NSCN-K နာဂဌာနချုပ် မြန်မာတပ်ထိန်းချုပ်

NSCN ဥက္ကဌ SS Khaplang

စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ တကား ကျေးရွာ အနီးက နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ NSCN-K ဌာနချုပ် စခန်းကို မြန်မာ စစ်တပ်က သိမ်းပိုက်ထားပြီး သူပုန်တွေကို အိန္ဒိယဘက် တိုက်ထုတ်လိုက်ပြီလို့ အိန္ဒိယ သတင်းတရပ်မှာ ဖော်ပြထားပါတယ်။

မြန်မာ စစ်တပ်က တပ်ဖွဲ့ဝင် အင်အား ၅၀၀ ကျော်နဲ့ အိန္ဒိယ သူပုန်အုပ်စု ပုန်းအောင်းနေရာ နေရာကို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး NSCN – K ဌာနချုပ်ကို ပြီးခဲ့တဲ့ သတင်းပတ် အတွင်း သိမ်းပိုက်ခဲ့တာလို့ Deccan Chronicle သတင်းဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယ သူပုန် အဖွဲ့ ဖြစ်တဲ့ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ NSCN-K အဖွဲ့ စခန်းတွေထဲက နိုင်ငံသား မဟုတ်သူတွေ၊ သူပုန်တွေကို လက်ခံမထားဖို့ မြန်မာ စစ်တပ်ရဲ့ ညွှန်ကြားချက်ကို မလိုက်နာခဲ့တဲ့ အတွက် အခုလို သိမ်းပိုက်ခဲ့တာ ဖြစ်တယ်လို့ လုံခြုံရေးဆိုင်ရာ အာဏာပိုင် သတင်းရင်းမြစ်တွေကို ကိုးကားပြီး Deccan Chronicle မှာ ဖော်ပြထားပါတယ်။

မြန်မာဘက်က လက်နက် ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်း ရမိကြောင်းလည်း ဖော်ပြပါတယ်။ နာဂ သူပုန် အဖွဲ့ကို အိန္ဒိယဘက် ပြန်သွားဖို့ကိုသာ မြန်မာ စစ်တပ်က ညွှန်ကြား ပြောဆိုခဲ့ပြီး သူပုန်တွေကို စစ်ရေး အရ တိုက်ခိုက်ခဲ့တာမျိုး မရှိဘူးလို့လည်း လုံခြုံရေး သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။

အိန္ဒိယ နိုင်ငံ အရှေ့မြောက်ဘက်က သူပုန်အဖွဲ့တွေက မြန်မာနိုင်ငံထဲမှာ အခြေချပြီး NSCN – K စခန်းတွေကို သုံးနေကြတယ်၊ မြန်မာဘက်မှာ အိန္ဒိယ သူပုန် အနည်းဆုံး ၂ ထောင်လောက် ရှိမယ်လို့လည်း လုံခြုံရေး အေဂျင်စီတွေက ယူဆထားကြပါတယ်။

Your browser doesn’t support HTML5

NSCN-K နာဂဌာနချုပ် မြန်မာတပ်ထိန်းချုပ်