၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ကော်မတီထဲကနေ ကော်မတီဝင်နှစ်ဦး ထပ်ပြီး နုတ်ထွက်သွားပါပြီ။ တနင်္လာနေ့က ပထမကော်မတီဝင်တဦး နုတ်ထွက်ပြီးတဲ့နောက် ရခိုင် အမျိုးသားပါတီ ANP က လွှတ်တော်ကိုယ်စားလှယ် ကော်မတီဝင်နှစ်ဦး ထပ်ပြီး နုတ်ထွက်တာပါ။ သူတို့အကြောင်းပြချက်ကတော့ အခြေခံဥပဒေပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ပြုစုတာ မှာ တိုင်းရင်းသားပါတီတွေရဲ့သဘောထားကို မထင်ဟပ်နိုင်ဘူးဆိုတာပဲဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မမေခက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
ပြင်ဆင်ရန်အဆိုပြုချက် (၈၀၀) ကျော်နဲ့ ဒုတိယအများဆုံးတင်သွင်းထားတဲ့ ရခိုင်အမျိုး သား ပါတီ (ANP) က ကော်မီတီဝင် ၂ ဦး ဒီကနေ့မှာ နုတ်ထွက်စာ တင်သွင်းလိုက်တာပါ။ သူတို့ပါတီကိုယ်စားပြု ကော်မီတီဝင် လွှွတ်တော်အမတ် ၂ ဦး နုတ်ထွက်ရတာနဲ့ပတ်သတ်လို့ ၄၅ဦးကော်မတီဝင်လည်းဖြစ် ရခိုင်အမျိုးသားပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးမြင့်နိုင်က အခုလို ပြောပါတယ်။
“သူတို့က အစုအဖွဲ့လိုက်နဲ့ အဲမှာပါတာ ၁၆ဖွဲ့ရှိတယ်။ အဲဒီအထဲမှာ ကိုယ်စားလှယ်အများစုပါတဲ့ NLD တမဲဘဲပေး ကျနော်တို့ရှိတဲ့ ပါတီကလည်း တမဲဘဲပေးလုပ်ပေးပါဆိုတာကို ကျနော်တို့ တင်တယ်။ ကျနော်တို့ တင်တာ မရတဲ့အခါကျတော့ ကျနော်တို့ ဒီအတိုင်းပဲသွားမယ်ဆိုပြီး စဆွေးနွေးပါတယ်။
တိုင်းရင်းသားတွေပြောတာတွေလည်း တချက်မှမပါလာဘူး။ NLD က မူလအတိုင်းဆိုရင်လည်း မူလအတိုင်းဖြစ်တယ်။ NLD ကတင်တဲ့အချက်ဆိုရင်လည်း တင်တဲ့အချက်ဖြစ်လာတယ်။ အဲဒီတော့ ကျနော်တို့ သုံးသပ်မိတာတော့ ကျနော်တို့ တင်တဲ့အချက်တွေက ဒီအတိုင်းတင်တယ်ဆိုရင် တချက်မှ ရလာမှာမဟုတ်ဘူး ၈၅၁ ချက်မှာ။ အဲဒါကို ကျနော်တို့က ပါတီကို တင်ပြတယ် ။ ပါတီအကြီးအကဲတွေက ဆုံးဖြတ်ပြီး ဒါဆိုရင် ရှေ့ဆက်မသွားသင့်ဘူးဆိုတာကို နှုတ်ထွက်သင့်တယ်ဆိုပြီး သဘောထားပေးလို့ ကျနော်တို့ နှုတ်ထွက် ရတာဖြစ်ပါတယ်ခင်ဗျ။”
လက်ရှိအခြေအနေအရ NLD ပါတီက တင်သွင်းထားတဲ့ အကြံပြုချက်တွေကိုသာ မူကြမ်းမှာ ထည့်သွင်းဖို့ အတည် ပြုနိုင်တာပါ။ ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မီတီမှာ NLD ပါတီက ကိုယ်စားလှယ် အများစုပါဝင်တာကြောင့် တိုင်းရင်းသားပါတီတွေနဲ့ တခြားပါတီတွေက တင်သွင်းလာတဲ့ NLD က သေဘာမတူတဲ့ အဆိုပြုချက်တွေကို အတည်ပြုနိုင်ဖို့ အခက်အခဲ ရှိနေတာပါ။
ဒီအပေါ်အချိုးကျ မဲပေး နိုင်ဖို့ အစုအဖွဲ့ တခုမှာတယောက်နှုန်းသာ မဲပေးဖို့ ရခိုင်ပါတီဘက်က တင်ပြခဲ့တာမှာ အဆင်မပြေဖြစ်ပြီး အခုလိုရခိုင်ပါတီဘက်က နုတ်ထွက်တာလို့ ဆိုပါတယ်။
မနေ့ကနုတ်ထွက်တဲ့ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးစိန်ဝင်းကတော့ ကော်မတီ အစည်းအဝေးအတွင်း မဲခွဲဆုံးဖြတ်ဆောင်ရွက်တာမှာ လျှို့ ဝှက်မဲပေးစနစ် အသုံးမပြုလို့ဆိုပြီး နုတ်ထွက်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းဟာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး မအူပင်မဲဆန္ဒနယ်က ရွေးကောက်ခံခဲ့ရတာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ ပါတီက နုတ်ထွက်ပြီး သီးခြားပါတီတခုကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။
၄၅ဦးကော်မတီမှာ ပါဝင်တဲ့ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် ဦးပူဂင့်ကမ်း လျန်က
တော့ ဒီလိုနုတ်ထွက်တာတွေကြောင့်ဖွဲ့စည်းပုံပြင်ဆင်ရေးအပေါ် သက်ရောက်မှုမရှိ နိုင်ဘူးလို့ ရှုမြင်ပါတယ်။
“ အခုဒီမိုကရက်တစ်အင်အားစုက ပြင်ချင်တာအများကြီး။ NLD အပါအဝင်ပေါ့နော်။ ပြင်ဖို့ဆန္ဒရှိတာကို တပ်နဲ့ USDP ပြင်ချင်တာကလည်း ပြင်ပုံပြင်နည်းမတူတာဘဲရှိ တယ်။ ဆိုတော့သူတို့ထွက်သွားတာလဲ လွှတ်တော်တွင်းမဲခွဲဆုံးဖြတ်တာလဲသူတို့သ ဘောပေါ့။ မထိခိုက်နိုင်ဘူးထင်တယ်။ ချက်ချင်းတော့ ဝုန်းတိုင်းဆိုပြီး ထလုပ်ချက်ချင်းပြီးမှာတော့မဟုတ်ဘူး။ ကျနော်တု့ိထင်တာလေ ၁ လ ၂ လဆိုရင်ပြီးသွားမှာပဲ အခန်း ၁၂ အထိလေ ။ ဘာဖြစ်လို့လဲဆိုတော့ တချို့ပါတီတွေ တင်ပြလာတာ တူတဲ့အချက်တွေရှိတာကို ။ အဲဒါပေါင်းချုံ့လိုက်ရင် ဘာမှ မရှိတော့ဘူးလေ။ ကျနော်တို့အဖွဲ့အနေနဲ့ကတော့ ကျနော်တို့ ယုံကြည်ခံယူချက်ကိုတော့ တင်ပြတဲ့ မှတ်တမ်းတခုဖြစ်လာမယ်။ တချိန်ချိန်မှာတော့ ပေါ်လာမယ်လို့ ကျနော်မျှော်လင့်ပါတယ်။”
သြဂုတ် ၂၉ ရက်က ပြုလုပ်တဲ့ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးကနေ အစု အဖွဲ့အလိုက် တင်သွင်းထားသည့် အကြံပြုချက် ၃,၇၀၀ ကျော်နဲ့ အခြေခံဥပဒေ ပြင် ဆင်သည့် ဥပဒေကြမ်းတစ်ရပ် ပြုစုဖို့ လုပ်ဆောင်နေ တာပါ။ လက်ရှိမှာတော့ အခြေခံဥပဒေအခန်း(၁)ပါ အချက် ၆ ချက် နဲ့ပတ်သတ် ပြီး ဆွေးနွေးမှုတွေစတင်လုပ်နေပြီလို့ ဆိုပါတယ်။
အချိုးကျ တွက်ချက်ပါဝင် ခွင့်အရ အခြေခံဥပဒေပြင်ဆင် ရေး ၄၅ ဦး ပူးပေါင်း ကော်မတီ တွင် ဒီချုပ်ပါတီဝင် ၁၈ဦး၊ တပ်မတော်သားရှစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီ၊ ရခိုင်အမျိုးသားပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် နှစ်ဦးစီ၊ ကျန်ပါတီများနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် တစ်ဦးစီပါဝင်ပါတယ်။
လက်ရှိတွင် တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များက ကော် မတီတွင်း ဆုံးဖြတ် ချက်များ၌ မဲ ပေးခြင်းမရှိပါဘူး။ နုတ်ထွက်မှုအပေါ် ကော်မတီဝင် NLD ပါတီဘက်ကို ဆက်သွယ်တာမှာ ဘာမှတ်ချက်မှမပေးပါဘူး။ နုတ်ထွက်စာ တင်ပြခြင်းမှုကို ကော်မတီအစည်း အဝေးအတွင်း ဆွေးနွေးဆုံးဖြတ် မှု တစ်စုံတစ်ရာမရှိဘဲ ပြည် ထောင်စုလွှတ်တော် နာယကထံ ဆက်လက်တင်ပြမယ်လို့ ကော်မ တီ တာဝန်ရှိသူများက ဆိုပါတယ်။
Your browser doesn’t support HTML5