အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပြင်ဆင်ချက် လွှတ်တော်အတည်ပြု

စတုတ္ထ အကြိမ် ပြင်ဆင်လိုက်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကိုဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ အ တည် ပြုလိုက်ပါ တယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အရှိန်အဟုန်မြင့်လုပ်ဆောင်လာတဲ့ NLD အစိုးရလက်ထက်မှာ ဒီဥပဒေကို ပြန်လည်ပြင်ဆင်တာဖြစ်ပါတယ်။ ပြင်ဆင်လိုက်တဲ့ ဥပဒေကကော တကယ်ဘဲ အဂတိလိုက်စား မှုကို အရေးယူနိုင်မယ့် ဥပဒေလားဆိုတာ မေးခွန်းထုတ်မှုတွေရှိနေသလို လက်ရှိ အဂတိလိုက်စားမှုကော်မရှင် ရဲ့လုပ် ဆောင်မှုတွေအပေါ် သုံးသပ်သူအချို့ကတော့ မေးခွန်းတွေထုတ်နေတာရှိပါတယ်။ ဒီသတင်းကိုမေခက စုစည်းတင်ပြ ထားတာပါ။

ဒီကနေ့ ပြည်ထောင်စုလွှတ်တော်က ဒီဥပဒေကို အတည်ပြုလိုက်တာဖြစ်ပါတယ်။ ဒီလိုအတည်ပြုလိုက်ပြီ ဖြစ်တာ ကြောင့် မကြာခင်မှာ ဒီဥပဒေနဲ့ အဂတိလိုက်စားမှုတွေကို အရေးယူနိုင်တော့မှာပါ။စတုတ္ထအကြိမ်မြောက်ပြင်ဆင်တဲ့ ဒီဥပဒေကြမ်းမှာ ငွေပေးငွေယူလုပ်တာအပြင် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေကို လုပ်ထုံးလုပ်နည်းနဲ့မညီဘဲလုပ်တာ ဆုံးရှုံးစေတာတွေကိုပါအဂတိလိုက်စားမှုအနေနဲ့ အရေးယူနိုင် တယ်ဆိုတဲ့ အချက်ပါသလို တိုင်ကြားသူမရှိလဲ ကျော်ဇောသတင်းထွက်နေရင် စိစစ်အရေးယူနိုင်တယ်ဆိုတဲ့ အချက်တွေ ဖြည့်ထားတာကြောင့် အဂတိလိုက်စားမှုကို အရင်ကထက် ပိုပြီး အရေးယူနိုင်မယ်လို့ အဂတိလိုက်စားမှုကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က ဒီဥပဒေကိုလွှတ် တော်မှာတင်သွင်းချိန်မှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းက NLD အစိုးရက ပါတီဝင် ဝန်ကြီးတွေအနက် တဦးဖြစ်တဲ့ ဘဏ္ဍာ အခွန်ဝန်ကြီးဟောင်း ကို အဂတိလိုက်စားမှု ဥပဒေနဲ့ ပထမ ဆုံးအကြိမ် စုံစမ်းစစ်ဆေးခဲ့တာမှာ အဂတိလိုက်စားခဲ့မှု ကိုတိကျစွာဖော်ထုတ် နိုင်တဲ့ သက်သေမရှိလို့ အရေးမယူနိုင်ခဲ့တဲ့အပေါ် ကော်မရှင်ကိုကော တည်ဆဲ ဥပဒေအပေါ်မှာကော ဝေဖန်မှုတွေ မြင့် တက်လာခဲ့ပါတယ်။

လက်ရှိ ဒီဥပဒေနဲ့ပတ်သတ်လို့နိုင်ငံရေး၊ စီးပွားရေးလေ့လာသုံးသပ်သူ ဦးမင်းခင်ကတော့ ကော်မရှင်ဟာ ပြည်သူတွေအားကိုးနိုင်တဲ့ ကော်မရှင်တခု မဟုတ်သေးဘူးလို့ အခုလိုဝေဖန်လိုက်သလို လက်ရှိ ဥပဒေနဲ့ပတ်သတ်လို့ သူက

"တောက်လျောက်အစိုးရအဆက်ဆက်မှာ အဂတိနဲ့ ကြီးပွားချမ်းသာနေတဲ့ဟာတွေက အများပြည်သူ မြင်နေ သိနေတာတွေရှိတယ်။ ဒါမျိုးတွေကို ပြုပြင်ပြောင်းလဲရေး တစိတ်တပိုင်းအနေနဲ့ ပြုပြင်ဖို့လိုတယ်။ အဲဒါကို စောင့်ကြည့်ရဦးမယ်။ လက်ရှိ ဥပဒေပြင်ဆင်ချက်အနေနဲ့ကတော့ ကြိုဆိုစရာပါပဲ ဒါကတော့။"

ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းကတော့ လက်ရှိ ဥပဒေက ပြည်သူတွေစိတ်ဝင် စားသလို ငါးကြီးကြီးဖမ်းပေးနိုင်မယ့် ဥပဒေဟုတ်မဟုတ်ဆိူတာကိုဥပဒေအပေါ် အခုလိုသုံးသပ်သွားပါတယ်။

"ဥပဒေက ပြဌာန်းထားတဲ့ ယေဘုယျ ပြဌာန်းချက်တွေကို ကော်မရှင်က အလုံးစုံ ၁၀၀ ရာခိုင်နှုန်းမလိုက်နာနိုင်သေးတာတွေ၊ မဆောင်ရွက်နိုင်သေးတာတွေ အများကြီးရှိတယ်။ ငါးကြီးကြီးဖမ်းနိုင်သလားဆိုတာက အချုပ်ပြောရမယ်ဆိုရင် ဥပဒေပြင်ဆင်ပြောင်းလဲဖို့ထက် ပိုပြီးအရေးကြီးတာက ကော်မရှင်အနေနဲ့ နိုင်ငံရေးအရ ဘယ်လောက်လွတ်လပ်သလဲ၊ ဘယ်လောက်အထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အကြောက်တရားကင်းကင်းနဲ့ လုပ်ဆောင်နေသလဲဆိုတဲ့အပေါ်မှာ မူတည်နေတာပေါ့နော်။"

လက်ရှိမှာ အဂတိလိုက်စားမှုဖြင့် စွပ်စွဲခံရသော ဝန်ကြီး အချို့ရှိခဲ့ပေမယ့် ရာထူးမှ နုတ်ထွက်ခွင့်ပြုတာ လောက်နဲ့ ပြီးစီးသွားတာမျိုး သာ ဖြစ်နေတဲ့ အပေါ် နိုင်ငံရေးလေ့လာသူတွေက ထောက်ပြဝေဖန်မှုတွေရှိနေကြတာဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းကတော့ အဂတိလိုက်စားမှုနဲ့ပတ်သတ်လို့ လက်ရှိ အာဏာရအစိုးရ NLD ရဲ့ လုပ်ဆောင်မှုနဲ့ပတ်သတ်လို့

"အရင်အစိုးရလက်ထက်နဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ အဂတိလိုက်စားမှုက အတန်အသင့် လျော့လာတယ်လို့တော့ ပြောလို့ရတယ်။ သို့သော်လည်း တကယ်တမ်းပြောမယ်ဆိုရင်တော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ပေါ့လေ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖော်ဆောင်နိုင်တဲ့အပိုင်းမှာတော့ သိပ်ပြီးတော့ အားရစရာမရှိဘူးလို့ မြင်တယ်။ နောက်ပြီးတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာ အရေးကြီးတာက ယင်ကောင်တွေလောက်ကို ဖမ်းပြနေလို့မရဘူး။ ကျနော်တို့ ကျားတွေကို ဖမ်းပြဖို့ လိုအပ်တယ်လို့ မြင်တယ်။"

လက်ရှိ အဂတိလိုက်စားမှု ကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့ထားပြီး ကော်မရှင်ဥက္ကဌ အနေနဲ့ ဝန်ကြီးဟောင်းတဦးဖြစ် ဦးအောင်ကြည်က တာဝန်ယူထားပါတယ်။ ကော်မရှင်ကို ရောက်လာတဲ့ တိုင်စာအများစုက လက်ရှိ ဒီဥပဒေနဲ့အရေး မယူနိုင်တဲ့အမှုတွေ အများစုဖြစ်နေတယ် လို့လည်း ကော်မရှင်ကဆိုထားပါတယ်။ အရေးမယူနိုင်တဲ့ တိုင်ကြားစာ တွေဟာ စုစုပေါင်း တိုင်ကြားစာတွေရဲ့ ၇၀ ရာခိုင်နှုန်းနီးပါးရှိနေတယ်လို့ ဆိုထားပါတယ်။

Your browser doesn’t support HTML5

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပြင်ဆင်ချက် လွှတ်တော်အတည်ပြု