲ့ မိန့်ခွန်းထဲမှာလဲ ပြောတာတွေ့ရတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကလည်း ဥက္ကဋ္ဌက အသစ်ဖြစ်နေတယ်။ အဲဒီတော့ နှစ်ခုစလုံးက အသစ်ဆိုတော့ တကယ်ထိရောက်အောင် လုပ်နိုင်/မလုပ်နိုင် ဆိုတာကို စောင့်ကြည့်ရမယ်။ အဂတိလိုက်စားမှုလုပ်တဲ့ အရာထမ်းတွေကိုတော့ ပြတ်ပြတ်သားသား အရေးယူဖို့ လိုလိမ့်မယ်လို့ အခုတက်လာတဲ့ သမ္မတသစ်ကို ပြည်သူ သန်း ၅၀ကျော်ရဲ့ကိုယ်စား ကျနော်တို့က တိုက်တွန်းလိုပါတယ်။”

သန့်ရှင်းတဲ့အစိုးရ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်ဖို့ အဂတိလိုက်စားမှု ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့ဆိုပြီး ပြည်ထောင်စု စာရင်းစစ်ရုံး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးနဲ့ ရှေ့နေတွေ ပါဝင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၇ခုနှစ် နိုဝင်ဘာလက သမ္မတဦးထင်ကျော် အမိန့်နဲ့ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကောင်အထည်ဖေါ်နိုင်ဖို့ အလေးထား