ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေချိန်မှာပဲ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာလည်း စစ်တပ်နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ မြောက်စည်းစခန်းရဲစခန်းကို ဒေသခံ ကွယ်ရေးတပ်ဖက်က သိမ်းခဲ့တယ်လို့ ပြောပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ ၂ ရက်လုံး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။ သတင်းပေးပို့ချက်ကို အခြေခံပြီး အလိမ္မာကတင်ပြပေးပါမယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကနေ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်လမ်းအထိ လမ်းကြောင်း ပေါက်တဲ့ မြောက်စည်းကျေးရွာမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ နိုဝင်ဘာလ ၃ ရက်၊ သောကြာနေ့ထဲက မြောက်စည်းရဲစခန်းမှာ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ကြား အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ဘက်က လေယာဉ်တွေနဲ့လည်း တိုက်ခိုက်ခဲ့တယ် လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ဒေသခံတယောက်က VOA ကိုပြောပါတယ်။
“မနေ့ကစပြီး တိုက်ပွဲဖြစ်တယ်။ ဖြစ်ပြီးတော့ သူတို့ရပ်သွားတယ်၊ ရပ်ထားပြီး ညနေပေါ့၊ ညနေဖြစ်ပြီး တယ်ပေါ့နော်။ နောက်တော့ ည ၉ နာရီ ၇ မိနစ်မှာ လေယာဉ်နဲ့ လာကြဲတယ်ပေါ့။ ဒီမနက် ၅ ခွဲကျော် ကျော်လောက်ပဲ။ မှန်းရမှာပေါ့၊ တိုက်ပွဲပြန်ဖြစ် ပြန်ဖြစ်ပြီးတော့ (ဒီနေ့မနက်) ၉ နာရီ ၅၇ မိနစ်လောက် မှာတော့လေယာဉ် သုံးစီးနဲ့ ပြန်လာပြီး ၂ စီးနဲ့ လာကြဲသွားတယ်။ မြောက်စည်းရဲစခန်းမှာပဲ ဖြစ်တာ၊ တိုက် ပွဲက ပြင်းထန်တယ်လို့ ပြောမယ် လေယာဉ်တွေလည်း လာတယ်ပေါ့လေ၊ အပြန်အလှန် ပစ်ခတ်မှု တွေရော၊ ဗြောင်းဆန်တယ်ပေါ့။"
ဒီနေ့ စနေနေ့ မနက် ၁၀ နာရီလောက်မှာတော့ မြောက်စည်းစခန်းရဲစခန်းကို ဒေသခံကွယ်ရေးတပ်ဖက်က သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။
“စခန်းတော့ သိမ်းနိုင်သွားပါပြီး။ ဒီ ၉ နာရီ ၁၀ နာရီဝန်းကျင်လောက်က သိမ်းနိုင်ပါတယ်။ စခန်းသိမ်းနိုင် တယ်ဆိုတော့ သူတို့က အသေအပျောက်တော့ ရှိမှာပဲ။”
ခုလိုတိုက်ပွဲတွေ ဖြစ်ပွားတဲ့နေရာကို စစ်တပ်ဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကိုစစ်ဘေး ရှောင် ကူညီနေသူတယောက်ကလည်း ခုလို ပြောပါတယ်။
“မနေ့ကတော့ ဂျက်ဖိုက်တာနဲ့က ၂ကြိမ်လာတယ်၊ နောက် MI-25 နဲ့ ၁ကြိမ်ပစ်တယ်ပေါ့။ ဒီနေ့မနက် လည်း ဂျက်ဖိုက်တာက ၄ ကြိမ်လောက် ဝဲပြီးပစ်သွားတယ်။ မနေ့ညက ၃ နာရီလောက်ကလည်း ဗုံးတစ်လုံးလာချတယ်။”
မြောက်စည်းစခန်းသိမ်းတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်တိုင်တိုင်း အစိုးရအဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့သလို စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာလည်း မရှိသေးပါဘူး။
အခုလို တိုက်ပွဲတွေ ပြင်းထန်နေပေမဲ့ ဒေသခံတွေဟာ အရင်လို ရွာလုံးကျွတ် ဘေးလွတ်ရာကို မပြေး ကြတော့ဘဲ ကိုယ့်နေအိမ်မှာ ပုန်းခိုနေကြပါတယ်။ တိုက်ပွဲအနီးတဝိုက်က နေအိမ်တွေလောက်ပဲ ဘေးလွတ်ရာ ပြေးကြတယ်လို့ စစ်ဘေးရှောင်ကူညီသူက ပြောပါတယ်။
“ဖြစ်သွားတာလည်း ရုတ်တရက်ဆိုတော့ ဘယ်လိုပြောမလဲ အပြင်လည်း သိပ်ထွက်ချိန်ရတော့မှာမဟုတ် ဘူး၊ ပြီးတော့ အပြင်နဲ့တော့ သိပ်မပတ်သက်ပါဘူး၊ ဖြစ်တာလည်း အပြင်ကနေ စခန်းကိုလာတိုက်တာ ဆိုတော့လေ၊ ကျည်လေ ကျည်လွင့်တွေလည်း သိပ်ပြီးတော့ ပြန့်တဲ့ သဘောမရှိဘူး ထင်တယ်၊ အဲ့ဒါမျိုးကြောင့်၊ လေယာဉ်နဲ့ ဘာနဲ့ လာပစ်တာတော့ ရှိတယ်။ ဒါပေမယ့် အဲဒီပစ်တဲ့ အချိန်ကလည်း (တချို့)နယ်ခံတွေက အပြင်ထွက်တဲ့လူက ထွက်ပြီးသားအချိန်ဖြစ်တာပါ။”
ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ တချိန်တည်းမှာပဲ စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းမှလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေဖက်က တိုက်ပွဲတွေ အရှိန်မြှင့်နိုင်ဖို့ ကြိုးစားနေပါတယ်။
ကလေးမြို့နယ်တောင်ပိုင်း၊ မြောက်ပိုင်း နေရာအတော်များများမှာ သောကြာနေ့က တိုက်ပွဲတွေပြင်းထန် ခဲ့ပါတယ်။ ကလေးမြို့နယ်မြောက်ပိုင်းက ခမ်းပတ်စခန်းနဲ့ ရာဇဂြိုဟ်စခန်းတို့ကိုလည်း သိမ်းပိုက်နိုင်တယ် လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ဗွီအိုအေကိုပြောပါတယ်။ အလာတူး မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မင်းရွာရဲကင်းစခန်းကို ABSDF နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ABSDF Column 3 ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ဗွီအိုအေကို ပြောပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ တချိန်တည်းမှာ အဲဒီဒေသဘက် စစ်တပ်တွေ မပို့နိုင်အောင် ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်တယ်လို့ ပြောကြပါတယ်။
Your browser doesn’t support HTML5